Healthy Life Ad
Health Tips

ဆယ်ကျော်သက်တို့ သိလိုသည့် ကျန်းမာရေးအမေးအဖြေများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

• ရာသီစက်ဝန်းဆိုတာ ဘာကိုဆိုလိုပါသလဲ။

• ရာသီစက်ဝန်းဆိုတာ အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံးချိန်အထိ တစ်လတစ်ကြိမ် ပုံမှန်ရာသီသွေးဆင်းတာကို ခေါ်ပါတယ်။ သွေးဆုံးချိန်ဖြစ်တဲ့ ပျမ်းမျှအားဖြင့် အသက် ၅၀ အရွယ်ဝန်းကျင်မှာ ရာသီသွေးလာခြင်း မရှိတော့ပါဘူး။

• အမျိုးသမီးတွေမှာ ဘာကြောင့် ရာသီစက်ဝန်းရှိရတာလဲ။

• ရာသီစက်ဝန်းဟာ အမျိုးသမီးတစ်ယောက်ရဲ ့ ခန္ဓာကိုယ်ကို ကိုယ်ဝန်ဆောင်နိုင်အောင် လတိုင်း ပြင်ဆင်ပေးနေတဲ့ သဘောမျိုးပဲဖြစ်ပါတယ်။

• အမျိုးသမီးတိုင်းမှာ သူရဲ ့မမျိုးဥအိမ်မှာ မမျိုးဥပေါင်း ထောင်ပေါင်းများစွာ ရှိနေပါတယ်။ တစ်လမှာတစ်ကြိမ်ဆိုသလို မမျိုးဥတစ်လုံးဟာ ရင့်ကျက်လာပြီး သားဥပြွန်တွေ(Fallopian Tubes)ထဲ ရောက်ရှိသွားပါတယ်။ သားဥပြွန်တွေဟာ မမျိုးဥကို သုက်ကောင်တွေ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သားအိမ်ထဲပို့ပေးပါတယ်။ အဲဒီအချိန်မှာ သုက်ကောင်နဲ့ မမျိုးဥတွေ့ပါက မျိုးအောင်ပြီး သန္ဓေသားလောင်းလေး ဖြစ်လာပါတယ်။ ဒီလိုနည်းနဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်တာပါ။

• မမျိုးဥက သုက်ကောင်နဲ့ မတွေ့လို့ပဲဖြစ်ဖြစ်၊ မျိုးမအောင်လို့ပဲဖြစ်ဖြစ် မမျိုးဥအတွက် ပြင်ဆင်ထားတဲ့ သားအိမ်နံရံတွေက ကြွေကျကာ သွေးတွေဆင်းလာတာကို ရာသီသွေးဆင်းတယ်လို့ ခေါ်ပါတယ်။

• အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်မဆောင်မချင်း ဒီရာသီစက်ဝန်းဟာ လစဉ်လတိုင်း ထပ်ခါထပ်ခါ လည်နေတတ်ပါတယ်။

• ရာသီစက်ဝန်းကို ဘယ်အရာတွေက ထိန်းချုပ်ထားပါသလဲ။

• ဟော်မုန်းတွေက ရာသီစက်ဝန်းကို ထိန်းချုပ်ထားပါတယ်။ ရာသီစက်ဝန်းဟာ အဆင့်လေးဆင့် ရှိပါတယ်။

(၁) ရာသီသွေးဆင်းသောအဆင့် – ဟော်မုန်းတွေ အားလုံးဟာ အနိမ့်ဆုံးအဆင့်မှာရှိနေကြပြီး အကျိုးဆက်အနေနဲ့ သားအိမ်ဟာ နံရံကွာကျကာ ရာသီသွေးဆင်းပါတယ်။

(၂) မမျိုးဥ မကြွေခင်အဆင့် – မမျိုးဥအိမ်ဟာ အီစထရိုဂျင်ဟော်မုန်းတွေကို စတင်ထုတ်ပေးပြီး မမျိုးဥကြွေဖို့ ပြင်ဆင်ပေးတဲ့ သားအိမ်နံရံတွေကို တည်ဆောက်ပေးတဲ့ ဟော်မုန်းပါ။

(၃) မျိုးဥကြွေသောအဆင့် – ရာသီစတင်လာပြီး အကြမ်းဖျဉ်းအားဖြင့် ၁၄ ရက်လောက်အကွာမှာ အီစထရိုဂျင်ဟော်မုန်းအဆင့်ဟာ မြင့်မားတဲ့အဆင့်ရောက်လာပြီး ဦးနှောက်ကနေ LH ဟော်မုန်း အများအပြားထွက်ရှိကာ မမျိုးဥအိမ်ကနေ မျိုးဥတစ်လုံးထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။

(၄) မမျိုးဥကြွေပြီးအဆင့် – မမျိုးဥကြွေပြီးချိန်မှာ မမျိုးဥအိမ်ဟာ ပရိုဂျက်စတင် ဟော်မုန်းထုတ်ပေးပါတယ်။ ပရိုဂျက်စတင်ဟော်မုန်းဟာ မျိုးအောင်တဲ့ မမျိုးဥတည်နေနိုင်အောင် သားအိမ်နံရံကို တည်ဆောက်ပေးပါတယ်။ မမျိုးဥဟာ မျိုးမအောင်ခဲ့ရင် သားအိမ်ဟာ သူ့နံရံတွေဆုံးရှုံးပြီး မျိုးဥကြွေပြီး ၁၄ ရက်အကြာမှာ ရာသီသွေး စတင်ဆင်းပါတော့တယ်။

• အသက် ၁၄ နှစ်အရွယ်အထိ ရာသီမလာသေးရင် ဘာဖြစ်နိုင်ပါသလဲ။

• တချို့မိန်းကလေးတွေဟာ အသက် ၁၆ နှစ်အရွယ်အထိ ရာသီမလာသေးတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေမှာ ဓမ္မတာရာသီလာတဲ့ အသက်အရွယ်ဟာ မိသားစုမျိုးရိုးလိုက်တတ်တာကြောင့် မိခင်၊ အဘွား၊ အဒေါ်၊ အစ်မတို့အား သူတို့ရာသီစလာတဲ့ အသက်အရွယ်ကို မေးမြန်ထားသင့်ပါတယ်။ သင့်အနေနဲ့ အသက် ၁၆ နှစ် ကျော်နေပြီး အခုအထိ ရာသီမလာသေးပေမယ့် လုံးဝကျန်းမာနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်နေပါပြီ။ ဓမ္မတာရာသီကို ကြန့်ကြာစေတဲ့ အကြောင်းရင်းတချို့ကတော့ ကိုယ်အလေးချိန်နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်း၊ လေ့ကျင့်ခန်းလုပ်တာများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဖျားနာခြင်းနဲ့ ကိုယ်ဝန်ရှိခြင်းတို့ပဲ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top