Healthy Life Ad
Life Style

အသည်းရောင်အသားဝါဘီရောဂါအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာဒေါ်ဝင်းဝင်းဆွေ (အသည်းအထူးကု ဆရာဝန်ကြီး)

မေး. အသည်းရောင် အသားဝါပိုးတွေအကြောင်း သိပါရစေ ဆရာမ။

ဖြေ. အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီ၊ ဒီ၊ အီးဆိုတဲ့ ပိုးတွေရှိတဲ့အနက် ဘီပိုးနဲ့ စီပိုးက နာတာရှည် ရောဂါဖြစ်ပြီး ဒီနာတာရှည်ရောဂါကို မသိဘဲနဲ့နေရင် နောက်ပိုင်းမှာ နောက်ဆက်တွဲအဖြစ် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ကာ လူ့သက်တမ်း တိုစေနိုင်ပါတယ်။ ဘီပိုးက ကာကွယ်နိုင်ပါတယ်၊ ကုသနိုင်ပါတယ်။ စီပိုးက ပျောက်ကင်းတဲ့အထိ ကုသနိုင်ပါတယ်။

မေး. ဘီပိုးကူးစက်မှုနှုန်း ဘယ်လောက်ရှိပါသလဲ ဆရာမ။

ဖြေ. ဘီပိုးက ဒီအင်န်အေဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး မျိုးကွဲအမျိုးအစားပေါင်း ၁၀ မျိုး တွေ့ရှိထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံက အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရပြီး ဘီပိုးရှိသူ သန်း ၃၀ဝ မှာ ပိုးသယ်ဆောင်သူ နာတာရှည် အသည်းရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ၂၀၁၅ခုနှစ် စာရင်းအရ ဘီပိုးရှိသူက ၆ ဒသမ၅ ရာခိုင်နှုန်းရှိပါတယ်။

မေး. ဘီပိုးရှိရင် လက္ခဏာမပြတာမျိုးလည်း ဖြစ်တတ်ပါသလား ဆရာမ။

ဖြေ. ဘီပိုးရှိရင် ဘာရောဂါလက္ခဏာမှမပြဘဲ ရှိနေသူ အတော်များများရှိပါတယ်။ နှစ်ကာလ ကြာရှည်လာတော့မှ နာတာရှည်အနေနဲ့ အသည်းခြောက်လာမယ်၊ အသည်းကင်ဆာဖြစ်လာမယ်၊ နာတာရှည်အသည်းရောဂါအနေနဲ့ ဖြစ်လာတာတွေ့ရပါတယ်။

မေး. ဘီပိုးက ဘယ်လိုကူးစက်နိုင်ပါသလဲ ဆရာမ။

ဖြေ. အသည်းရောင်အသားဝါ ဘီပိုးက စီပိုး၊ HIV ပိုးနဲ့ယှဉ်ရင် အများကြီးကူးစက်နိုင်ပါတယ်။ နံပါတ်တစ်အရေးကြီးဆုံးက သွေးကနေ ကူးစက်တာပါ။ လူတွေဟာ ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့ရာက ပေါက်ပြဲနေတဲ့ အရေပြား၊ သွေး၊ သွေးရည်ကြည်စတာတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဆိုရင် မတော်တဆ အပ်စူးမိရာက ဘီပိုးကူးစက်လွယ်တဲ့အတွက် ဘီပိုးကာကွယ်ဆေး ထိုးနှံထားရပါမယ်။ ဆေးမင်ကြောင်ထိုးတဲ့အခါ တစ်ခါသုံးအပ်နဲ့မဟုတ်ဘဲ မျှဝေထိုးရင် ကူးစက်နိုင်ပါတယ်။ ဘီပိုးရှိတဲ့သင်တုန်းဓားနဲ့ ခေါင်းရိတ်တယ်၊ မုတ်ဆိတ်ရိတ်တယ်ဆိုရင် ကူးစက်နိုင်တဲ့အတွက် လူတိုင်းလူတိုင်း သီးသန့်ဓားဆောင်ထားသင့်ပါတယ်။ တချို့ဆိုရင် သွားကြားထိုးတံ၊ လက်သည်းညှပ်၊ ခေါင်းဘီးတွေကို မျှဝေသုံးစွဲရင် ကပ်ငြိနေတဲ့ သွေးအမှုန်အမွှားကနေ ကူးစက်နိုင်ပါတယ်။ ဘီပိုးရှိသူနဲ့ လိင်ဆက်ဆံရင် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ ဘီပိုးရှိသူတစ်ဦးပါရင် တစ်အိမ်သားလုံး ဘီပိုးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ဘီပိုးရှိတဲ့ မိခင်ကနေ မွေးကင်းစကလေးကို ကူးစက်နိုင်ပါတယ်။ ဘီပိုးရှိတဲ့ မိခင်က ကလေးမွေး ပြီးပြီးချင်းမှာ ကလေးကို ကာကွယ်ဆေးနဲ့ Immunoglobulin ထိုးပေးရင် ဘီပိုးမကူးစက်တော့ပါဘူး။

