Healthy Life Ad
Q & A

အဆုတ်မှိုစွဲရာက ဦးနှောက်အမြှေးရောင်ခြင်း

Q. တစ်နေ့က လူတစ်ယောက် အဆုတ်ထဲမှာမှိုစွဲပြီး ဦးနှောက်အမြှေးရောင်ဆက်ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံတက်ရက် ၁၈ရက်မှာ ၃ရက်ပဲအသိရှိပြီး ကျန်ရက်တွေက အသိလုံးဝမရှိတော့ဘဲ သေဆုံးသွားခဲ့ပါတယ်တဲ့။ အဆုတ်မှိုစွဲတယ်ဆိုတာ ခေါင်းအုံးကနေ ဖြစ်တယ်လို့ သိရပါတယ်။ မိုးတွင်းမှာ ပိုဖြစ်တတ်လို့ ခေါင်းအုံးတွေကို မကြာခဏ နေထုတ်လှမ်းပေးရပါမယ်တဲ့။ မကြာခန စိုစွတ်နေတတ်တဲ့ ခေါင်းအုံးတွေမှာ မှိုတွေစွဲနေတတ်ပြီး အိပ်ရင်းနဲ့အသက်ရှူမိရာကနေ မှိုတွေပါရောရှူမိတတ်လို့ သတိလေးထားပြီး ခေါင်းအုံးတွေကို မကြာခဏ နေပူပူထဲထုတ်လှမ်းပေးပြီး ၆လတစ်ကြိမ်လောက် အဝတ်လျှော်ဆိုင်ပို့ပြီး လျှော်သင့်တယ်လို့ ပြောကြပါတယ်။ ခေါင်းအုံးမှိုကနေ ဦးနှောက်အမြှေးရောင်တာဖြစ်နိုင်ပါသလားဆရာ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ဦးနှောက်အမြှေးရောင်တာက ဦးနှောက်အမြှေးထဲကို အဓိကဝင်ရောက်စေတဲ့ ရောဂါပိုးသုံးမျိုးရှိတယ်။ အဲဒါတွေက ဗိုင်းရပ်စ်ရယ်၊ ဘက်တီးရီးယားရယ်၊ ဖန်းဂတ်စ်မှိုပိုးရယ်ပါ။ ဘာပိုးပဲဝင်ဝင် ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ အကုန်လုံးအတူတူပါပဲ။ အဖျားတက်မယ်၊ ခေါင်းကိုက်မယ်၊ မျက်စိကျိန်းမယ်၊ မျက်ရည်ပူကျမယ်၊ နောက်ပိုင်း အသိလျော့ကျတာကနေ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်လို့ ဦးနှောက်အမြှေးရောင်ရင်တော့ အသက်ဆုံးရှုံးမှုနည်းပြီး ဘက်တီးရီးယားပိုးနဲ့ ဖန်းဂတ်စ်မှိုပိုးဝင်တာကြောင့်ဆိုရင်တော့ အသိနောက်ကျတယ်၊ ကုသမှုခံယူတာနောက်ကျတယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိပါတယ်။ ဦးနှောက်ထဲကို မှိုပိုးဘယ်လိုရောက်သလဲဆိုတော့ ရှူရှိုက်မိရာကနေ သွေးထဲမှတစ်ဆင့် ဦးနှောက်အမြှေးပါးကို ရောက်ရှိပါတယ်။ မေးခွန်းအရဖြေရရင်တော့ စိုထိုင်းထိုင်းခေါင်းအုံးလို အနီးအနားမှာ မှိုပိုးရှိရင် ရှူရှိုက်မိရာက သွေးကြောထဲကနေ ဦးနှောက်အမြှေးပါးထဲရောက်ပြီး အသက်သေဆုံးတာ ဖြစ်နိုင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ မှိုပိုးက အဆုတ်ထဲဝင်တာလည်းရှိသလို မဝင်တာလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနီးအနားမှာ စိုထိုင်းထိုင်းတွေမရှိအောင် ရှောင်ကြဉ်တာကကောင်းပါတယ်။ ခန္ဓာကိုယ်ထဲ မှိုပိုးမဝင်ရေးအတွက် ခေါင်းအုံးမှမဟုတ်ဘူး၊ အနံ့အသက်မကောင်းဘဲ စိုထိုင်းထိုင်းရှိတဲ့အရာတွေ၊ ပစ္စည်းတွေက အနီးအနားဝန်းကျင်မှာရှိနေရင် မကောင်းပါဘူး။ ဒါပေမဲ့ အများအဆိုအရ မှိုပိုးက လူတစ်ယောက်ကနေ တစ်ယောက်ကိုမကူးပါဘူး။ မှိုပိုးကနေ ဦးနှောက်အမြှေးရောင်ဖြစ်တယ်ဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ် အားနည်းနေတာနဲ့ တွဲသလားဆိုတာ ရှာဖွေစစ်ဆေးပေးရပါတယ်။ မှိုပိုးဝင်နိုင်ခြေ ရှိသူတွေက ခုခံအားကျဆင်းမှုရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ ကင်ဆာကုသမှုခံယူနေသူ၊ ဆီးချိုရောဂါရှိသူ စတဲ့ကိုယ်ခံအားစနစ် ကျဆင်းတဲ့ လူနာတွေမှာ အဖြစ်များတတ်ပါတယ်။ ဒီလိုရောဂါမရှိဘဲ မှိုပိုးကြောင့် ဦးနှောက်အမြှေးရောင်တာရှိပေမယ့် ရှားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top