Healthy Life Ad
Health Tips

ယခုရက်ပိုင်းအတွင်း ညအိပ်မပျော်ကြသူများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အခုရက်ပိုင်း ညအိပ်မပျော်ကြသူတွေ အမြောက်အများပင်။ ထိုအထဲမှာ နှင်းနုသွေးလည်း အပါအဝင်။ တစ်ခါတစ်ရံ ရင်တုန်ပြီး အလိုလို ပူပင်နေသည်။ တစ်ခါတစ်ခါ ကြောက်စိတ်တွေ လျှံတက်လာတတ်သည်။ ချွေးများပင်ပြန်လို့ ခုတင်ပေါ်ကထပြီး အဝတ်အစားလဲရတဲ့ညတွေတောင် ရှိဖူးသည်။ ဦးတင့်ထူးကတော့တစ်မျိုး။ အရင်ကဖြစ်ဖူးသော အစာအိမ်ဝေဒနာ ပြန်ပေါ်ပြီး အိပ်မရ။ ဗိုက်ဟိုနားကနာသလိုလို၊ ဒီနားကနာသလိုလို . .သတင်းတွေ ဖတ်မိရင် ပိုဆိုးသည်။ လူနာအသစ်တွေ့ပြန်ပြီဆိုတဲ့ သတင်းတွေ့တာနဲ့ သက်ပြင်းမောကြီး ချချပြီး အစာအိမ်ဆေး ထသောက်ရတတ်သည်။

အခုတလော နေ့နေ့ညည ကိုမောင်မောင်ရဲ့ အတွေးထဲတစ်ခုတည်း။ အလုပ်တွေက နားထားရမှာလား၊ ပြန်စသင့်ပြီလား။ အလုပ်ထဲက ဝန်ထမ်းတွေကို ဘယ်လိုလုပ်ခလစာပေးရပါ့မလဲ၊ မပေးပြန်ရင်လည်း သူတို့အဆင်မှပြေပါ့မလား . .ဒီအတွေးက ကိုမောင်မောင်ရဲ့ အိပ်ချိန်တွေကို တစစီ ဖဲ့ယူသွားသည်။ ဒီအတိုင်းသာ ၃-၄ လ ဖြစ်လာလျှင် ဘယ်လိုလုပ်ရပါ့။ နှင်းနုသွေး၊ ဦးတင့်ထူးနဲ့ ကိုမောင်မောင်တို့လို အတွေးကိုယ်စီနဲ့ အိပ်မပျော်နိုင်ကြသူတွေ ဒီရက်ပိုင်း အလွန်များပြားလှသည်။ ထိုအကြောင်းကို ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးခန်းထိုင်သည့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို ပြောပြသည်။

“အခုတလော ညညအိပ်မပျော်တာတွေ၊ အစားအသောက်ပျက်ပြီး ညနေဘက်ဆိုရင် နေလို့မကောင်းတာတွေ လာပြတာများတယ်။ အခုချိန်မှာ လာပြတဲ့သူတွေက စိတ်ပူပန်သောကနဲ့ ဆက်စပ်ပြီး ရောဂါဖြစ်သူတွေ များကြတယ်။ မိန်းကလေးတစ်ယောက်ဆိုရင် တစ်နေကုန်အကောင်း၊ ညနေဘက်ဆိုရင် အစာမစားနိုင်ဘဲ ပျို့သလို အန်ချင်သလို ဖြစ်တယ်။ အစာအိမ်က ဖြစ်တာလား၊ ကျန်တဲ့နေရာက ဖြစ်တာလား စစ်ဆေးတာ။ ရာဇဝင်စုံစမ်းလိုက်တော့ စိတ်ပူတာနဲ့ ဆက်စပ်ပြီး ဖြစ်နေတာ။ မိုးလင်းအိပ်ရာနိုးတော့ ခေါင်းထဲမှာ ရှင်းနေတဲ့အချိန် နေကောင်းတယ်။ ဖုန်းကြည့်၊ သတင်းကြည့်၊ ဟိုကြည့်၊ ဒီကြည့်နဲ့ ညနေကျတော့ နေလို့မကောင်းတော့ဘူး။ နောက်တစ်ခုက စိတ်ဖိစီးမှုကြောင့် အစာအိမ်ပြဿနာ ဖြစ်သူတွေလည်း လာပြတာများကြတယ်” ဟုတ်ပါသည်။ ယခုအချိန်သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ရောဂါကြောင့် ပုံမှန်သမားရိုးကျ လည်ပတ်နေသော လှုပ်ရှားမှုများ ကမောက်ကမဖြစ်သွားပြီး မြန်မာနိုင်ငံတွင် ဧပြီလ ၂၁ ရက်နေ့ ည၈နာရီအထိ အတည်ပြုလူနာ (၁၂၁) ဦးရှိခဲ့ပြီးဖြစ်သည်။

