Healthy Life Ad
Health Tips

“ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် (Covid-19)က လက္ခဏာ မပေါ်ခင်မှာ ကူးတဲ့အတွက် ထိန်းချုပ်ရခက်ခဲတာပါ”

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) သုံးသပ်ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နောက်ဆုံးသတင်းတွေအရ ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် တစ်ကမ္ဘာလုံးမှာ သေဆုံးသူဦးရေ ၂၄၆၅ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၇၉၉၃၀ ယောက် ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပမှာ သေဆုံးသူဦးရေ ၂၀ ဦးရှိကြောင်း နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားမှာ ၆၀ဝ ဦးကျော် ကူးစက်ခံထားရပြီး သေဆုံးသူဦးရေ ၆ ဦးရှိတဲ့အတွက် အမြင့်ဆုံး အနီရောင်အဆင့် အရေးပေါ်ထုတ်ပြန်ထားရတဲ့ အခြေအနေဖြစ်လာသလို အီတလီ၊ အီရန်၊ ဂျပန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဟောင်ကောင်၊ စပိန်၊ ကမ္ဘောဒီးယား၊ ဘယ်လ်ဂျီယန်၊ စင်ကာပူ၊ ဆွီဒင်၊ အီဂျစ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ကနေဒါ၊ သီရိလင်္ကာ အစရှိတဲ့ နိုင်ငံတွေမှာလည်း ကူးစက်သူတွေ ရှိလာနေပြီဖြစ်တာကြောင့် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် (Covid-19)ရဲ့ သဘောသဘာဝနဲ့ အလားအလာကို အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကို မေးမြန်းဖော်ပြထားပါတယ်။ ♦ အယ်ဒီတာ

Q. ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်(Covid-19)နဲ့ ပတ်သက်ပြီး အခုနောက်ပိုင်း နိုင်ငံတကာသတင်းတချို့မှာ တရုတ်ပြည်နဲ့ အဆက်အစပ်မရှိသူတွေမှာလည်း ရှိလာတယ်၊ ပိုးရှိပြီး လက္ခဏာမပြဘဲ ကိုယ်တွင်းမှာ အောင်းနေတဲ့ကာလက ပိုများလာတာကိုတွေ့ရတယ် စသဖြင့် တွေ့လာရပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ယူဆပါသလဲ ဆရာ။

A. ပိုးရှိသူတချို့က တရုတ်ပြည်နဲ့ ဆက်စပ်မှုမရှိဘူးဆိုတာ ဆက်စပ်မှုကို မသိသေးတာ ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ တရုတ်ပြည်က ပြန်လာပေမယ့် လက္ခဏာမပေါ်ဘဲ ပိုးသယ်ဆောင်သူ ရှိနေတဲ့အတွက်ကြောင့် သူ့ဆီကနေ ကူးစက်ရရှိတာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ တစ်ယောက်ယောက်ဆီက ကူးတာသေချာပေမယ့် ဘယ်သူ့ဆီက ကူးမှန်းမသိတာ ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်က ဝူဟန်ကစတွေ့တာ ဖြစ်တဲ့အတွက် ဝူဟန်ဗိုင်းရပ်စ်ရှိသူနဲ့ ကူးစက်ခံရသူကြား ကွင်းဆက်ကိုရှာမတွေ့တာလို့ပဲ ဆရာထင်ပါတယ်။

ဒီလိုဆက်စပ်မှုကို ရှာလို့မရတဲ့အခါ ထိန်းချုပ်ဖို့ ခက်ခဲသွားတယ်ဆိုပြီး ထိုင်းနိုင်ငံက စတင်ကြေငြာလိုက်တယ်။ ပြီးတော့ စင်ကာပူကလည်း ထိန်းချုပ်ဖို့ ခက်တယ်ဆိုတာတွေ ဖြစ်လာတယ်။ ဒါက ဘာကြောင့်ဖြစ်ရသလဲဆိုတော့ မဖျားမနာဘဲနဲ့ ပိုးရှိတဲ့သူတွေက လူတွေကြားထဲ လျှောက်သွားခဲ့တယ်။ သူနဲ့နှီးနွှယ်တဲ့သူတွေမှာ ဗိုင်းရပ်စ်ကူးသွားခဲ့တယ်။ ဒီလိုနည်းနဲ့ ကူးစက်ခံရသူတွေမှာ ဘယ်လိုကူးမှန်းမသိ ကူးသွားတယ်ဆိုပြီး ဖြစ်လာတာပါ။ ဝူဟန်ဗိုင်းရပ်စ်က လက္ခဏာမပေါ်ခင် ကူးစက်တဲ့အချက်က ထိန်းချုပ်ရခက်ခဲ့စေတဲ့ အချက်ပါ။ ဒီဗိုင်းရပ်စ်နဲ့ယှဉ်ရင် ဆားစ်ရောဂါပိုးက လက္ခဏာပေါ်ပြီးမှ တခြားသူကို ကူးစက်တာဖြစ်ပါတယ်။

