Healthy Life Ad
Life Style

ဘဝင်မြင့်အကြွားသန်ဟိတ်ဟန်ကြီး ဝေဒနာ ‘အဆင့်နိမ့်စိတ်ကြွရောဂါ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကြွရောဂါရှင် ဘော့စ်အကြောင်းကို ဆက်လက်ဆွေးနွေးနေပါတယ်။ ဘော့စ်ကို တခြားသူနာပြုတွေလက်ထဲ အပ်ခဲ့ပြီး သူနာပြုဂရေ့စ်က အခန်းထဲကို ပြန်လည်ဝင်ရောက်လာတယ်။

“ဘော့စ်ကို ဘယ်လိုပြုစုကုသမလဲ ဒေါက်တာ”

“ဘော့စ် အခုခံစားနေရတာက စိတ်ကြွရောဂါပါ။ အရင်တုန်းက စိတ်ကျရောဂါ ဖြစ်ပွားဖူးတဲ့ ရာဇဝင်လည်းရှိတယ်။ ဒါကြောင့် “ဝင်ရိုးစွန်းနှစ်ဘက်ရှိ စိတ်ရောဂါ” (Bipolar Disorder)လို့ သတ်မှတ်နိုင်ပါတယ်။ “စိတ်အတက်အကျ တည်ငြိမ်ဆေး” (Mood Stabilizer)နဲ့ ကုသပေးဖို့ လိုအပ်တယ်”

“ရှင်းပြပါ ဒေါက်တာ”

“စိတ်အတက်အကျ တည်ငြိမ်ဆေးတွေထဲမှာ Lithium ကို အသုံးပြုတာများတယ်။ အတက်ရောဂါ (Epilepsy) ကုသဆေးဖြစ်တဲ့ Carbamazapine၊ Sodium Valproate၊ Lamotrigine စတဲ့ ဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ စိတ်အတက်အကျ တည်ငြိမ်ဆေးတွေရဲ့ အာနိသင်က (၁) စိတ်ကြွရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေတယ်။ (၂) စိတ်ကြွရောဂါနဲ့ စိတ်ကျရောဂါ အပြန်အလှန်ဖြစ်ပွားနေတာကို ကာကွယ်နိုင်တယ်။ (၃)စိတ်ကြွရောဂါ ဒါမှမဟုတ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားလာရင်လည်း ရောဂါအခြေအနေက ဆေးမစားမီကထက်သက်သာမှုရှိတယ်။ (၄) Lithium သုံးစွဲနေတဲ့ စိတ်ကြွစိတ်ကျရောဂါရှင်တွေထဲမှာ မိမိကိုယ်ကိုယ် သတ်သေမှုနှုန်း လျော့နည်းတာကိုလည်း တွေ့ရှိရပါတယ်။

စိတ်အတက်အကျတည်ငြိမ်ဆေးကို ရေရှည်သုံးစွဲရင် စိတ်ကြွရောဂါ ဒါမှမဟုတ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားမှုနှုန်း ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားနိုင်တယ်။ ရောဂါပြန်လည်ဖြစ်ပွားရင်လည်း အရင်ကလို ရောဂါကမပြင်းထန်ဘူး”

သူနာပြုဂရေ့စ်က အနည်းငယ်တွေဝေစဉ်းစားပြီး မေးခွန်းထုတ်ပါတယ်။

“ကျွန်မသိရှိနားလည်သလောက် ပြောမယ်နော်။ စိတ်အတက်အကျ တည်ငြိမ်ဆေးတွေ အာနိသင်ပြဖို့ အချိန်ယူရတယ်မဟုတ်လား။ လုံလုံလောက်လောက် နှစ်ပတ်လောက် တိုက်ကျွေးပြီးမှ ရောဂါသက်သာစပြုလာတယ်လို့ ကျွန်မသိရှိထားပါတယ်။ ဘော့စ်က အခုအချိန်မှာ အထိန်းရခက်နေတော့ “ငြိမ်ဆေး”ပေးဖို့တော့လိုအပ်မယ်လို့ ထင်ပါတယ်။ နွားရှေ့ထွန်ကျူးတာတော့မဟုတ်ပါဘူး ဒေါက်တာ”

“ဘာပြောတယ်”

“ဆောရီးပါ ဒေါက်တာ။ ဆရာတော်ကြီးကို စာချတာတော့ မဟုတ်ပါဘူးလို့ ဆိုလိုတာပါ”

