Healthy Life Ad
Q & A

ကျောက်ကပ်ဆေးခြင်းအကြောင်း သိမှတ်ဖွယ်ရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. ဘာကြောင့် ကျောက်ကပ်ဆေးရတာပါလဲ ဆရာ။

A. ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာက လူ့ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။ ကျောက်ကပ်ကနေ ဆီးတွေစွန့်ထုတ်ပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်ကျန်းမာစေပါတယ်။ ကျောက်ကပ်ဟာ လူတစ်ယောက် စားသမျှသောက်သမျှ အစားအသောက်တင်မက ဆေးဝါးတွေကိုပါစစ်ထုတ်ပြီး ခန္ဓာကိုယ်ကနေ အညစ်အကြေးစွန့်သလိုမျိုး စွန့်ထုတ်ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ်က ထိခိုက်လာပြီဆိုရင် အညစ်အကြေးတွေကို ကောင်းကောင်းမစစ်ထုတ်/မစွန့်ထုတ်နိုင်တော့ဘဲနဲ့ ခန္ဓာကိုယ်ရောဂါဝေဒနာတွေကို ခံစားရစေပါတယ်။

အထူးသဖြင့် ဘယ်လိုရောဂါတွေနဲ့ ဆက်စပ်နေသလဲဆိုတော့ ဒီနေ့ခေတ်အဖြစ်များတဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတာတွေနဲ့ဆက်စပ်ပြီး ကျောက်ကပ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ဖြစ်လာပြီ၊ ဆီးချိုရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကျောက်ကပ်ထိခိုက်မှုမဖြစ်အောင် ကိုယ့်ရောဂါကို ကောင်းကောင်းထိန်းချုပ်ကုသမှု ခံယူဖို့လိုအပ်ပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေကို သေချာကုသမှုမခံယူဘဲ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ အဲဒီလိုစနစ်တကျ ကုသမှုမခံယူလိုက်ရင် နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အဲဒီလို မလုပ်နိုင်တဲ့အတွက် ကျောက်ကပ်ထိခိုက်လာပါတော့တယ်။ အဲဒီအခါ

“ကိုယ့်မိသားစုဝင်ထဲမှာ ကျောက်ကပ်ဆေးရတဲ့သူ တစ်ဦးရှိလာရင် စိတ်ပိုင်းဆိုင်ရာအားပေးပါ၊ ငွေကြေးကုန်တဲ့အတွက် တစ်မိသားစုလုံးဝိုင်းရှာပြီး လူနာအတွက် ကုပေးရတာလည်း ရှိပါတယ်။ ပြီးတော့ လူနာအတွက် စားသောက်မှုပုံစံတွေကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လည်း လိုပါတယ်” . . .

ကျောက်ကပ်ကနေ အဆိပ်အတောက်တွေကို ပုံမှန်မစစ်ထုတ်/မစွန့်ထုတ်နိုင်တဲ့အတွက် စက်နဲ့ပုံမှန် ဆေးပေးနေရပါတယ်။ အဲဒါကို ကျောက်ကပ်ဆေးတယ်လို့ ပြောတာပါ။

Q. ကျောက်ကပ်ဆေးတာက အများအားဖြင့် ဘယ်နှကြိမ်ဆေးရပါသလဲ ဆရာ။

A. ယေဘုယျအားဖြင့်တော့ ကျောက်ကပ်ကို တစ်ပတ်နှစ်ရက် ဆေးရလေ့ရှိပါတယ်။ ကျောက်ကပ်ဆေးရတယ်ဆိုတာက ပိုက်ဆံလည်း အရမ်းကုန်ပါတယ်။ ငွေကုန်လူပမ်းဖြစ်ရတဲ့ အခြေအနေပါ။ ဒါကြောင့် လူနာတွေကို ဆရာတို့က အမြဲပြောလေ့ရှိပါတယ်။ သွေးတိုး၊ ဆီးချိုရှိတာက ပြဿနာမဟုတ်ဘူး၊ နောက်ဆက်တွဲမဖြစ်အောင် ကာကွယ်ဖို့ကတော့ အရေးကြီးပါတယ်။ မကာကွယ်နိုင်ရင် ပြဿနာရှိတယ်ဆိုပြီး ပညာပေးရလေ့ ရှိပါတယ်။ သွေးတိုး၊ ဆီးချိုရှိရင် ကိုယ်ပြနေကြ မိသားစုဆရာဝန် ဒါမှမဟုတ် သက်ဆိုင်ရာသမားတော်နဲ့ မှန်မှန်ပြသပြီး ကုသမှုခံယူသင့်သလို လိုအပ်ရင် ကျောက်ကပ်အထူးကု ဆရာဝန်နဲ့လည်း ပြသရပါမယ်။ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာတွေကို လိုက်နာသင့်ပါတယ်။

Q. ကျောက်ကပ်ဆေးရတော့မယ်ဆိုရင် အစားအသောက်ကို ဘယ်လိုဂရုစိုက် ဆင်ခြင်သင့်ပါသလဲ ဆရာ။

A. ကျောက်ကပ်ဆေးရတော့မယ်ဆိုရင် အစားအသောက်ကို ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် ချိုလွန်းသော၊ ငန်လွန်းသော၊ ပိုတက်ဆီယမ်ဓာတ်များသော အစားအသောက်တွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။ ကျောက်ကပ်ဆေးခါနီးမှာ အာဟာရပြည့်ဝအောင် စားဖို့လိုပါတယ်။ ကျောက်ကပ်ဆေးနေရင်းနဲ့ သွေးပေါင်ကျတာတွေ ဖြစ်တတ်တဲ့အတွက် အဲဒီအချိန်မှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း စားဖို့၊ သောက်ဖို့ အရေးကြီးပါတယ်။

Q. ကိုယ့်မိသားစုဝင်ထဲမှာ ကျောက်ကပ်ဆေးရတဲ့သူတစ်ဦးရှိလာရင် ဘယ်လိုပြုစုစောင့်ရှောက် ပေးသင့်ပါသလဲ ဆရာ။

A. ကိုယ့်မိသားစုဝင်ထဲမှာ ကျောက်ကပ်ဆေးရတဲ့သူတစ်ဦးရှိလာရင် စိတ်ပိုင်းဆိုင်ရာအားပေးပါ၊ ငွေကြေးကုန်တဲ့အတွက် တစ်မိသားစုလုံးဝိုင်းရှာပြီး လူနာအတွက် ကုပေးရတာလည်းရှိပါတယ်။ ပြီးတော့ လူနာအတွက် စားသောက်မှုပုံစံတွေကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လည်း လိုပါတယ်။ ငန်လွန်းသော၊ ချိုလွန်းသော၊ အဆီအအိမ့်များလွန်းသော အစာတေနဲ့ ပိုတက်ဆီယမ်များတဲ့ အစာတွေကိုလည်း လျှော့ချပြီး ကျွေးဖို့လိုပါတယ်။ ကျောက်ကပ်ဆေးနေချိန်နဲ့ ဆေးပြီးချိန်မှာလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျွေးပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top