မေး. ဘီပိုး ရှိ၊ မရှိ ဘယ်လိုသိနိုင်ပါသလဲ ဆရာမ။

ဖြေ. ဘီပိုး ရှိ၊ မရှိ သိနိုင်ဖို့ လူတိုင်းလူတိုင်း သွေးစစ်ဆေးမှုခံယူဖို့လိုပါတယ်။ သွေးဖောက်စစ်လို့ HbsAg ဆိုတာ အသည်းရောင်အသားဝါ ဘီပိုးရှိကြောင်းပြသတာပဲဖြစ်ပါတယ်။ သွေးထဲမှာ ဘီပိုးက ခြောက်လဆက်တိုက်ရှိတယ်ဆိုရင် နာတာရှည်ဘီပိုး သယ်ဆောင်သူအဖြစ်သတ်မှတ်ပြီး အမြဲတမ်း စစ်ဆေးကုသရမှာဖြစ်ပါတယ်။ ဘီပိုးရှိတဲ့အခါ အကောင်ရေ (Viral Load)ကိုလည်း စစ်ဆေးရပါတယ်။ ဒါကဈေးကြီးလို့ လူတိုင်းမစစ်ဆေးနိုင်ပါဘူး။ E antigen Positive မှာ ဘီပိုးကောင်ရေ နှစ်သောင်းကျော်ရင် ဘီပိုးသေဆေးတိုက်ရပါတယ်။ E antigen Negative မှာ ဘီပိုးကောင်ရေ နှစ်ထောင်ကျော်ရင် ဘီပိုးသေဆေး တိုက်ရပါတယ်။ ဘီပိုးကို အမြစ်ပြတ်ကုသလို့တော့ မရပါဘူး။ တစ်ခါတရံ လူနာတွေမှာ ဆေးထိုးကုသလို့ရပါတယ်။ ဆေးထိုးရင် ကုန်ကျစရိတ်များပါတယ်။ ဆေးထိုးရင် တစ်ပတ်တစ်ခါထိုးရပြီး ဆိုးကျိုးလေးတွေဖြစ်တဲ့ အစားအသောက်ပျက်တာ၊ ပျို့ချင်တာ၊ အန်ချင်တာ၊ နေထိုင်မကောင်းဖြစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ဘီပိုးသေဆေးကတော့ တစ်နေ့တစ်လုံးမှန်မှန် သောက်ပေးရင် ခြောက်လအကြာမှာ သိသိသာသာ လျော့ပါးသွားပါတယ်။ ဒါပေမဲ့ ဆေးကို မှန်မှန်မပျက်မကွက်သောက်ဖို့ လိုအပ်ပါတယ်။ ဘီပိုးသေဆေးကို စနစ်တကျသောက်ရင် သွေးထဲမှာ ပိုးကောင်ရေသုညအထိ ရောက်သွားတဲ့အထိ ထိရောက်မှုရှိပါတယ်။ ဆေးသောက်တဲ့အခါ ရေများများ သောက်ပေးဖို့လိုအပ်ပါတယ်။

