Healthy Life Ad
Health Tips

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေအောင် . . .

စူး (ဆေးဝါးတက္ကသိုလ်)

အာဟာရမျှမျှတတစားသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်/အရက် ရှောင်တာတွေကြောင့် ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ အကြမ်းဖျင်း သိရှိပြီးဖြစ်မှာပါ။ သင့်ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းအသီးသီး ကျန်းမာစေဖို့ ထူးထူးခြားခြား ဂရုစိုက်သင့်တဲ့အချက်တွေ ရှိပါတယ်။

မျက်လုံး

ဗီတာမင်-ဒီ အလုံအလောက်ရရှိစေဖို့ နေခြည်နုနုကိုခံယူပေးပါ။ စိတ်ဖိစီးမှုကို လျှော့ချထားပါ။ မျက်လုံးကျန်းမာရေးအတွက် လူတင်၊ ဇီဇန်သင်း၊ အန်သိုဆိုင်ယာနင် စတဲ့ဓာတ်တွေလုံလောက်နေဖို့လိုပါ တယ်။ ဒါကြောင့် လတ်လတ်ဆတ်ဆတ် အစားအစာတွေ၊ အစိမ်းရင့်ရောင်အစားအစာတွေနဲ့ အရွက်များများစားပေးပါ။

အဆုတ်

သင့်အိမ်မှာ လေထုညစ်ညမ်းမှုတွေ ရှိမနေစေပါနဲ့။ လေကောင်းလေသန့် များများရှူပေးပါ။ လေသန့်စက်တွေ လိုအပ်ရင်သုံးသင့်ပါတယ်။ ကိုယ်တိုင်လည်း ဆေးလိပ်မသောက်သင့်သလို တခြားလူရဲ့ ဆေးလိပ်ငွေ့ကိုလည်း မရှူမိအောင် သတိထားပါ။

အစာအိမ်နှင့် အူလမ်းကြောင်း

အချဉ်ဖောက်ထားတဲ့ အစားအစာတွေ သိပ်မစားပါနဲ့။ အစာကြေစေမယ့် အစားအစာတွေစားပါ။ အစာစားရင် ကြေညက်အောင်ဝါးစားပါ။

အရိုး၊ အကြောနှင့် အဆစ်များ

အရိုး၊ အကြော၊ အဆစ်ကျန်းမာရေးအတွက် အိုမီဂါ-၃နဲ့ ဂလူကိုစမင်းဓာတ်တွေ လိုအပ်ပါတယ်။ ဗီတာမင်-ဒီ ၃နဲ့ ဗီတာမင် ကေကလည်း အရိုးအဆစ် ကျန်းမာရေးအတွက် လိုအပ်ပါတယ်။ နနွင်း၊ ချင်း(ဂျင်း)စိမ်း၊ နာနတ်သီး၊ အနက်ရောင်စပျစ်သီး၊ ငရုတ်သီးတွေ စားပေးပါ။ လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုပါတယ်။

ဦးနှောက်

အုန်းဆီစစ်စစ်၊ ငါးတွေကို အခြေခံထုတ်ထားတဲ့ အိုမီဂါ၃အဆီတို့ကိုစားသုံးပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ အလူမီနီယမ်ဓာတ်ကိုရှောင်ပါ။ ဉာဏ်ကောင်းစေမယ့် ဦးနှောက်လေ့ကျင့်ခန်း (Brain Exercises)တွေ လုပ်ပေးပါ။

နှလုံး

အစေ့အဆန်တွေနဲ့ အချိုတွေလျှော့စားပါ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးပါ။ အမဲသားနဲ့ သြဂဲနစ်အစားအစာတွေကို များများစားပေးပါ။ စိတ်ဖိစီးမှုကို ထိန်းချုပ်ထားနိုင်ပါစေ။ ကိုလက်စထရော ပါဝင်မှုများတဲ့အစာကို လျှော့စားပေးပါ။

အရေပြား

အရေပြားအတွက် ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအစာကိုသာစားပါ။ အာဟာရမျှတအောင်စားပါ။ သြဂဲနစ်အစာတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေစားပါ။ ဥပမာပြောရရင် ကိုက်လန်၊ ဟင်းနုနွယ်နဲ့ ပန်းမုန်လာတွေစားရပါမယ်။ အိုမီဂါ-၃ဖက်တီးအက်စစ်ကလည်း အရေပြားအတွက် သင့်တော်ကောင်းမွန်စေပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေက ခွင့်ပြုထားတဲ့ သဘာဝအသားအရေထိန်း ပစ္စည်းတွေကိုသာအသုံးပြုပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top