Healthy Life Ad
Q & A

ကျီးကန်းပါးစပ်နာ (Angular stomatitis)

ဒေါက်တာတင့်ဆွေ

Q. ကျွန်တော့်မှာ မကြာခဏ (၂)လတကြိမ်နီးပါး အရပ်ခေါ် ကျီးပါးစပ်နာ ပေါက်တတ်ပါတယ်။ အောက်နှုတ်ခမ်းနဲ့ လျှာဖျားမှာ အဖြစ်များပါတယ်။ အဲသလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဘာဆေးသောက်ရမယ်ဆိုတာ –

ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလည်း ဝင်နိုင်တယ်။

Vitamin B2 ဗီတာမင် ဘီ ၂ နည်းရာကနေစတယ်။ သံဓာတ်နည်း-သွေးအားနည်းရောဂါနဲ့လည်း ဆက်နေတတ်တယ်။ သွပ်ဓာတ်နည်းတာကိုလည်း ထည့်စဉ်းစားရတယ်။ ကလေးတွေမှာဖြစ်ရင် Anorexia nervosa အာဟာရချို့တဲ့တာနဲ့ ဆက်စပ်နေမယ်။ ဟိုဟာဒီဟာတွေနဲ့ ရောနေတာကို Plummer-Vinson syndrome (Pater­son-Brown-Kelly syndrome) လို့ နာမယ်အရှည်ကြီး ပေးထားတယ်။ အသက်ကြီးသူတွေမှာလည်း ဖြစ်တာပဲ။ သွားတွေမရှိတော့ ပါးစပ်က ပုံပြောင်းလာတယ်မဟုတ်လား။ ဆောင်းရာသီမှာ အဖြစ်များတယ်။

အစာအာဟာရနည်းသူတွေမှာ အခုလို ကျီးကန်းပါးစပ်နာက မျက်စိနဲ့မြင်နိုင်တယ်။ ဖြစ်တဲ့သူမှာ မျက်စိနဲ့ မမြင်နိုင်တာတွေလဲ ရှိနိုင်တယ်လို့ ပုလိပ်

“အစာအာဟာရနည်းသူတွေမှာ အခုလို ကျီးကန်းပါးစပ်နာက မျက်စိနဲ့မြင်နိုင်တယ်။ ဖြစ်တဲ့သူမှာ မျက်စိနဲ့ မမြင်နိုင်တာတွေလဲ ရှိနိုင်တယ်လို့ ပုလိပ်မျက်စိနဲ့ ကြည့်ရသေးတယ်။ ဘီ ၂ နည်းနေရင်၊ ဘီ ၁၊ ၃၊ ၆၊ ၁၂ လဲ နည်းနေလေမလား။ (စီ)တို့ (အေ)တို့ကော မနည်းပေဘူးလား။ သွားတိုက်ဆေးနဲ့ မတည့်တာလည်း မမေ့ရဘူး”…..

မျက်စိနဲ့ ကြည့်ရသေးတယ်။ ဘီ ၂ နည်းနေရင်၊ ဘီ ၁၊ ၃၊ ၆၊ ၁၂ လဲ နည်းနေလေမလား။ (စီ) တို့ (အေ) တို့ကောမနည်းပေဘူးလား။ သွားတိုက်ဆေးနဲ့ မတည့်တာလည်း မမေ့ရဘူး။ ကုတဲ့အခါ ဘာလို့ဖြစ်သလဲသိမှ တိကျတယ်။ အရေးအကြီးဆုံးက ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ Vitamin B2, Riboflavin နို့နှင့်နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ တပါတည်း Vitamin C ရအောင် စိမ်းတဲ့အသီးအရွက်-အသီးအနှံတွေလဲစားပါ။

အနာလိုဖြစ်ရင်

• Topical antibiotic ပိုးသေဆေးတခုခု လိမ်းနိုင်တယ်။ အနာလိမ်းဆေးတိုင်းတော့ မသုံးပါနဲ့။ မျက်စဉ်းကိုထည့်ရင် ပါးစပ်ထဲဝင်လဲ ကိစ္စမရှိဘူး။ ဥပမာ Chloramphenicol ointment, Tetracycline ointment လိမ်းပါ။

• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တစ်ခုခု သုံးနိုင်တယ်။

• Antifungal drug မှိုအတွက်စားဆေး Imi­dazoles, Allylamines

• နောက်ပြီး စတီးရွိုက်နဲ့ ရောထားတဲ့ဆေး Clo­tri­mazole and Betamethasone, Nystatin and Triamcinolone Acetonide သုံးနိုင်တယ်။ ကော်တီဇုန်းဆေး

• စတီးရွိုက်ဆေး 1% hydro cortisone လိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

ဖြစ်တတ်သူတွေ Vitamin B Complex ဗီတာမင်ဘီအုပ်စု ဆေးကြာကြာသောက်သင့်တယ်။ Malabsorption syndrome အစာစုပ်အား မကောင်းတဲ့ရောဂါနဲ့ တွဲနေသူကို B complex, B12 ထိုးပေးရမယ်။

“Fissured tongue and Aphthous ulcer လျှာနာ အာနာ” ရေးထားကိုလဲတွဲပါရစေ။ “လျှာကွဲတာ” နဲ့ “ပါးစပ်နာ” တွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ ဒီလိုပြောတာ တော်သေးတယ်။ ယောကျာ်းကပ္ပာယ်အိတ်နဲ့ တူတယ်လို့ ပြောတာက သိပ်မမိုက်ဘူး။

Tongue cracks ဖြစ်တာက မွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေစတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက်အားနည်းရောဂါရှိသူ ၁၀ ယောက်မှာ ၈ ယောက်က ဒီလိုလာဖြစ်တယ်။ ဒီအချက်ကွဲရင် အပူ-အစပ်စားတာ၊ ဆေးလိပ်၊ အရက်၊ စတာတွေ လွှဲချရတယ်။ ပါးစပ်အနံ့ပျယ်ဆေးအပြင်းသုံးတာ၊ သွားတိုက်ဆေး အပြင်းတွေကိုလဲ လက်ညှိုးထိုး မလွတ်ဘူး။ Malabsorption of Vitamin B ဗီတာမင်ဘီကို မစုပ်ယူနိုင်တာ၊ အူမကြီးမကောင်းတာတွေကိုလည်း ထည့်စဉ်းစားရတယ်။

စိတ်ဖိအားများနေချိန်တွေမှာ အိပ်နေရင်း လျှာကိုက်မိတတ်တယ်။ စားတဲ့အစာနဲ့ မတည့်တာ၊ အစာအိမ်-အက်စစ်ဓာတ်က အထက်တက်လာတာ၊ တချို့မှာ ဆီးချိုနဲ့ တွဲနေတတ်တယ်။ မှိုရောဂါကြောင့်လည်း ဖြစ်တတ်တယ်။ သွေးအားနည်းရောဂါ၊ ဗီတာမင်နဲ့ ဓာတ်ဆားနည်းတာတွေပါတယ်။ ဘာကြောင့်ဆိုတာ သိဖို့ခက်တတ်တယ်။ ဘာကြောင့်ဖြစ်ဖြစ် ကင်ဆာမဟုတ်ပါ။

တရုတ်တိုင်းရင်းဆေးနည်းအလိုအရ ဘေလုံးနဲ့ အစာအိမ်မျှခြေပျက်တာတဲ့။ တရုတ်အပ်စိုက်ဆရာတွေက အပူကဲတာနဲ့ (ယင်) အားနည်းတာလို့ ဆိုတယ်။ လျှာဘေးတွေကဖြစ်ရင် အသဲ၊ လျှာဖျားဖြစ်ရင် နှလုံး၊ လျှာလည်မှာဖြစ်ရင် ဘေလုံး၊ လျှာနောက်ကဖြစ်ရင် ကျောက်ကပ်လို့ သတ်မှတ်တယ်။ ဖြစ်စေတာက မသေချာတော့ ကုရတာလည်း ခက်တယ်။ နောက်ဆက်တွဲ အခက်အခဲတွေ ဝင်လာနိုင်တယ်။ အစားအစာတွေ ညပ်နေတတ်တယ်။ မှိုရောဂါဝင်လာရင် Antifungal ဆေးပေးရမယ်။ Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး၊ Vitamin B Complex ဗီတာမင်ဘီ အုပ်စုဆေး၊ ဗက်တီးရီးယားပိုးဝင်ရင် ပဋိဇီဝဆေးပေးမယ်။ ဟင်းသီးဟင်းရွက် စိမ်းစိမ်းစိုစို စားရပါမယ်။