မေး. ဘီပိုးမရှိရင် ကာကွယ်ဆေးကို ဘယ်လိုထိုးနှံထားသင့်ပါသလဲ ဆရာမ။

ဖြေ. ဘီပိုးမရှိရင် ဘီပိုးကာကွယ်ဆေးကို ထိုးသင့်ပါတယ်။ ကာကွယ်ဆေးအမျိုးအစားနှစ်မျိုး ရှိပါတယ်။ သွေးရည်ကြည်ကထုတ်တဲ့ Plasma derived vaccine ကတော့ လက်ရှိမှာ အသုံးမပြုတော့ပါဘူး။ လက်ရှိမှာတော့ ဗီဇနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Reconvinant Vaccine ကတော့ ၉၅ ရာခိုင်နှုန်းလောက်ကို ကာကွယ်မှုပေးပါတယ်။ ကာကွယ်ဆေးထိုးနည်းကတော့ ဝ-၁-၆ ဆိုတဲ့ နည်းရှိပါတယ်။ အခုတစ်လုံးထိုးတယ်၊ နောက်တစ်လနေရင် တစ်လုံးထိုးတယ်၊ နောက် ၆လကြာမှ တစ်လုံးထိုးတယ်။ နောက်အမြန်နည်းကတော့ ဝ-၁-၂ ဆိုပြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးတွေကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အနေနဲ့ မွေးကင်းစအချိန်မှာ ထိုးနှံပေးနေပါတယ်။ ကာကွယ်ဆေးကတော့ ဘေးထွက်ဆိုးကျိုးမရှိသလောက်ပါပဲ။ လက်မောင်းအောင့်တာလောက်ပဲရှိပါတယ်။ ကာကွယ်ဆေးထိုးပြီး တစ်လခွဲအကြာမှာ အောင်၊ မအောင် စစ်ဆေးသင့်ပါတယ်။

ဘီပိုးရှိတဲ့သူက ဆေးလိပ်၊ အရက်၊ ကွမ်းရှောင်ရပါမယ်။ တချို့က ကွမ်းစားရင် ဘာမှမဖြစ်ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ ကွမ်းက အသည်းခြောက်တာကို တိုက်ရိုက်ဖြစ်စေနိုင်လို့ ရှောင်ရပါမယ်။ အကင်တွေ၊ တာရှည်ခံဆိုးဆေးပါတဲ့ အစာတွေ၊ အဆီတွေ၊ အငန်တွေကို ဆင်ခြင်ရပါမယ်။ အကိုက်အခဲပျောက်ဆေးနဲ့ သံဓာတ်ပါတဲ့ဆေးတွေ မမှီဝဲရပါဘူး . . .

မေး. ဘီပိုးရှိသူတွေအနေနဲ့ ဘယ်လိုနေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါသလဲ ဆရာမ။

ဖြေ. ဘီပိုးရှိတဲ့သူက ဆေးလိပ်၊ အရက်၊ ကွမ်း ရှောင်ရပါမယ်။ တချို့က ကွမ်းစားရင် ဘာမှမဖြစ်ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ ကွမ်းက အသည်းခြောက်တာကို တိုက်ရိုက်ဖြစ်စေနိုင်လို့ ရှောင်ရပါမယ်။ အကင်တွေ၊ တာရှည်ခံဆိုးဆေးပါတဲ့ အစာတွေ၊ အဆီတွေ၊ အငန်တွေကိုဆင်ခြင်ရပါမယ်။ အကိုက်အခဲပျောက်ဆေးနဲ့ သံဓာတ်ပါတဲ့ ဆေးတွေမမှီဝဲရပါဘူး။ အဆီလွန်ကဲတဲ့ အစားအသောက်တွေ မစားသင့်ပါဘူး။ Gas ပါတဲ့ အချိုရည်တွေရှောင်ပြီး သဘာဝအသီးအရွက်၊ သစ်သီးဖျော်ရည်တွေကို စားသောက်ပေးရမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top