Healthy Life Ad
Q & A

သင့်အရေပြားတွင် ဆေးမင်ကြောင် သို့မဟုတ် တက်တူထိုးတော့မည်ဆိုလျှင်

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. ဆေးမင်ကြောင်မထိုးခင် ဘာတွေကို ထည့်သွင်းစဉ်းစားပြီး သတိထားဖို့ လိုအပ်ပါသလဲ ဆရာမ။

A. ဆေးမင်ကြောင် ဒါမှမဟုတ် တက်တူထိုးတော့မယ်ဆိုရင် အရင်ဆုံး တွေးသင့်တာက ဆေးမင်ကြောင်က တစ်ခါထိုးပြီးတာနဲ့ (မဖျက်မချင်း) ရာသက်ပန် အမြဲ အသက်သေဆုံးတဲ့တိုင် ခန္ဓာကိုယ်ပေါ်မှာ ရှိနေတော့မှာဆိုတာ အမြဲတွေးထားရပါမယ်။

တက်တူထိုးရာမှာ သတိထားရမှာတွေက-

• သန့်ရှင်းရေးပဲ ဖြစ်ပါတယ်။ အပ်၊ မင်အိုး၊ ထိုးတဲ့သူရဲ့လက်အိတ်၊ သုံးတဲပစ္စည်း စတာတွေ သန့်ရှင်းဖို့ အရေးကြီးပါတယ်။ ဆေးမင်ကြောင်ထိုးပြီးတဲ့ နေရာကို အနာမကျက်ခင် ဖုံးအုပ်ထားရပါမယ်။ လိုအပ်ရင် ပိုးသေဆေးစားဆေး၊ လိမ်းဆေးသုံးရပါမယ်။ အနာမကျက်ခင် အနာဖေးကို ဆွဲမခွာရပါဘူး။

• မှှဲ့ရှိတဲ့နေရာ၊ မွေးရာပါအမှတ်ရှိတဲ့ နေရာတွေမှာ တက်တူထိုးရင် အရေပြားကို စစ်ဆေးရခက်လို့ မထိုးသင့်ပါဘူး။ အရိုးပေါ်အရေတင်ဖြစ်နေတဲ့ နေရာတွေမှာလည်း အနာကျက်ခဲလို့ တက်တူမထိုးသင့်ပါဘူး။ မျက်လုံးတစ်ဝိုက် အရေပြားက ပါးလွန်းတော့ တက်တူထိုးရင် ဂရုစိုက်ရပါမယ်။

• တက်တူထိုးပြီး ပြန်ဖျက်ချင်တယ်ဆိုရင် တကယ်တော့ ဘယ်တက်တူပဲဖြစ်ဖြစ် အနာရွတ်မကျန်အောင် ဖျက်ဖို့ ခက်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ဆေးမင်ကြောင်က ပိုဖယ်ရခက်တတ်ပါတယ်။

“တက်တူထိုးပြီးရင် ဆပ်ပြာကြမ်းကြမ်း ပွတ်တိုက်တာမျိုး မလုပ်ရပါဘူး၊ ရေပန်းပြင်းပြင်းနဲ့ ရေချိုးတာတောင် မဖြစ်စေရဘူး။ အဝတ်အစားကျပ်ကျပ် မဝတ်ရဘူး။ ကုတ်တာ၊ ဖဲ့တာမလုပ်ရပါဘူး။ တက်တူထိုးထားတဲ့ နေရာကို လက်နဲ့မကိုင်ရဘူး၊ မပွတ်ရဘူး” . . .

• ဆေးမင်ကြောင်ဟောင်းတွေက ဖျက်ဖို့ ပိုခက်ပါတယ်။ ခြေထောက်က တက်တူဆိုရင်လည်း ဖျက်ဖို့ ပိုခက်ပါတယ်။

• နှုတ်ခမ်း၊ မျက်ခွံ၊ မျက်ခုံးတွေမှာ စုတ်ထိုးခြယ်သ အလှပြင်ထားရင် ဆေးမင်မှာ Metallic Base ပါတတ်ပါတယ်။ လေဆာနဲ့ ဖယ်မရပါဘူး။

• အသားရောင်ရင့်သူတွေက တက်တူဖယ်ရ ပိုခက်ပါတယ်။

• တက်တူကို တစ်ခါထိုးပြီးတဲ့အခါ ပုံစံပြောင်းချင်ရင် ပြောင်းလို့မရတော့ပါဘူး။

• တက်တူက တစ်ခါတလေ ထိုးတာကြာလာရင် မှိန်သွားတတ်ပါတယ်။ ထိုးထားတဲ့ပုံစံ မှိန်သွားပြီး မပီသဘဲ ဖြစ်သွားတတ်ပါတယ်။

