Healthy Life Ad
Life Style

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ ( ၅ ) “မြွေပွေးလို ခွေနေပေမယ့်…”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

တနင်္ဂနွေနေ့တစ်နေ့မှာ စာရေးသူရဲ့ သူငယ်ချင်းကိုတာ အိမ်လည်ရောက်လာပါတယ်။ အိမ်ပြင်ဝရန်တာမှာ လေညင်းခံရင်း ထွေရာလေးပါးစကား လက်ဆုံကျပါတယ်။ လက်ဖက်ရည်စားပွဲပေါ်မှာတင် ထားတဲ့သတင်းစာကို ကိုတာက ကောက်ကိုင်ပြီး သူစိတ်ဝင်စားတဲ့ သတင်းတစ်ခုကို လက်နဲ့ထောက်ပြပါတယ်။

“ဒီသတင်းကို ခင်ဗျားဖတ်ပြီးပြီလား”

“ဖတ်ပြီးပါပြီ”

ကိုတာပြောတဲ့ သတင်းကတော့ အနောက်ပိုင်း သြစကြေတးလျပြည်နယ်မှာဖြစ်ပွားတဲ့ မိသားစုအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပါတယ်။ အသက် ၆၁နှစ်အရွယ်မစ္စတာအမ်က သူ့ဇနီး၊ သူ့သမီးနဲ့ မြေးလေးယောက်ကို သတ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ အဖြစ်အပျက်ဖြစ်တယ်။

ကိုတာပြောတဲ့ သတင်းကတော့ အနောက်ပိုင်း သြစကြေတးလျပြည်နယ်မှာ ဖြစ်ပွားတဲ့ မိသားစုအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ်မစ္စတာအမ်က သူ့ဇနီး၊ သူ့သမီးနဲ့ မြေးလေးယောက်ကိုသတ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ အဖြစ်အပျက်ဖြစ်တယ်။

ကိုတာက မေးမြန်းပါတယ်။

“မစ္စတာအမ်က စိတ်ရောဂါခံစားနေရသူလို့ ခင်ဗျားထင်သလား”

“သတင်းစာထဲမှာ ခင်ဗျားဖတ်ရတယ် မဟုတ်လား။ မစ္စတာအမ်က သိုး၊ နွား၊ ကြက်မွေးမြူရေး လုပ်ငန်းပိုင်ရှင်ဖြစ်တယ်။ သူ့သမက်ရဲ့ ပြောစကားအရတော့ မစ္စတာအမ်က အေးအေးဆေးဆေးနေတတ်သူဖြစ်တယ်။ အရက်မသောက်တတ်ဘူး။ သဘောထားကြီးသူဖြစ်တယ်။ သူ့သမီးနဲ့ သမက်လင်မယား ပြတ်စဲတုန်းက မစ္စတာအမ်က ဘက်မလိုက်ဘဲ မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးတတ်တယ်လို့လည်း ဖော်ပြထားတယ်။ ဒီတော့ မစ္စတာအမ်က အကြမ်းဖက်ရက်စက်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းမှု ရှိသူမဖြစ်နိုင်ဘူး။ အသက် ၆၀ကျော်မှ စိတ်အခြေ အနေပြောင်းလဲလာတာဆိုတော့ စိတ္တဇရောဂါတစ်ခုခု ခံစားနေရတာ ဖြစ်နိုင်ပါတယ်”

“ဘယ်လို စိတ်ရောဂါမျိုးလဲ”

“သူ့သမက်ပြောတာကတော့ မစ္စတာအမ်က ဒီလိုပြုမူဖို့ကြံစည်နေတဲ့ အရိပ်အရောင်တချို့ကို တွေ့ရှိရတယ်လို့ပြောပါတယ်။ ခင်ဗျား စိတ်ဝင်စားရင် ကျွန်တော်ရှင်းပြမယ်။ သြစတြေးလျနိုင်ငံမှာ ၁၉၈၇ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၁၄)မှုဖြစ်ပွားခဲ့တယ်။ အဲဒီအဖြစ်အပျက်တွေကို လေ့လာပြီး ဒေါက်တာမက်ဖာဒရမ်ဆိုသူက စာတမ်းရေးထားတာရှိတယ်”

“ဆက်ပြောပါဦး”