“ဂရေ့စ်ပြောတာ မရိုင်းပါဘူး။ အစဦးပိုင်းမှာ စိတ္တဇရောဂါကုသဆေးနဲ့ တွဲဖက်ကုသပေးပါတယ်။ ဒါမှ လှုပ်ရှားတက်ကြွလွန်းတဲ့ အပြုအမူတွေကို ထိန်းချုပ်ရတာ လွယ်ကူမှာပါ။ ဟိုခေတ်တုန်ကတော့ Haloperidol ဆေးကို အသုံးပြုတာများတယ်။ ဒီခေတ်မှာတော့ Quetiapine၊ Olanzapine၊ Ris-peridone စတဲ့ ဆေးတွေက နာမည်ကြီးနေပါတယ်”

ဂရေ့စ်က ဆင်ခြေတက်ပါတယ်။

“ဘော့စ်က ဆေးရုံမှာ မနေချင်ဘူး။ သောက်ဆေးလည်း မသောက်ဘူးလို့ ငြင်းဆန်နေရင် ဘယ်လိုလုပ်ရမလဲ ဒေါက်တာ”

“ကျွန်တော် အိမ်မပြန်ခင် ဘော့စ်ကို ရှင်းပြပြီး စိတ်ကျန်းမာရေးဥပဒေနဲ့အညီ အတွင်းလူနာအဖြစ် ကုသမှုပေးနိုင်အောင် စီစဉ်ခဲ့မှာပါ။ သောက်ဆေးလက်မခံရင် သင့်တော်တဲ့ ထိုးဆေးကို လိုအပ်သလို အသုံးပြုနိုင်ဖို့ ညွှန်ကြားထားမှာပါ”

“ကျေးဇူးပါပဲ”

ခရစ္စမတ်ရက်ရှည်ရုံးပိတ်ရက်ပြီးဆုံးလို့ အလုပ်ပြန်ဆင်းတဲ့ နေ့မှာ သူနာပြုဂရေ့စ်က ဘော့စ်ကိစ္စကို လာရောက်ဆွေးနွေးပါတယ်။

“ရုံးပိတ်ရက်အတွင်းမှာ ဘော့စ်ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာပါတယ်။ အခုဆေးရုံက ဆင်းခွင့်ပေးနိုင်ပြီလို့ ကျွန်မထင်ပါတယ်”

“ကျွန်တော် စစ်ဆေးပေးမှာပါ။ သူ့ဇနီးနဲ့ တွေ့ ဆုံဆွေးနွေးဖို့တော့ လိုအပ်ပါတယ်”

သူနာပြုဂရေ့စ်က တင်ပြပါတယ်။

“ရုံးပိတ်ရက်အတွင်း တာဝန်ကျတဲ့နေ့က ဘော့စ်ရဲ့ ဇနီးမေရီနဲ့ ကျွန်မတွေ့ဆုံပြီးပါပြီ။ မေရီကပြောတယ်။ ဘော့စ်က တစ်ခါတစ်ရံ အကြောင်းမဲ့ ပျော်ရွှင်မြူးထူးလာတတ်တာ ရှိတယ်တဲ့။ စိတ်ကျရောဂါနဲ့ ဆေးရုံမတက်ခင်က တစ်နှစ်မှာ နှစ်ကြိမ်လောက် ဖြစ်ပေါ်ဖူးတယ်လို့ ပြောပါတယ်။ အခုတစ်ကြိမ်မှာလို ထိန်းမနိုင်သိမ်းမရဖြစ်တာတော့ မဟုတ်ဘူး”

စာရေးသူက မိမိရဲ့ ထင်မြင်ယူဆချက်ကို ပြောပြတယ်။

“အဲဒါ ‘အဆင့်နိမ့်စိတ်ကြွရောဂါ’ (Hypomania) ဖြစ်နိုင်တယ်။ ‘စိတ်ကြွရောဂါ’ (Mania) လက္ခဏာတွေ (Healthy Life Journal အမှတ် (၁၂၈) ရှိပေမယ့် ရောဂါက မပြင်းထန်ဘူး”

