Healthy Life Ad
Life Style

အသားအရေ နုပျိုလှပဖို့အတွက် ဘယ်လိုဓာတ်တွေက အရေးပါသလဲ

လရိပ်မေ

အမျိုးသမီးတွေ အသားအရေ နုပျိုလှပဖို့ရာအတွက် အောက်ပါဓာတ်တွေပါတဲ့ အလှကုန်နဲ့ အသားအရေထိန်းပစ္စည်းတွေကို ရွေးချယ်သင့်ပါတယ်။

အင်တီအောက်ဆီးဒင့် (Antioxidant)

အသားအရေဟာ ဗီတာမင်စီနဲ့ ဗီတာမင်အီးတွေလို အင်တီအောက်ဆီးဒင့်တွေ လိုအပ်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက လေထုညစ်ညမ်းမှု၊ ဆေးလိပ်မီးခိုး၊ ခရမ်းလွန်ရောင်ခြည်၊ အဆိပ်အတောက်နဲ့ တခြားပတ်ဝန်းကျင် အခြေအနေတွေကြောင့်ဖြစ်တဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ဒဏ်ကို တွန်းလှန်ပေးနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေက အသားအရေကို ထိခိုက်စေပြီး အိုမင်းမှုလက္ခဏာတွေကို သိသိသာသာ မြင်တွေ့ရနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ မိတ်ကပ်အလှကုန်တွေ လိမ်းသင့်သလို လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ လိမ္မော်သီး၊ ငရုတ်ပွသီးအနီ စတဲ့ဗီတာမင်စီများစွာပါတဲ့ အစာတွေကိုလည်း စားပေးပါ။

ဂလစ်ဆရင်းအလှဆီ (Glycerin)

ဂလစ်ဆရင်းအလှဆီကို မျက်နှာသစ်ဆေးနဲ့ အစိုဓာတ်ထိန်းခရင်မ်တွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ ပုံမှန်ထက် အစိုဓာတ်ထိန်းနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဂလစ်ဆရင်းအလှဆီ လိမ်းလိုက်ရင် အသားအရေကို ချက်ချင်းပြည့်တင်းစိုပြည်စေပြီး လန်းဆန်းစေပါတယ်။ အရေပြား တင်းရင်းကြည့်ကောင်းစေပြီး မွဲခြောက်တာကို လျော့ပါးစေပါတယ်။

အဆီ (Lipid)

အသားအရေထိန်း ပစ္စည်းတွေထဲမှာ အဆီပါဝင်လေ့ရှိပါတယ်။ အဆီက အသားအရေကို အစိုဓာတ် ဟန်ချက်ညီမျှစေဖို့ အကာအကွယ်ပေးကာ အားဖြည့်နေပါတယ်။

သဘာဝအဆီ (Natural Oil)

သဘာဝအဆီတွေကို ဂျိုဂျိုဘားအဆီ(Jojoba)၊ ထောပတ်ဆီ(Avocado) နဲ့ စပျစ်စေ့အနှစ် (Grapeseed Extract)အနေနဲ့ တွေ့ရပါတယ်။ ဒီသဘာဝအဆီတွေက ချွေးပေါက်မပိတ်စေဘဲ အသားအရေကို သဘာဝအစိုဓာတ် ရရှိစေပါတယ်။

ရှီးဘက်တာ (Shea Butters)

Shea Butters ဟာ အသားအရေကို အလွန်နူးညံ့ပျော့ပျောင်းစေပါတယ်။ အသားအရေ ခြောက်သွေ့မှုမဖြစ်စေဘဲ အစိုဓာတ်ရရှိစေပါတယ်။

ဗီတာမင် B5 (Vitamin B5)

ဗီတာမင် B5 က အသားအရေကို စိုပြည်ချောမွေ့စေပါတယ်။ အစိုဓာတ်ထိန်းခရင်မ်နဲ့ ဂျဲလ်တချို့မှာပါဝင်တဲ့ ဗီတာမင် B5ကို လိမ်းတာကြောင့် မျက်နှာကို စိုပြည်စေရုံသာမက အသားအရေတင်းရင်းကာ ဆွဲဆန့်နိုင်အား ကောင်းစေပါတယ်။

ကဖင်း (Caffeine)

ကဖင်းဓာတ်ဟာ ရောင်ရမ်းမှုကိုကျစေပြီး အသားအရေကို ကြည်လင်ပျော့ပျောင်းစေပါတယ်။ ကဖင်းဓာတ်ကို အသားအရေထိန်းပစ္စည်းတွေထဲမှာ ထည့်ထားတဲ့အခါ အရေပြားအရောင်မညီတာကို လျော့ကျစေပြီး အသားအရေ လင်းလက်စေပါတယ်။

Most Popular

Healthy Life Ad
To Top