“ကျွန်မကတော့ COVID-19 ဆိုတဲ့ စာလုံးကိုတောင် မမြင်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့လည်း Case တွေက ဘယ်လိုကူးသလဲ၊ ဘယ်လို ပြန့်တာလဲဆိုတာ ဖေ့စ်ဘွတ်ခ်ကနေ လိုက်လိုက်ဖတ်နေမိတယ်။ ဖတ်မိပြီးရင် ရင်တုန်ပြီးကျန်ခဲ့တယ်”ဟု မနှင်းနုသွေးက သူ့အတွေ့အကြုံကို ပြောပြထားသည်။ “ဘယ်လိုပဲဖြစ်ဖြစ် အိပ်မပျော်ဘူးဆိုတာကတော့ ရေရှည်မှာ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ အိပ်မပျော်တဲ့သူ အများစုမှာတော့ အိပ်မပျော်ရတဲ့ အကြောင်းရင်းတွေ ရှိတတ်ပါတယ်။ စိတ်ပူစရာ၊ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ ရှိတတ်သလို အတွေးများတာမျိုးလည်း ရှိပါတယ်။ စိတ်သောကကြောင့် ညဘက်အိပ်မပျော်မှာစိုးရင် ညဘက်ဖုန်းပိတ်ထားဖို့ အကြံပေးချင်ပါတယ်။ အခန်းအပူချိန်၊ ဆူညံသံ၊ ရာသီဥတု စတဲ့ ပြင်ပပတ်ဝန်းကျင်တွေကြောင့် အိပ်မပျော်တာ ဖြစ်တတ်သလို အိပ်ချိန်နာရီပျက်သွားရင်လည်း အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ည ၁၂နာရီ-၁ နာရီလောက်အထိ ဖုန်းသုံးတယ်၊ အင်တာနက်သုံးတယ်၊ ကွန်ပျူတာသုံးတယ်၊ တီဗီကြည့်တယ် . . စသဖြင့် အဲဒီအချိန်လောက်အထိ မအိပ်ဘဲနေတယ်ဆိုရင် အိပ်ချိန်နာရီ ပျက်သွားပါတယ်။ လူနာတချို့က အိပ်ဆေးတောင်းပေမယ့် ရေရှည်မှာ အိပ်ဆေးက စွဲသွားနိုင်တာကြောင့် ကိုယ်ရဲ့ပူပင်မှု၊ အတွေးများတာတွေကို လျှော့ချသင့်ပါတယ်”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