“ဟုတ်မယ်ထင်တယ် ဒေါက်တာ။ ဘော့စ်ရဲ့ အပြုအမူတွေက နဂိုမူလအလေ့အထနဲ့ မတူဘဲ ပြောင်းလဲလာတယ်တဲ့။ အဲဒီအချိန်ကာလပိုင်းမှာ ဘော့စ်က အကြောင်းမဲ့ ပျော်ရွှင်နေတတ်တယ်။ သူ့ဇနီးကို ဖက်လိုက်နမ်းလိုက်လုပ်တယ်။ ဒါပေမဲ့ သူစိတ်မကျေနပ်ရင် အလွယ်တကူ ဒေါသထွက်လွယ်တယ်။ ပုံမှန်ဆိုရင် ဘော့စ်က ဒီလိုလူမျိုး မဟုတ်ဘူးလို့ မေရီကပြောတယ်။ နောက်ပြီး ဘော့စ်က အပေးအကမ်း ရက်ရောလာတယ်တဲ့။ တောက်တောက်ပြောင်ပြောင် အဝတ်အစားကိုရွေးပြီး ဝတ်ဆင်လာတယ်။ စကားပြောရင် ကြွားလုံးလေးတွေပါလာတယ်”

“ဒီလိုဖြစ်နေတာ ဘေးကလူတွေက သတိမထားမိဘူးလား”

“မေရီကတော့ အတူနေတဲ့ အိမ်သားဖြစ်နေလို့ ဘော့စ်ပြောင်းလဲလာတာကို ရိပ်စားမိပါတယ်။ ရုံးအလုပ်တွေမှာ ပျက်ကွက်တာတော့ မရှိဘူး။ ရုံးမှာ အချိန်ပိုယူပြီး လုပ်ကိုင်လာတယ်။ ဌာနအတွင်း အစည်းအဝေးတွေမှာ အရင်ကထက် ပိုပြီး ပါဝင်ဆွေးနွေးလာတယ်။ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အကြံသစ်ဉာဏ်သစ်တွေကို တင်ပြနိုင်လာတယ်တဲ့။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေက ဘော့စ်ရဲ့အခြေအနေကို ဝေဖန်ဖို့ခက်ခဲနေမယ်ထင်ပါတယ်”

“အဲဒီလို အပြုအမူပြောင်းလဲလာတာက ရက်သတ္တပတ် ၂ ပတ်-၃ ပတ်လောက်ကြာပြီး အလိုအလျောက် ပျောက်ကင်းသွားတယ်လို့ မေရီက ပြောပါတယ်”
သူနာပြုဂရေ့စ် စကားဆုံးတော့ စာရေးသူက မှတ်ချက်ချပါတယ်။

“ဖြစ်တတ်ပါတယ်။ ‘အဆင့်နိမ့်စိတ်ကြွရောဂါ’ က ‘စိတ်ကြွရောဂါ’အစစ်လိုမပြင်းထန်ဘူး။ စိတ်ကြွရောဂါက စိတ်ခံစားမှု လေမုန်တိုင်းကျသလိုပဲ။ အဆင့်နိမ့်စိတ်ကြွရောဂါကိုတော့ စိတ်ခံစားမှု လေပြင်းတိုက်ခတ်တာလို့ ပြောနိုင်ပါတယ်။ အဆင့်နိမ့် စိတ်ကြွရောဂါအရှိန်ကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ အိမ်ထောင်ရေးကိစ္စတွေမှာ သိသိသာသာ ထိခိုက်ဆုံးရှုံးမှုမရှိဘူး။ အဆင့်နိမ့်စိတ်ကြွရောဂါဖြစ်ပွားနေချိန်မှာ တချို့လူနာတွေက အကြံဉာဏ်ကောင်းတွေကို အားစိုက်ခွန်စိုက်လုပ်ကိုင်နိုင်လို့ အောင်မြင်မှုရရှိကြတာတောင် ရှိပါတယ်”

သူနာပြုဂရေ့စ် အနည်းငယ် ပြုံးလိုက်တာကို စာရေးသူတွေ့မြင်လိုက်တယ်။

“ဘာကို သဘောကျသွားလို့လဲ ဂရေ့စ်”

မေရီပြောတာကို သတိရလို့ပါ။ ဘော့စ်အဲဒီလိုဖြစ်လာရင် သူတို့အိမ်ထောင်ရေးက ပိုပြီး သာယာလာသလိုပဲတဲ့။ ဘော့စ်က အချစ်ကြမ်းလာတယ်။ ဒါပေမဲ့ အဲဒီလို လေပြင်းတိုက်ခတ်ချိန်မှာ ဘော့စ်ရဲ့ လက်ဖွာမှုကြောင့် ပိုက်ဆံမစုဖြစ်ဘူး။ အကုန်အကျ မကာမိဘူးလို့ ပြောပါတယ်။ ထိခိုက်နစ်နာမှုက အဲဒီလောက်ပဲရှိပါတယ်။ ရက်သတ္တပတ် ၂ ပတ်ကျော်ရင် . . .

