Healthy Life Ad
Q & A

မကြာခဏ အုန်းလွဲနေတယ် . . .

မေး. ကျွန်တော် အိပ်ရာထတိုင်း မကြာခဏ အုန်းလွဲတတ်ပါတယ်ဆရာ။ ခေါင်းအုံး နေလှန်းရတယ်ပြောလို့လည်း လှန်းပါတယ်။ မသက်သာပါဘူး။ အဲဒါ ဘယ်လိုလုပ်သင့်ပါသလဲ။
ဦးထွန်း၊ တောင်သာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခေါင်းကို တစ်ဖက်တည်း အကြာကြီးစောင်းပြီး အိပ်နေတဲ့အခါမှာ စောင်းထားတဲ့ဖက်က ကြွက်သားက ပျော့နေပေမယ့် ကျန်တစ်ဖက်က ကြွက်သားတွေက အရမ်းတင်းနေတတ်ပါတယ်။ တင်းနေတာများပြီး ကြာသွားတဲ့အခါမှာ ကြွက်သားကမာပြီး တင်းသွားပါတယ်။ ကြွက်သားဆိုတာက တင်းနေရင် ပြန်ပြန်ပြီးကျုံ့ပါတယ်။ ဆွဲကျုံ့နေရင်းနဲ့ ကြာလာတဲ့အခါမှာ တန့်သွားတတ်ပါတယ်။ တန့်သွားတဲ့အခါမှာ တောင့်သွားပြီး ပြန်လှည့်လိုက်ရင် အရမ်းနာလာပါတယ်။ အဲဒါက အရိုးကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ကြွက်သားကြောင့် ဖြစ်တာပါ။

ဒီလိုမဖြစ်အောင်တော့ ခေါင်းကို ပုံစံမှန်မှန်ထားရပါမယ်။ နောက်တစ်ချက်ကတော့ ခေါင်းစောင်းနေတာကြာလာရင် ပုံစံနည်းနည်းပြောင်းပေးဖို့လည်း လိုပါတယ်။ ကွန်ပျူတာနှိပ်တဲ့အခါတွေမှာ ပုံစံမှားနေရင် ခေါင်းကငုံနေရရင်၊ ကားမောင်းတဲ့အခါမှာလည်း ထိုင်ခုံအမှီကို နောက်ကိုလှန်ထားတာတွေက ခေါင်းအနေအထားပုံစံကို မှားစေတဲ့အတွက် အုံးလွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ အရိုးတွေတိုင်းကို ကြွက်သားတွေက ထောက်ပံ့နေပါတယ်။ အရိုးတွေ ပုံစံမမှန်တဲ့အခါမှာ ကြွက်သားတွေလည်း ပုံစံမမှန်တော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဆုံလည်ကုလားထိုင်တွေကို သုံးလာတာဖြစ်ပါတယ်။ တစ်ဖက်ဖက်ကို လှည့်ပြောရတဲ့အခါမှာ ခါးကိုလှည့်ပြီး ပြောရတဲ့အတွက် ကြွက်သားတွေက လိမ်သွားတတ်ပါတယ်။ အနေအထားမမှန်လို့၊ အနေအထားတစ်ခုတည်းမှာ အကြာကြီးနေနေတဲ့အတွက် ဖြစ်တာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top