Healthy Life Ad
Q & A

အကင်များများစားခြင်းနှင့် ကျန်းမာရေး

Q. အသားကင်တွေကိုများများစားတာကြောင့် ဘယ်လို ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲဆရာ။

ပါမောက္ခဦးကိုကို ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

A. အသားကင်တွေကို များများစားတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အသားတွေထဲမှာ ပရိုတင်းတွေပါတယ်။ ဒီအသားတွေက အလွန်မြင့်တဲ့ အပူချိန်နဲ့တွေ့ရင် ဓာတ်တိုးပြီးတော့ heterocyclic amines (HCAs) ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဲဒီလို ပြောင်းလဲသွားတဲ့အခါ မျိုးဗီဇဒီအင်န်အေကို ထိခိုက်စေတဲ့အတွက် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ဆက်စပ်မှုရှိတာက အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေပဲ ဖြစ်ပါတယ်။ အကင်တွေ အများကြီးစားတဲ့အခါ အူမကြီးမှာ အသားပိုထွက်စေနိုင်ပြီး နောက်ပိုင်းကျရင် ကင်ဆာဖြစ်စေနိုင်တယ်လို့လည်း တချို့လေ့လာမှုတွေက ဆိုပါတယ်။

အသားတွေကို ကင်တဲ့အခါ အသားကအဆီတွေ ထွက်လာပြီး အဆီက မီးထဲကို ပြုတ်ကျသွားပါတယ်။ မီးနဲ့တွေ့ပြီး ဝုန်းဝုန်း၊ ဝုန်းဝုန်းဆိုပြီး ထတောက်တယ်။ အဲဒါကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် မီးသွေးမီးဖိုနဲ့ ကင်တဲ့အခါ မီးတောက်တွေ ထတောက်လာပြီး အသားမှာ သွားကပ်တာကို polycyclic aromatic hydrocarbons (PAHs) လို့ ခေါ်ပါတယ်။ ဒီအမည်းကပ်နေတဲ့ အသားတွေကို စားမိတာကြောင့်လည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။

Q. ပြောင်းဖူး၊ အာလူး၊ ရုံးပတီသီး စတာတွေကို ကင်စားရင်ကော ကျန်းမာရေးထိခိုက်မှု ဖြစ်တတ်ပါသလား ဆရာ။

A. အသီးအရွက်ကင်တွေ စားတာကြောင့် ကျန်းမာရေးကိုတောင် ကောင်းစေတယ်လို့ ဆိုထားတာ ရှိပါတယ်။ အသီးအရွက်တွေမှာ ဖိုင်တိုကမ်မီကယ်တွေ ပါတဲ့အတွက် HCAs ထွက်နှုန်းကို ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် အကင်စားမယ်ဆိုရင် အသီးအရွက်ကင်ကို များများစားပါ။ ပရိုတင်းဓာတ်မပါတဲ့အတွက် ကင်ဆာဖြစ်စေတဲ့ဓာတ်ကို မပြောင်းလဲစေနိုင်ပါဘူး။ ဒါပေမဲ့ အသီးအရွက်ကင်တွေမှာလည်း တူးနေတဲ့အပိုင်းတွေကို မစားသင့်ပါဘူး။ အသားကင်တွေ စားမယ်ဆိုရင် အသီးအရွက်နဲ့ရောပြီး ကင်စားသင့်ပါတယ်။

Q. အကင်တွေစားပြီး ကျန်းမာရေးထိခိုက်မှု လျော့နည်းအောင် ဘယ်လိုရှောင်လွှဲနိုင်ပါသလဲ ဆရာ။

A. အကင်တွေကိုလုံးဝမစားရဘူးလို့လည်း မဆိုလိုပါဘူး။ အသားကင်တွေကို ကျန်းမာရေးထိခိုက်မှု လျော့နည်းအောင် လုပ်လို့ရပါတယ်။

(၁) အနီရောင်အသား (အမဲသား၊ ဆိတ်သား)တို့ထက်စာရင် အဖြူရောင်အသား (ငါး၊ ကြက်သား)တို့ကို ကင်စားရင် ပရိုတင်းဓာတ်ပါဝင်မှုနည်းတဲ့အတွက် HCAs ပြောင်းလဲနှုန်း လျော့နည်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) အသားတွေကို တစ်ပတ်မှာ နှစ်အောင်စ-သုံးအောင်စထက် ပိုမစားသင့်ပါဘူး။

(၃) တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေ

“အကင်တွေအများကြီးစားတဲ့အခါ အူမကြီးမှာ အသားပိုထွက်စေနိုင်ပြီး နောက်ပိုင်းကျရင် ကင်ဆာဖြစ်စေနိုင်တယ်လို့လည်း တချို့လေ့လာမှုတွေက ဆိုပါတယ်။ အသားတွေကို ကင်တဲ့အခါ အသားက အဆီတွေထွက်လာပြီး အဆီက မီးထဲကို ပြုတ်ကျသွားပါတယ်။ မီးနဲ့တွေ့ပြီး ဝုန်းဝုန်း၊ ဝုန်းဝုန်းဆိုပြီး ထတောက်တယ်။ အဲဒါကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။”

