Healthy Life Ad
Health Tips

အိမ်ရှင်မတို့ အမေးများသည့် မေးခွန်း (၃)ခု

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

(၁) ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုဆေးကြောသင့်ပါသလဲ

ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို မဆေးကြောခင်မှာ အရင်ဆုံး လက်တွေကို သေချာဆေးလိုက်ပါ။ လက်နှစ်ဖက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးရပါမယ်။ ပြီးတော့ ဟင်းသီးဟင်းရွက်တွေကို ရေဇလုံတစ်ခုထဲမှာ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ရေများများနဲ့ ဆေးချလိုက်ရပါမယ်။ ဒီနည်းလမ်းနဲ့ ဆေးကြောသန့်စင်လိုက်ရင် ပိုးသတ်ဆေးတွေလည်း ပါသွားပါတယ်။ ဆားနေရာမှာ ရှလကာရည်ကိုသုံးပြီး စိမ်ထားရင်လည်း ရပါတယ်။

(၂) သစ်သီးဝလံတွေကို ဘယ်လိုဆေးကြောပြီး ဘယ်လိုစားသင့်ပါသလဲ

ဈေးကဝယ်လာတဲ့ သစ်သီးတွေကိုလည်း ဒီလိုပါပဲ။ မဆေးကြောခင်မှာ အရင်ဆုံး လက်တွေကို သေချာဆေးလိုက်ပါ။ လက်နှစ်ဖက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးရပါမယ်။ ပြီးတော့ သစ်သီးတွေကို ရေဇလုံတစ်ခုထဲမှာ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ရေများများနဲ့ပွတ်ပြီး ဆေးလိုက်ရပါမယ်။ ပန်းသီး၊ ပန်းသစ်တော်တို့လို အသီးတွေဆိုရင် အခွံနွှာပြီးမှ စားပါ။ စပျစ်သီးလိုမျိုး အသီးတွေကျတော့ ဆားနဲ့ရေစိမ်ပြီး ရေများများနဲ့ သေချာပွတ်သပ်ဆေးလိုက်ပါ၊ ပြီးမှ အေးအေးလေး စားချင်ရင် ရေခဲသေတ္တာထဲ ထည့်ပြီး စားလို့ရပါတယ်။

(၃) Deliveryနဲ့မှာတဲ့ အစားအသောက်တွေမှာ ပိုးကပ်ငြိနိုင်ပါသလား။ အန္တရာယ်ကင်းအောင် ဘယ်လိုစားသောက်သင့်ပါသလဲ

ချက်ပြုတ်ပြီးသား အစားအသောက်ကတော့ ၁၀ဝ ဒီဂရီစင်တီဂရိတ်နဲ့ အပူပေးထားတယ်ဆိုရင် ဗိုင်းရပ်စ်က အကုန်သေသွားတယ်လို့ သိရပါတယ်။ တစ်ခုရှိတာကအစားအသောက်တွေကို ပို့တဲ့သူက ဘူးနဲ့သယ်လာတယ်ဆိုရင် သူကလက်အိတ်နဲ့ ကိုင်တာကောင်းတယ်။ ပြီးတော့ ကိုယ်က ပြန်ယူတဲ့အခါမှာလည်း ဘူးကို လက်အိတ်နဲ့ ကိုင်သင့်ပါတယ်။ ပြီးရင် ဘူးထဲက အစားအသောက်တွေကို ကိုယ့်အိမ်က ပန်းကန်ထဲထည့်ပြီး ဘူးကော လက်အိတ်ကိုပါ အမှိုက်အိတ်ထဲ သေချာပစ်လိုက်ပါ။ အစားအသောက်ကကောင်းကောင်းအပူပေး ချက်ထားတယ်ဆိုရင် စိတ်ချရပါတယ်။ အဓိက အပြင်က ဘူးတွေမှာပဲ ကပ်ပါလာမှာကြောက်ရတာလေ။ လက်အိတ်မရှိရင်လည်း ဘူးကို ကိုင်ပြီးချိန်မှာ ဘူးထဲက အစားအသောက်တွေကို ပန်းကန်တစ်ခုထဲထည့်ပြီး ဘူးကို အမှိုက်ပုံးထဲ ပစ်ရပါမယ်၊ ပြီးရင် လက်ကို သေချာပြန်ဆေးရပါမယ်။

Most Popular

Healthy Life Ad
To Top