“ပြစ်မှုကျူးလွန်သူအားလုံးက ယောကျာ်းတွေချည်းဖြစ်တယ်။ ပျမ်းမျှအသက်က ၃၅ နှစ်။ အသတ်ခံရသူအများစုက အိမ်သူအိမ်သားဆွေမျိုးရင်းချာတွေဖြစ်ပါတယ်။ စိတ်ကျန်းမာရေးရှုထောင့်ကကြည့်ပြီး ပြစ်မှုကျူးလွန်သူတွေကို လေးမျိုးခွဲခြားဖော်ပြထားတယ်။ (က) တစ်ဝက်ကျော်က စိတ်ကျန်းမာရေးချို့ယွင်းတဲ့ အထောက်အထားမရှိဘူး။ (ခ) စိတ္တဇရောဂါ (Psychotic Disorder) ဖြစ်ဖူးသူ၊ အမှုဖြစ်ပွားချိန်မှာ စိတ္တဇရောဂါရှိတဲ့ အထောက်အထားရှိသူက ၃ယောက်၊ (ဂ) စိတ်ကျရောဂါခံစားနေရတဲ့ အထောက်အထားရှိသူက ၄ယောက်နဲ့ (ဃ) လူမှုရေးပြဿနာဖိစီးမှုခံစားနေရလို့ လက်လွတ်စပယ် ပြုလုပ်မိသူတို့ ဖြစ်ပါတယ်”

ကိုတာက ကြားဖြတ်မေးပါတယ်။

“စိတ္တဇရောဂါရှိသူ ပြစ်မှုမကျူးလွန်ခင် ဘေးကလူတွေက မရိပ်မိဘူးလား”

“တချို့စိတ္တဇရောဂါရှိသူတွေက သူတို့ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို ပြောမပြေချင်ဘူး။ သူတို့ရဲ့ အတွေးတွေကို လျှို့ဝှက်ထားတတ်ကြတယ်။ မိသားစုဝင်တွေကလည်း လူနာကို ဒီလိုအတွေးတွေ ရှိ၊မရှိ တိုက်ရိုက်မေးမြန်းဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါကြောင့် မီးခိုးငွေ့ကို သတိမထားမိလို့ မီးဟုန်းဟုန်း တောက်မှသိကြရတာ”

“ခင်ဗျားပြောဖူးတဲ့ ပါးပျဉ်းထောင်ပြနေတဲ့ မြွေဟောက်လိုမဟုတ်ဘဲ ငြိမ်ငြိမ်လေးခွေပြီး ဆင်ကြံကြံနေတဲ့ မြွေပွေးလိုသဘောလား”

“ဟုတ်ပါတယ် ကိုတာ။ ဒေါက်တာမက်ဖာဒရမ်ရဲ့ စာတမ်းထဲမှာ ဖော်ပြထားတဲ့ စိတ္တဇလူနာအီးဗီလိုပေါ့။ အီးဗီယဉ်ယဉ်လေး စိတ်နောက်နေတာကို သူ့မိတ်ဆွေနဲ့ အိမ်နီးနားချင်းတွေက မရိပ်မိကြဘူး။ အီးဗီက ဘေးအိမ်ခန်းက လူတွေကို မယုံသင်္ကာ ဖြစ်နေတယ်။ ယုံမှားသံသယစိတ်လွန်ကဲနေတယ်။ ညာဘက်ခန်းက မစ္စတာစီက သူ့အကြောင်း မကောင်းသတင်းတွေ လွှင့်နေတယ်လို့ ယုံကြည်နေတယ်။ “ဒီကောင်က လူလိမ်လူညာ၊ အလုပ်မလုပ်ချင်လို့၊ ပျင်းရိလို့အစိုးရထောက်ပံ့ကြေးကို လိမ်ညာတောင်းစားနေတဲ့သူ”လို့ မစ္စတာစီက ပြောနေတာကို ကြားနေရတယ်။ ရပ်ကွက်ထဲက လူတွေကလည်း မစ္စတာစီအပုပ်ချနေတာကို ယုံကြည်နေကြတယ်။ သူတို့က သူ့ကို မလိုမုန်းထားဖြစ်နေကြတယ်လို့ အီးဗီက စွဲစွဲမြဲမြဲထင်မြင်ယူဆလာတယ်။ သူအိမ်ပြင်ထွက်ရင် လမ်းပေါ်က လူတွေရဲ့ အကြည့်ကမရိုးဘူး။ သူ့ကိုလုပ်ကြံဖို့ တိုင်ပင်နေကြတယ်လို့ အီးဗီက ယုံမှားစိတ်ရှိနေတယ်။ ဒါပေမဲ့ အီးဗီက အော်ဟစ်ကြိမ်းမောင်းဆဲဆိုတာမျိုးမရှိဘူး။ အိမ်နီးနားချင်းတွေကို တိုက်ခိုက်ဖို့စိန်ခေါ်တဲ့ အမူအရာလည်းမပြဘူး။ သူ့စိတ်ထဲမှာ မခံရပ်နိုင်အောင် ခံစားနေရပြီး မီးတောက်နေတယ်။ ဒီလိုလူတွေကို လက်ဦးအောင် အပြတ်ရှင်းပစ်ဖို့ စိတ်ကူးတွေပေါ်ပေါက်လာပါတယ်”