(ဥပမာ ကျပ်တိုက်ထားတာ၊ ဘူးနဲ့သိမ်းထားတာ၊ ကိုရီးယားကင်)အစား လတ်ဆတ်တဲ့ အသားတွေကို ကင်စားသင့်ပါတယ်။

(၄) ဒီအသားတွေကို ကင်တဲ့အခါမှာလည်း အပူချိန်မြင့်မြင့်နဲ့ မကင်ရဘူး။ ကြာကြာမကင်ရဘူး။ အပူချိန်မြင့်မြင့်ပေးပြီး ကြာကြာကင်လေလေ၊ ဓာတ်တိုးလေလေ၊ အသားထဲမှာပါတဲ့ HCAs ထွက်နှုန်း မြင့်တက်လေလေပဲဖြစ်ပါတယ်။ ဒါကြောင့် အပူချိန်နည်းနည်းပေးပြီး ကင်ချိန်ကိုတိုတောင်းအောင် လုပ်ပါ။ တကယ်လို့ ကျက်ဖို့ခက်ခဲတဲ့ အသားတွေကို ကင်မယ်ဆိုရင် အရင်ဆုံး မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ ခဏလောက်အရင်ချက်လိုက်ပါ။ နည်းနည်းကျက်သွားမှ ထုတ်ပြီးကင်လိုက်ရင် အချိန်တိုတိုပဲ ကင်ရတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျသွားပါတယ်။ ဒီလိုလုပ်တာကြောင့် polycyclic aromatic hydro­carbons (PAHs) ဖြစ်နိုင်ခြေကို ၉၆ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၅) နောက်တစ်ခုက အသားတွေကို အစိမ်းလိုက်ကင်မယ့်အစား သံပရာရည်၊ ရှလကာရည်နဲ့ တခြားဟင်းခတ်အမွှေး အကြိုင်တွေနဲ့ အရင်နယ်လိုက်ပါ။ ဒီလိုနယ်လိုက်ရင် အရသာအတွက် ကောင်းသလို HCAs ထွက်နှုန်းကိုလည်း လျော့ကျသွားပါတယ်။

(၆) ကင်တော့မယ်ဆိုရင် အသားကို ပြင်လိုက်ကင်တာထက်စာရင် သေးသေးလေးတွေတုံးပြီး ကင်တာက မြန်မြန်ကျက်ပါတယ်။ ပြီးတော့ အသားတုံးတွေကြားထဲ အသီးအရွက်တွေကို ညှပ်ထည့်ပြီး ကင်တာကပိုကောင်းပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

(၇) ကင်တဲ့အခါမှာ အသားမှာ အဆီတွေရှိရင် အရည်တွေထွက်ကျတတ်ပါတယ်။ အဲဒီအခါ မီးထတောက်တတ်တဲ့အတွက် မီးနဲ့နည်းနည်းဝေးတဲ့နေရာမှာ ကင်ပါ။ ကင်တဲ့အခါမှာ ခဏခဏ လှန်ပေးပါ။ ကင်ပြီးတဲ့အခါ တူးနေတဲ့အပိုင်းနဲ့ မည်းနေတဲ့အပိုင်းတွေကို ဖယ်ထုတ်လိုက်ပါ။

(၈) မီးသွေးမီးဖိုနဲ့ ကင်တာထက် ဂတ်စ်မီးဖိုလိုမျိုးနဲ့ ကင်တာက ပိုပြီးကောင်းပါတယ်။ မီးသွေးနဲ့ အကင်ထိတွေ့ရင် ပိုဆိုးပါတယ်။ အသားမှာ မီးသွေးစတွေ ကပ်ငြိရင် ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်။

Q. အကင်စာတွေ နေ့စဉ်လိုလို စားသုံးမှုလွန်ကဲတာကြောင့် ဘယ်လိုကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါသလဲ ဆရာ။

A. အကင်တွေကို ဘယ်လောက်များများစားရင်၊ ဘယ်နှရက်ဆက်တိုက်စားရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အကင်တွေကို များများစားရင် ကင်ဆာဖြစ်နိုင်ခြေ များတယ်ဆိုတာတော့ လေ့လာမှုတွေအရ အခိုင်အမာတွေ့ရှိထားပါတယ်။

Q. အကင်စားသုံးမှု လွန်ကဲခြင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

A. အကင်တွေကို မစားရဘူးလို့ မဆိုလိုပါဘူး။ စားနိုင်ပါတယ်။ အမြဲတမ်း စားတာကိုတော့ အားမပေးပါဘူး။ အသားတုံး သေးသေးလေးတွေတုံးပြီး အသီးအရွက်တွေနဲ့ ရောညှပ်စားတာ၊ အနီရောင်အသားအစား ငါးနဲ့ ကြက်သားတို့လို အဖြူရောင်အသားတွေကို ကင်စားတာက ပိုကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top