Healthy Life Ad
Life Style

ဖုန်းနှင့် အခြားအီလက်ထရောနစ်ပစ္စည်းများကထွက်သည့် အပြာရောင်ရောင်ခြည်နှင့်ကျန်းမာရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အပြာရောင်ခြည်အကြောင်းသိပါရစေဆရာ။

ဖြေ. အပြာရောင်ရောင်ခြည် (Blue Light)က ရူပဗေ ဒသဘောတရားအရ လှိုင်းအလျား ၄၅၀ နဲ့ ၄၉၀ နာနိုနီတာကြားမှာ ရှိတယ်လို့သိရပါတယ်။ အထူးသဖြင့် ဒါကိုပြောရမယ်ဆိုရင် မြင်နိုင်တဲ့ လှိုင်းအလျားကို ဆိုလိုတာပါ။ တီဗီ၊ စမတ်ဖုန်း၊ ကွန်ပျူတာ စတာတွေကနေ အပြာရောင်ခြည်ထွက်ပါတယ်။

မေး. အပြာရောင်ခြည်က လူတွေရဲ့ ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိပါသလဲ ဆရာ။

ဖြေ. ကျွန်တော် ပြောနေကျစကားတစ်ခုရှိပါတယ်။ တန်ဆေး၊ လွန်ဘေးပေါ့။ တီဗီ၊ စမတ်ဖုန်း၊ ကွန်ပျူတာစတာတွေက သုံးစွဲဖို့အတွက် တီထွင်ထားတယ်။ အသင့်အတင့်အသုံးပြုရင် ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်တယ်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ကို စွဲစွဲမြဲမြဲနဲ့ အကြာကြီးသုံးရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်။ အထူးသဖြင့် မျက်လုံးအတွက် အန္တရာယ်ရှိတာပါ။ အပြာရောင်ခြည်ရဲ့ သက်ရောက်မှုကို မျက်လုံးက အများဆုံးခံရတာဖြစ်ပါတယ်။

အခုနောက်ပိုင်း ကလေးလူကြီးအတော်များများ စမတ်ဖုန်းသုံးလာကြတဲ့အတွက် အပြာရောင်ခြည်တွေနဲ့ ထိတွေ့မှုများပြီး မျက်စိကျန်းမာရေးအပေါ် သက်ရောက်မှုရှိလာတာ တွေ့ရပါတယ်။ ဖုန်းနဲ့ ဖေ့စ်ဘွတ်ခ်သုံးတယ်၊ မက်ဆေ့ချ်ပို့တယ် . .စသဖြင့် အမြဲတမ်းထိတွေ့နေတဲ့အတွက် အလွန်အကျွံ ဖြစ်လာတဲ့အခါ မျက်စိကျန်းမာရေးအတွက် မကောင်းပါဘူး။ နာရီအပိုင်းအခြားအလိုက် ထိတွေ့တာကတော့ ပြဿနာမရှိပါဘူး။

မေး. အပြာရောင်ခြည်က တခြားကော ဘယ်လိုသက်ရောက်မှုဖြစ်တတ်ပါသေးသလဲ ဆရာ။

ဖြေ. အပြာရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းရင် နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေများပါတယ်။ နှလုံးရဲ့လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း စတာတွေ ပေါ်မှာသွားပြီး သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် ဂိမ်းတွေကိုနိုင်ချင်ဇောနဲ့ အသည်းအသန်ဆော့တဲ့ ကလေးတွေဆိုရင် နှလုံးခုန်နှုန်းအရမ်း မြန်လာပါတယ်။ နှလုံးခုန်နှုန်းမြန်တာရယ်၊ တချို့တက်သွားတာရယ်ဖြစ်တတ်ပါတယ်။ အပြာရောင်ခြည်ကလည်း တောက်လျှောက်ထိတွေ့နေရတဲ့အတွက် လုံးဝမကောင်းပါဘူး။

တီဗီ၊ စမတ်ဖုန်း၊ ကွန်ပျူတာစတာတွေက သုံးစွဲဖို့အတွက်တီထွင်ထားတယ်။ အသင့်အတင့်အသုံးပြုရင် ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်တယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ကို စွဲစွဲမြဲမြဲနဲ့ အကြာကြီးသုံးရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်။ အထူးသဖြင့် မျက်လုံးအတွက် အန္တရာယ်ရှိတာပါ။ အပြာရောင်ရောင်ခြည်ရဲ့ သက်ရောက်မှုကို မျက်လုံးက အများဆုံးခံရတာဖြစ်ပါတယ်။

မေး. ဖုန်းနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေ အသုံးများတာကြောင့် တခြားကော ဘာတွေ ဖြစ်တတ်ပါသေးသလဲ ဆရာ။

ဖြေ. ဖုန်း၊ ကွန်ပျူတာ၊ တီဗီ စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အသုံးများတာကြောင့် အိပ်ရေးပျက်တတ်ပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးတယ်၊ ဂိမ်းဆော့တယ်ဆိုရင် ညဘက်မှာ တော်တော်နဲ့မအိပ်တော့ဘူး။ ဖုန်းကထွက်တဲ့ အပြာရောင်ခြည်ကြောင့်လည်း အိပ်စက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက် ၁၀ နာရီအိပ်တတ်တဲ့သူဆိုရင် ည ၇ နာရီ-၈ နာရီလောက်ကတည်းက ဖုန်းမသုံးသင့်တော့ပါဘူး။ ကွန်ပျူတာမသုံးရင် ပိုကောင်းပါတယ်။ အိပ်စက်ချိန်နဲ့ နည်းပညာပစ္စည်းတွေကို ခွာသုံးမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ အပြာရောင်ခြည်ထိတွေ့တာကြောင့် ဆက်စပ်ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အိပ်ရေးပျက်တာ၊ ခေါင်းကိုက်တာ၊ အဝလွန်တာ၊ နှလုံး/ဆီးချိုရောဂါဖြစ်နိုင်ခြေရှိတာနဲ့ စိတ်တိုတာလည်းဖြစ်နိုင်ခြေရှိပါတယ်။

အခုနောက်ပိုင်း အိပ်ရေးပျက်တဲ့ ပြဿနာတွေကို တော်တော်များများ ကြုံနေရပါတယ်။ အိပ်ရေးမဝတဲ့အတွက် ခေါင်းကိုက်တယ်၊ ဇက်ကြောတက်တယ်၊ မူးဝေတယ်၊ အလုပ်လုပ်တဲ့အခါ ပင်ပန်းနွမ်းနယ်တယ်၊ နောက်ဆက်တွဲ အဝလွန်တယ် စတာတွေဖြစ်လာတတ်ပါတယ်။ ဒါတွေ မဖြစ်စေဖို့ ဖုန်းအပါအဝင် အီလက်ထရောနစ်ပစ္စည်းတွေကို တတ်နိုင်သမျှ လျှော့သုံးဖို့အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top