ကိုတာက ဝင်ပြီးထောက်ပြောတယ်။

“ဆင်ကြံ ကြံနေတဲ့ သဘောလား”

“ပြောလို့ရပါတယ်။ ဒါကြောင့် ဒီလိုအန္တရာယ်မျိုးကို အတူနေတဲ့မိသားစုဝင်တွေတောင်မှ အလေးမထားမိတာရှိနိုင်တယ်။ အမှုဖြစ်ပွားတဲ့ တစ်နေ့မှာတော့ အီးဗီက သူလျှို့ဝှက်ရယူထားတဲ့ သေနတ်နဲ့ မစ္စတာစီကိုပစ်သတ်တယ်။ သူ့အိမ်ခန်းအောက်ထပ်က အမျိုးသမီးမိတ်ဆွေကို ပစ်သတ်တယ်။ လမ်းပေါ်က လူနှစ်ယောက်ကိုလည်း ပစ်သတ်တယ်။ တရားရုံးမှာ အမှုတင်တော့ တရားသူကြီးက အီးဗီရဲ့ စိတ်အခြေအနေကို စစ်ဆေးတင်ပြဖို့ ညွှန်ကြားတယ်။ အီးဗီအခုလိုပြုမူတာက “သံသယစိတ်ယုံမှားမှု လွန်ကဲစိတ်နှစ်ခွရောဂါ” (Paranoid Schizophr­enia) ကြောင့်ဖြစ်တာလို့ စိတ်ကျန်းမာရေးဆရာဝန်က မှတ်ချက်ချပါတယ်”

ကိုတာက သူနားမလည်တဲ့အချက်တစ်ခုကိုမေးပါတယ်။

“စိတ်ကျရောဂါ ခံစားနေရသူကိုတော့ ဘယ်လိုပြောမလဲ။ လူနာက လေးလံထိုင်းမှိုင်းပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတယ်မဟုတ်လား။ ဒီလိုလူနာမျိုးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နိုင်တယ်ဆိုတာ ကျွန်တော် နားလည်လို့ မရဘူးဗျ”

“ဖြစ်ပွားတတ်ပါတယ်။ ဒေါက်တာမက်ဖာဒရမ်ရဲ့စာတမ်းထဲမှာ ဖော်ပြထားတဲ့ မစ္စတာအိပ်ချ်လိုပေါ့။ မစ္စတာအိပ်ချ်က အသက် ၄၀ ကျော် အိမ်ထောင်ရှင်တစ်ဦးဖြစ်တယ်။ ဘေးကအမြင်မှာ သူ့အိမ်ထောင်ရေးက ပုံမှန်အနေအထားပဲ။ အမှုဖြစ်ပွားတဲ့နေ့မှာ မစ္စတာအိပ်ချ်က သူ့ဇနီးနဲ့ အသက် ၁၀ နှစ်၊ ၈ နှစ်နဲ့ ၆ နှစ် အရွယ်ကလေးသုံးယောက်ကို အိပ်ခန်းထဲမှာ သေနတ်နဲ့ပစ်သတ်တယ်။ နောက်ပြီး သူ့ကိုယ်သူအဆုံးစီရင်သွားပါတယ်။ မစ္စတာအိပ်ချ်ရဲ့ ဆွေမျိုးသားချင်းတွေရဲ့ပြောပြချက်ကို လေ့လာဆန်းစစ်ကြည့်တော့ မစ္စတာအိပ်ချ်ကအမှုဖြစ်ပွားချိန်မှာ စိတ်ကျရောဂါ ခံစားနေရတယ်လို့ ဒေါက်တာမက်ဖာဒရမ်က မှတ်ချက်ချထားပါတယ်”