“မေရီပြောတာကို သတိရလို့ပါ။ ဘော့စ် အဲဒီလို ဖြစ်လာရင် သူတို့အိမ်ထောင်ရေးက ပိုပြီး သာယာလာသလိုပဲတဲ့။ ဘော့စ်က အချစ်ကြမ်းလာတယ်။ ဒါပေမဲ့ အဲဒီလို လေပြင်းတိုက်ခတ်ချိန်မှာ ဘော့စ်ရဲ့ လက်ဖွာမှုကြောင့် ပိုက်ဆံမစုဖြစ်ဘူး။ အကုန်အကျ မကာမိဘူးလို့ ပြောပါတယ်။ ထိခိုက်နစ်နာမှုက အဲဒီလောက်ပဲ ရှိပါတယ်။ ရက်သတ္တပတ် ၂ ပတ်ကျော်ရင် အလိုအလျောက် ရောဂါအရှိန်ကျသွားလို့ ဆေးကုသမှုမခံယူခဲ့ပါဘူး”

ဂရေ့စ်စကားဆုံးတော့ စာရေးသူက သုံးသပ်ဆွေးနွေးပါတယ်။

“အဆင့်နိမ့်စိတ်ကြွရောဂါဖြစ်ဖူးရင် နောက်တစ်ကြိမ်မှာလည်း အလားတူရောဂါဖြစ်ပွားတာ များပါတယ်။ တချို့လူနာတွေမှာတော့ ရောဂါသက်ကြာရှည်လာတဲ့အခါမှာ စိတ်ကြွရောဂါအစစ် ဖြစ်ပွားလာတတ်ပါတယ်။ ဘော့စ်က အဲဒီလို လူနာမျိုး ဖြစ်နေပါတယ်။ ဘော့စ်စိတ်ကျရောဂါနဲ့ ဆေးရုံတက်စဉ်က အဆင့်နိမ့်စိတ်ကြွရောဂါ ဖြစ်ပွားဖူးတဲ့ ရာဇဝင်ကို ကျွန်တော်တို့ မသိလိုက်ဘူး။ အဲဒီတုန်းက အခုလိုသိရှိခဲ့ရင် ဘော့စ်ကို ‘စိတ်အတက်အကျတည်ငြိမ်ဆေး’နဲ့ ပူးတွဲကုသခဲ့မှာပါ။ ‘အဆင့်နိမ့်စိတ်ကြွရောဂါ’ သာဖြစ်ပွားရင် ‘ဝင်ရိုးစွန်းနှစ်ဖက်ရှိ စိတ်ရော ဂါ-၂’(Bipolar II Disorder)လို့ ခေါ်တယ်။ ‘စိတ်ကြွရောဂါ’ အစစ်ဖြစ်ပွားလာရင် ‘ဝင်ရိုးစွန်းနှစ်ဖက်ရှိ စိတ်ရောဂါ-၁’ (Bipolar I Disorder) လို့ ခေါ်ပါတယ်”

“ဘော့စ်ရောဂါရဲ့ ရှေ့အလားအလာက ဘယ်လိုလဲ ဒေါက်တာ”

“ဝင်ရိုးစွန်းနှစ်ဖက်ရှိ စိတ်ရောဂါ”(စိတ်ကြွ- စိတ်ကျရောဂါ)ရှင် ၁၅ ရာခိုင်နှုန်းက ရောဂါသက်သာပျောက်ကင်းနိုင်ပါတယ်။ ၄၀ ရာခိုင်နှုန်းက စိတ်ကြွ သို့မဟုတ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားတတ်ပေမယ့် ကုသမှုကြောင့် ရောဂါသက်သာနိုင်တယ်။ ၃၀ ရာခိုင်နှုန်းကျော်မှာတော့ ရောဂါသက် ကြာရှည်နေတာကို တွေ့ရှိရပါတယ်။ ဘော့စ်ဆေးရုံကဆင်းရင် စိတ်အတက်အကျ တည်ငြိမ်ဆေးကို ၂ နှစ်လောက် ဆက်တိုက်သောက် သုံးဖို့ ညွှန်ကြားပေးရလိမ့်မယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top