လက္ခဏာမပါ်ခင် ကူးတဲ့အချက်ကလည်း ဆက်စပ်မှုရှာလို့မရဘဲနဲ့ ရောဂါဖြစ်သူတွေ များလာစေတာပါ။ ဒါကြောင့် ပိုဂရုစိုက်ဖို့ လိုပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးချိန်က ပထမစစချင်းမှာ ၅ ရက်-၁၀ ရက်လောက်ပဲ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ၁၄ ရက်အတွင်းလို့ ပြောခဲ့ကြတယ်။ ဒီဗိုင်းရပ်စ်က ပိုးအသစ်ဖြစ်တဲ့အတွက် သူ့အကြောင်း တိတိကျကျ မသိကြသေးဘူး။ ကိုယ့်မှာရှိပြီးသားလူနာတွေ ဘယ်တုန်းက ထိတွေ့ခဲ့သလဲဆိုတာပေါ် မူတည်ပြီး လက္ခဏာပေါ်တဲ့ကြားကာလကို ရောဂါပျိုးချိန် (Incubation Period) လို့ သတ်မှတ်တာပါ။ အခုနောက်ဆုံးမှာ ရောဂါပျိုးချိန်က ၂၄ ရက် ကြာတဲ့အထိတောင် တွေ့လာရတယ်။ ဒါကလည်း ပိုးစဝင်ပြီး ၂၄ ရက်နေ့မှ လက္ခဏာပေါ်တာရှိနိုင်သလို ပိုးဝင်တယ်၊ ပျောက်တယ်၊ ဒုတိယအကြိမ်ပိုးဝင်မှ လက္ခဏာပေါ်လာတာလည်း ရှိနိုင်ပါတယ်။ ဒီနေရာမှာ သတင်းကောင်းတစ်ခုကတော့ ပိုးဝင်ပေမယ့် လက္ခဏာမပြဘဲ ပြန်ကောင်းသွားတဲ့သူတွေလည်း ရှိနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် ရောဂါပျိုးချိန် ရက်ရှည်ကြာတာက ကူးစက်ပျံ့ပွားနိုင်ခြေ ပိုများတဲ့အတွက် မကောင်းပါဘူး။ လက္ခဏာမပြခင် သူသွားတဲ့ နေရာတိုင်းမှာ သူ့ဆီကပိုးတွေက လူအများကြီးဆီ ကူးစက်ရောက်ရှိစေနိုင်လို့ပါပဲ။

Q. ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် (Covid-19)နဲ့ ပတ်သက်ပြီး ကိုရီးယားက နောက်မှဖြစ်ပေမယ့် စင်ကာပူထက် ဖြစ်ပွားနှုန်းပိုများသွားတယ်၊ စင်ကာပူကတော့ ငြိမ်သွားတာကို သတိထားမိပါတယ်။ အဲဒါက ဘာကြောင့်ဖြစ်မလဲ ဆရာ။

A. တောင်ကိုရီးယားက တရုတ်ပြီးရင် ဝူဟန်ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဒုတိယအများဆုံး ဖြစ်သွားတယ်။ စင်ကာပူနိုင်ငံက ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့ပွားမှု ကွင်းဆက်ထောက်လှမ်းမှုကို တိတိကျကျလုပ်နိုင်တယ်၊ လူတွေအားလုံးသိအောင် လုပ်နိုင်တယ်၊ သူတို့နိုင်ငံမှာ ဗိုင်းရပ်စ်ဖြစ်ပွားသူအားလုံးရဲ့ ဘယ်မှာကူးတာလဲ၊ ဘယ်သူ့ဆီက ကူးတာလဲဆိုတာကို အတိအကျသိရှိပြီး ထုတ်ပြန်နိုင်တယ်။ ပြည်သူလူထုကို ရောဂါဖြစ်ပွားသူတွေက ဘယ်ကနေကူးစက်နိုင်တယ်ဆိုတာ အတိအကျ လေ့လာထုတ်ပြန်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျ လုပ်နိုင်လာခဲ့တယ်။ အဲဒါကြောင့် ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားသူဦးရေကို တန့်အောင် ထိန်းနိုင်လာတယ်လို့ ယူဆရပါတယ်။ တောင်ကိုရီးယားက စင်ကာပူနဲ့စာရင် ပိုအေးတဲ့အတွက် လေထုထဲမှာ ဗိုင်းရပ်စ်ရှိချိန်က ပိုကြာနိုင်တယ်၊ လူတွေကို ကူးစက်မှုပိုများတယ်။ လူတစ်ယောက်ကနေ ၂-၃ ဦးကြား ကူးစက်စေနိုင်တဲ့အတွက် တိုင်းပြည်ထဲကို ဗိုင်းရပ်စ်ပါသူ ၁၀ဝ ဝင်လာရင် ၂၀နဲ့ ၃၀ ဦးကြား ကူးစက်စေနိုင်ပါတယ်။ ဆရာတို့စိုးရိမ်တဲ့အချက်က အဲဒါပါပဲ။ ဆရာတို့တိုင်းပြည်ထဲကို ပိုးရှိပြီး လက္ခဏာမပြသေးတဲ့သူ ရောက်လာနိုင်တယ်၊ လက္ခဏာမပြသေးတော့ ပုံမှန်အလုပ်လုပ်ရင်း သူနဲ့ထိတွေ့တဲ့သူတွေဆီ ကူးစက်တယ်၊ ဖျားမှဆေးရုံရောက်တော့ လက္ခဏာမပြသေးချိန် ကြားကာလမှာ သူနဲ့ထိတွေ့ခဲ့ဖူးတဲ့သူတွေရှိမယ်။ အဲဒီလူတွေကလည်း ရောဂါပျိုးချိန်အတွင်းမသိတော့ ထပ်တွေ့မိတဲ့ သူတွေရှိမယ်။ အဲဒီကတစ်ဆင့် ရက်ပိုင်းအတွင်း ကူးစက်သူတွေ များလာနိုင်တယ်။ General Rule အရ ဗိုင်းရပ်စ်တွေက ပူပြီးခြောက်သွေ့တဲ့နေရာမှာ ကြာကြာအသက်မရှင်နိုင်ပါဘူး။ စိုပြီးအေးထိုင်းတဲ့ နေရာတွေမှာ ပိုပြီးအသက်ရှင်နေနိုင်ပါတယ်။ ဒါကြောင့် ကူးစက်မှုနှုန်းတွေက အေးတဲ့နေရာတွေမှာ ပိုများနေလေသလားဆိုပြီးလည်း သုံးသပ်မိပါတယ်။