အခုအချိန်မှာ ရှေ့ရေးအတွက် ပူပင်စိတ်များနေသူများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပစ္စုပ္ပာန်ကျကျ တစ်ရက်ချင်း တစ်ရက်ချင်း ဖြတ်ကျော်သွားသည့်နည်းဖြင့် နေထိုင်ကြရန် ပြည်သူများနှင့် တွေ့ဆုံခြင်းစကားဝိုင်းတွင် မကြာခဏ ထည့်ပြောလေ့ရှိသည်။ “ဥပမာတစ်ခုနဲ့ပြောရရင် လက်ထဲမီးခဲကိုင်မိရင် ဘာလုပ်မလဲ . . လွှတ်ချရမှာပါ့။ ဒီလိုပူပင်မှုတွေ၊ စိုးရိမ်သောကတွေကို လွှတ်မချဘဲ ဆုပ်ကိုင်ထားမယ်၊ ညဘက်အိပ်ပျော်အောင် ဆေးကိုပဲ အားကိုးမယ်ဆိုရင် သိပ်အကျိုးမရှိပါဘူး။ ပူတာကို ပူမှန်းသိဖို့လိုတယ်၊ ပူတဲ့အကြောင်းအရာက ကိုယ်ပြုပြင်လို့ရမလား ဒါမှမဟုတ် ပြောင်းလဲလို့ရမလား ဒါမှမဟုတ် ဒီဟာနဲ့ အလိုက်သင့်နေရမလားဆိုတဲ့ ပြဿနာကို ချည်းကပ်ပုံ ချည်းကပ်နည်းနဲ့ လေ့ကျင့်လိုက်မယ်ဆိုရင် ပူပင်စိတ်လျော့ပြီး ညညအိပ်ပျော်သွားမှာပါ။ အဓိကပြဿနာကတော့ လက်ထဲကကိုင်ထားတဲ့ မီးခဲကို ပူတာကို ပူမှန်းသိပြီး လွှတ်ချဖို့ လိုတယ်ဆိုတဲ့ ယုံကြည်ချက်ရယ်၊ လွှတ်ချဖြစ်အောင် အားထုတ်မှုရယ်၊ ပူတဲ့အရှိန်သက်သာအောင် ပြုမူနေတတ်ဖို့ရယ် အမြဲသတိပြု လေ့ကျင့်ဖို့လိုပါတယ်” ဟု စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးတစ်ဦးက အကြံပေးထားသည်။

ယခုရက်ပိုင်းအတွင်း COVID-19 ကပ်ရောဂါကြောင့် ပူပင်စိတ်၊ စိုးရိမ်သောကများသူတို့သည် ရောဂါအကြောင်း၊ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ကာကွယ်ရေးနည်းလမ်းများ စသည်တို့ကို သိရှိလိုက်နာခြင်းဖြင့် အစိုးရိမ်လွန်မှုကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။ “အလုပ်လုပ်တဲ့သူက အပြင်သွား၊ အိမ်မှာနေတဲ့သူတွေက အိမ်မှာနေ . .အရင်တုန်းကလည်း ဒီအတိုင်းပဲ၊ အခုလည်း ဘာထူးလို့လဲဆိုပြီး ပြောနေကြတယ်။ တကယ်က ထူးပါတယ်။ အိမ်တစ်အိမ်မှာ အရင်က ယောကျာ်းအလုပ်သွားတယ်၊ မိန်းမနဲ့ကလေးက အိမ်မှာနေတယ်ဆိုရင် မိန်းမက အရင်နေ့တိုင်းဈေးသွားရင် အခု တစ်ပတ်မှ တစ်ခါသွားပါ၊ ပြီးရင် ခေါင်းသွားလျှော်တာ၊ မုန့်ဟင်းခါးသွားစားတာ၊ အမျိုးအိမ်သွားတာ၊ ဧည့်သည်လက်ခံတာတို့ မလုပ်သင့်တော့ဘူး။ ဒါက ထူးတာပါပဲ။ ဒါကို နားလည်ရမယ်။ အိမ်မှာနေသူကလည်း အပိုအလုပ်တွေ မလုပ်နဲ့၊ Contact ကိုရှောင်။ အပြင်သွားတဲ့သူတွေကလည်း Mask (နှာခေါင်းစည်း) တပ်သွား၊ လမ်းမှာတွေ့သမျှလူတွေနဲ့ ခပ်ခွာခွာနေ။ ပြီးရင် လက်ကိုမကြာခဏဆေး၊ လက်နဲ့မျက်နှာကို မထိနဲ့။ အိမ်ပြန်ရောက်ရင် ရေချိုး၊ အဝတ်အစားတွေကို ဆပ်ပြာမှုန့်နဲ့ မိနစ် ၃၀ စိမ်ပြီး လျှော်ရမယ်။ ဒီကာလက ဘယ်လောက်ကြာမယ်၊ မကြာဘူးဆိုတာ မခန့်မှန်းနိုင်သရွေ့တော့ ဒီလိုမျိုး တစ်ဦးချင်းက တစ်မိသားစုချင်းက လိုက်နာပြီး ကျော်ဖြတ်သွားရပါမယ်” ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုစကား လက်ဆင့်ကမ်းလိုက်ပါသည်။

“အားလုံးပဲ ကပ်ရောဂါဘေး ကင်းဝေးပြီး ညဘက်အိပ်ရေးဝဝ အိပ်မောကျကြပါစေ”

Most Popular

Healthy Life Ad
To Top