Q. ဆေးမင်ကြောင်ထိုးချိန်မှာကော ဘာတွေကို လိုက်နာသင့်ပါသလဲ ဆရာမ။

A. ဒီတော့ ဘာပဲဖြစ်ဖြစ် တက်တူကို ကြိုက်နှစ်သက်လို့ ကိုယ်ပေါ်မှာ ထိုးတော့မယ်ဆိုရင် –

• ဆုံးဖြတ်ချက် သေချာမှ ထိုးသင့်ပါတယ်။

• အရက်၊ မူးယစ်ထုံထိုင်းကာ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးတွေသောက်သုံးထားချိန်မှာ တက်တူထိုးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချသင့်ပါဘူး။

• လုံခြုံစိတ်ချရတဲ့ တက်တူထိုးတဲ့ အလေ့အထတွေ ရှိရပါမယ်။

• သီးသန့်နဲ့ပိုးကင်းစင်တဲ့ အလေ့အထတွေ ရှိရပါမယ်။

• စုတ်ထိုးမယ့်သူက အပ်အသစ်နဲ့ မင်အိုးအသစ်ကို တက်တူမထိုးမီ အချိန်လေးကျမှ တပ်ဆင်လိုက်တာကို မိမိရဲ့မျက်စိနဲ့ တပ်အပ်မြင်ဖို့ လိုပါတယ်။ လက်အိတ်အသစ်တစ်စုံသုံးတာ၊ မင်မထည့်မီ အပ်အသစ်တပ်လိုက်တာတို့ကို စစ်ဆေးရပါမယ်။

• တက်တူဆိုင်အပြင်အဆင်နဲ့ တက်တူသမားရဲ့ အသွင်အပြင်မှာ ဆေးခန်းတစ်ခုကို ရောက်နေသလို သန့်ရှင်းသပ်ရပ်မှ စိတ်ကျေနပ်သင့်ပါတယ်။

Q. ဆေးမင်ကြောင်ထိုးပြီးချိန်မှာ ဘာတွေကို လိုက်နာသင့်ပါသလဲ ဆရာမ။

A. တက်တူထိုးပြီးတဲ့အခါမှာ လိုက်နာသင့်တဲ့ အချက်တွေကတော့-

• တက်တူထိုးပြီးရင် ဆပ်ပြာကြမ်းကြမ်း ပွတ်တိုက်တာမျိုး မလုပ်ရပါဘူး၊ ရေပန်းပြင်းပြင်းနဲ့ ရေချိုးတာတောင် မဖြစ်စေရဘူး။ အဝတ်အစားကျပ်ကျပ် မဝတ်ရဘူး။ ကုတ်တာ၊ ဖဲ့တာ မလုပ်ရပါဘူး။

• တက်တူထိုးထားတဲ့ နေရာကို လက်နဲ့မကိုင်ရဘူး၊ မပွတ်ရဘူး၊ အနာဖေးကို ဆွဲမခွာရဘူး။ အနာမကျက်ခင် ရေစိမ်၊ ရေစိုတာမျိုး မပြုလုပ်သင့်ပါဘူး။ ရေကူးတာ၊ ရေနွေးပူစိမ်တာ မပြုလုပ်ရပါဘူး။ အနည်းဆုံးနှစ်ပတ် နားရပါမယ်။

• နေဒဏ်ကြောင့် တက်တူအရောင်မှိန်သွားတတ်လို့ နေပူမခံရဘူး။

• တက်တူကို စည်းထားတဲ့ ပတ်တီးထူရင် ချွေး/ရေ စိုပြီး အနာမကျက်တတ်ပါဘူး။

• တက်တူထိုးပြီးချိန်မှာ သေချာဂရုမစိုက်ရင် အနာပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ အဲဒါတွေက အရေပြားကနာလာမယ်၊ နီလာမယ်၊ ရောင်လာမယ်၊ ဖုတက်လာမယ်၊ ပြည်တည်မယ်၊ ကိုင်ကြည့်ရင် ပူလာမယ်၊ ဖျားလာမယ်။ ဒါကြောင့် ပိုးမဝင်အောင် အတတ်နိုင်ဆုံး ကာကွယ်ရပါမယ်။

Most Popular

Healthy Life Ad
To Top