Q. ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်(Covid-19)ကာကွယ်ဖို့ လူအများက နှာခေါင်းစည်း (Surgical Mask) မရှိတာကိုပဲ စိတ်ပူနေကြတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း ပြောပေးပါဦးဆရာ။

A. ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Surgical Mask) က အဓိကအနေနဲ့ အသုံးမဝင်ဘူးလို့ ပြောထားပါတယ်။ ဗိုင်းရပ်စ်အမှုန်တွေက နှာခေါင်းစည်းကို ဖောက်ပြီး ဝင်ရောက်နိုင်လို့ပါ။ N95 Mask တပ်ရင်တောင် ဒီနှာခေါင်းစည်းကို ဘယ်အချိန်မှာ ဖြုတ်မှာလဲဆိုတာ စဉ်းစားရပါမယ်။ ဗိုင်းရပ်စ်က ဝင်လာပြီထား၊ နှာခေါင်းစည်းအပြင်မှာ ကပ်ငြိနေပါလိမ့်မယ်။ အဲဒီအခါ နဖူး၊ ပါး၊ ဆံပင်တွေမှာလည်း ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ဖို့ နှာခေါင်းစည်းမရတာကို စိတ်ညစ်မနေပါနဲ့။ ကျန်းမာရေးဝန်ထမ်းတွေ၊ ကိုယ်တိုင်နှာစေး-ချောင်းဆိုး ဖြစ်နေသူတွေကတော့ တပ်သင့်ပါတယ်။ ကျန်းမာတဲ့သူတွေကတော့ Surgical Mask တပ်တာက တခြားရောဂါတွေကာကွယ်ဖို့ရာ အကျိုးရှိပေမယ့် ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေးမှာတော့ နှာခေါင်းစည်းမရတာကို စိတ်ညစ်မနေဘဲနဲ့ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ပေးတာက ကာကွယ်ရေးမှာ ပိုထိရောက်ပါတယ်။

Q. ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်(Covid-19)နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘာတွေကို အသိရှိနေသင့်ပါသလဲ ဆရာ။

A. အခုလောလောဆယ် မြန်မာနိုင်ငံမှာ မရှိသေးပေမယ့်လည်း ပေါ့ဆနေလို့မရပါဘူး။ ပြည်သူပြည်သားတစ်ဦးချင်းစီက လက်ဆေးတာ၊ ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးတာတို့ကို လိုက်နာရပါမယ်။ ဖျားနာနေသူအနား မသွားပါနဲ့။ ကိုယ်ခံအားကောင်းအောင်နေပါ။ ရောဂါအခံရှိရင်ဆေးကုပါ။ လူထူထပ်တဲ့ နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို အထူးရှောင်ရှားပါ။

(ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ နိုင်ငံခြား၊ အထူးသဖြင့် တရုတ်ပြည်ကပြန်လာပြီး ဖျားနာနေသူ လူနာရှိရင် ဝ၆၇၃၄၂၀၈၀၂ သို့ ဆက်သွယ် အကြောင်းကြားပေးသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။)

Most Popular

Healthy Life Ad
To Top