ပါးစပ်နာတွေထဲမှာ လူတွေအများဆုံး ဖြစ်ကြတာကို Aphthous ulcer လို့ ဆေးစာနဲ့ခေါ်တယ်။ အင်္ဂလိပ်လို Cold sores လို့ခေါ်တယ်။ ဗမာအရပ်ခေါ်က ပြောင်းပြန်ဖြစ်နေတယ်။ အပူကန်နာလို့ ပြောကြတယ်။ ပါးစပ်ထဲ ဘယ်နေရာမဆိုဖြစ်တယ်။ အောက်နှုတ်ခမ်းမှာ အဖြစ်များတယ်။ လျှာအောက်လဲဖြစ်၊ ပါးစောင်လဲမလွတ်ဘူး။ တခုမကလဲဖြစ်။ ဖြစ်ပြီးပျောက်၊ ပျောက်ပြီး ပြန်ပေါက်တတ်သေးတယ်။

ဘာလို့ဖြစ်သလဲ။ ဗီတာမင်ချို့ယွင်းလို့ မဟုတ်ပါ။ ရောဂါပိုးဝင်လို့ မဟုတ်ပါ။ အစာစားချိန် မမှန်သူ၊ ခရီးသွားနေရလို့၊ ဝမ်းသွားမမှန်သူ၊ အလုပ်များသူ၊ စိတ်ရှုတ်သူတွေမှာ ဖြစ်တယ်။ အားနည်းနေချိန်မျိုးမှာ လာဖြစ်တတ်တယ်။ အပူများတာ(ကော်ဖီ၊ လက်ဖက်ရည်) သောက်မိသူတွေမှာလဲ ဖြစ်လေ့ရှိတယ်။ အရက်-ဆေးလိပ်လဲ စာရင်းထဲမှာပါတယ်။ အစပ်များတာ စားမိသူကိုလဲ ထည့်ရေးကြပေမယ့် တကယ်အစပ်စားသူတွေမှာ ပိုဖြစ်တာမတွေ့ဖူးပါ။ ရွှေလံဘို ငရုတ်စားတဲ့ နာဂတွေ၊ ကသည်းတွေမှာ (ဗမာလဲ ပါတယ်) ထူးဖြစ်တာမရှိပါ။

အနာပုံစံက တခါတွေ့ဖူး၊ မှတ်ထားဖူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁၀ ပုံ ၁ ပုံကနေ ၅ ပုံလောက်အထိ ကြီးတယ်။ အလယ်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ခွက်နေပြီး၊ ဘေးနုတ်ခမ်းက နီရဲနေမယ်။ ဖြစ်ရင်အတော်နာတယ်။ ပူစပ်နေမယ်။ ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။

• ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။

• ဗီတာမင်ဘီအုပ်စုနဲ့ ဗီတာမင်စီ များများပေးတယ်။

• အနာပေါ်ကို Glycerin အလှဆီ လိမ်းပေးနိုင်တယ်။

• ထောပတ်၊ ပျားရည်လည်းလိမ်းကြတယ်။ တချို့က ညောင်ရွက်ကိုကြိတ်ပြီး လိမ်းတယ်။ ကြက်သွန်ဖြူလဲ သုံးကြတယ်။

• အစာအိမ်နာရောဂါ ရှိနေသူတွေကို အုန်းဆီနည်းနည်းသောက်ခိုင်းတယ်။

• သင်္ဘောသီးမှည့်စားတာ ကောင်းတယ်။

• ဂျုံစာထက် ဆန်စာက ပိုသင့်တယ်။

• ထုံဆေးလိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက်မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေးပျယ်ရင် ပြန်နာမယ်။

• မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့ လိမ်းဆေးပေးနိုင်တယ်။

• Paracetamol တို့၊ Ibuprofen တို့လို အနာသက်သာဆေး သောက်ခိုင်းတယ်။

• Gentian violet paint ခရမ်းရောင်ဆေးလိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။

• ရေများများသောက်ပါ။ (မနာရင်ပေါ့။)

ကုဖို့ဆိုတာ ဖြစ်စေတာကိုပြင်ရမှာ အဓိကဖြစ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top