ကိုတာက ထပ်ဆင့် မေးမြန်းပါတယ်။

“ဘယ်လိုစိတ်ကျရောဂါမျိုးရှိသူက အခုလို ပြုလုပ်တတ်သလဲ”

“စိတ္တဇစိတ်ကျရောဂါ (Psychotic Depression) ခံစားနေရတဲ့ လူနာက အဲဒီလိုပြုလုပ်ဖို့ အန္တရာယ်ရှိပါတယ်။ စိတ္တဇစိတ်ကျရောဂါမှာ ဖြစ်ပေါ်တတ်တဲ့ ယုံမှားမှုလွန်ကဲစိတ်က အကြောင်းရင်းဖြစ်တယ်။ အန္တရာယ်များတဲ့ ယုံမှားမှုလွန်ကဲစိတ် သုံးမျိုးကိုရှင်းပြပါမယ်”

(က) မိမိကိုယ်မိမိ အပြစ်မြင်စိတ်လွန်ကဲမှု

ဒီလိုယုံမှားစိတ်ဆိုးရွားပြင်းထန်လာရင် ဘာဖြစ်မလဲ။ “လူတွေ သေကြေပျက်စီးဒုက္ခရောက်တာ ငါ့ကြောင့်ဖြစ်တာ။ ငါက ခွင့်မလွှတ်သင့်တဲ့ အမှားတွေကိုကျူးလွန်မိတယ်။ ဒါကြောင့် မိသားစုဝင်တွေ အပါအဝင် လူတွေအားလုံးက ငါ့ကို မုန်းတီးနေကြတယ် စသဖြင့် ယုံကြည်မှုအမှားတွေ ထပ်ဆင့်ဖြစ်ပေါ်လာတယ်။ ဒါကြောင့် မိသားစုဝင်တွေကို အန္တရာယ်ပြုတတ်ပါတယ်။

(ခ) ဓားစာခံစိတ်လွန်ကဲမှု

ရိုးရာအယူအဆကို လက်ခံတဲ့ လူနာတချို့ကတော့ သူတို့ဝေဒနာ ခံစားနေရတာက စုန်းပြုစားလို့၊ မကောင်းဆိုးဝါးတွေ ကပ်နေလို့ဖြစ်တာ။ မိသားစုဝင် တွေထဲမှာစုန်းရှိနေတယ်။ အပမှီခံရတဲ့လူ ရှိနေတယ်လို့ ယုံကြည်လာတတ်တယ်။ အဲဒီလို အထင်မှားခံရသူကို လူနာက အန္တရာယ်ပြုတတ်ပါတယ်။

(ဂ) အပျက်မြင်ယုံမှားမှုလွန်ကဲစိတ်

စိတ်ကျရောဂါရှိသူတချို့ကတော့ အနာဂတ်မှာ ဘာမှမျှော်လင့်ချက်မရှိဘူး။ ဘေးဒုက္ခတွေနဲ့ချည်း ကြုံတွေ့ရမှာပဲ စသဖြင့် ယုံမှားမှု စွဲလမ်းနေတတ်တယ်။ ဒါကြောင့် သူချစ်တဲ့ မိသားစုဝင်တွကိုလည်း အဲဒီလိုဘေးဒုက္ခတွေ မခံစားစေချင်တော့ဘူး။ ဒါကြောင့် လူနာက သူတို့ကို သူနဲ့အတူ ခေါ်ယူသွားတာ ရှိပါတယ်”

ကိုတာက မှတ်ချက်ချပါတယ်။

“သတင်းစာထဲမှာ ဖတ်ရတဲ့ မစ္စတာအမ်က အဲဒီလိုရောဂါမျိုး ခံစားနေရမယ်ထင်ပါတယ်”

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် သတိပေးပါရစေ။ အဲဒီလိုဖတ်ရ၊ ကြားရလို့ စိတ်ရောဂါလူနာတွေကို ခွဲခြားဆက်ဆံဖို့တော့ မသင့်တော်ပါဘူး။ စိတ်ရောဂါခံစားရတဲ့ လူနာ ၉၀ ရာခိုင်နှုန်းကျော်က အကြမ်းဖက်တိုက်ခိုက်တတ်ခြင်း မရှိပါဘူး ကိုတာ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top