Healthy Life Ad
Health Tips

လည်ပင်းကျီးပေါင်းတက်နေပါတယ် (Cervical Spondylosis)

———၊ ဒေါက်တာတင့်ဆွေ ၊———

၁။ မင်္ဂလာပါဆရာ။ ကျွန်တော့်အသက် ၂၄ နှစ်ပါ။ အရင်နှစ်နှစ်လောက်ကစပြီး ခေါင်းအုံးနှစ်လုံးဆင့် အိပ်ပါတယ်ဆရာ။ ညဘက်ဆို ကျောက်ရွေးပါတယ်ဆရာ။ ခေါင်းငုံ့ရပါတယ်ဗျ။ ဖုန်းတနေကုန် သုံးရပါတယ်ဆရာ။ လွန်ခဲ့တဲ့ လေးလလောက်ကစ ဇက်တွေအရမ်းညောင်းကိုက်ပြီး ခေါင်းတစ်ခြမ်း ကိုက်လာပါတယ်။ မျက်လုံးလည်း တအားကိုက်ပါတယ်ဆရာ။ ခုထိ မသက်သာသေးပါဘူးဗျ။ အရင်ပြနေကြ ဆရာဝန်ကတော့ ခေါင်းကိုက်ရောဂါလို့ပြောပြီး အကိုက်အခဲပျောက်ဆေးပဲ ၃ လလောက် ဆက်တိုက်ပေးပါတယ်။ ဆေးသောက်ချိန်သက်သာပြီး ဆေးနားရင် ပြန်ပြန်ဖြစ်ပါတယ်။

ယခု ဆရာဝန်ပြောင်းပြီး ပြတော့မှ ဂုတ်ကျီးပေါင်း အာရုံကြောလမ်းကြောင်း ကျဉ်းတာလို့ ပြောပါတယ်ဗျ။ ယခု သူ့နားဆေးထိုး ဆေးသောက်လုပ်နေတာ ၁ လလောက်တော့ ရှိပါပြီခင်ဗျ။ သက်သာလိုက် ပြန်ဖြစ်လိုက်ပဲ ဖြစ်နေလို့ပါ။ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိချင်ပါတယ်ဆရာ။ ဖုန်းသုံးရ၊ မရ သိချင်ပါတယ်ဆရာ။ စီးပွားရေးအရတော့ သုံးနေရလို့ပါဗျ။ ရောဂါအရ မသုံးရဖူးဆိုရင်တော့ မသုံးတော့ပါဘူးဗျ။ နာတာရှည်ရောဂါလား။ အရှင်းပျောက်ကင်းနိုင်ပါသလားဗျ။ ဆရာအားလပ်ချိန်များရှိရင် ဖြေးကြားပေးပါဦးဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

၂။ ဆရာရှင့် ရိုသေစွာ စာရေးလိုက်ရပါသည်။ ကျွန်မအသက် ၃၅နှစ်၊ အိမ်ထောင်ရှိပါသည်။ ဗိုက်ခွဲပြီး မီးဖွားထားသူပါ။ အခု နို့စို့သမီးငယ်လေးက ၈ လပါ။ ကျွန်မအခု ဂုတ်ကျီးပေါင်းဝေဒနာ ခံစားနေရပါတယ်ရှင့်။ တပတ်တခါ အမြဲပဲ ခေါင်းတခြမ်းထိုးကိုက်၊ ခြေလက်တုန်၊ ခေါင်းမူး၊ အော့အန်၊ ဝမ်းသွားချင်သလိုဖြစ်တဲ့ လက္ခဏာများဖြစ်ပြီး လူက တုန်းကနဲ ပစ်လဲသလိုပါရှင့်။ ဓာတ်မှန်ရိုက်ကြည့်တော့ ဆရာဝန်က ကျီးပေါင်းလို့ သတ်မှတ်ပြီး သောက်ဆေးစွဲသောက်ဖို့ ပေးပါတယ်။ ဒါပေမဲ့ ဆေးညွှန်းစာမှာ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်များ မသောက်သုံးရလို့ ပါပါတယ်ရှင့်။ ကလေးငယ်လေးထံကို ဆေးအာနိသင်များက မိခင်နို့မှတဆင့် ရောက်နိုင်ပါသလားရှင့်။

ကျွန်မမှာလည်း ဝေဒနာပေါ်ရင် မခံမရပ်နိုင်အောင် ဖြစ်တတ်တာမို့ ဆေးသောက်လိုပေမယ့် ကလေးကိုလည်း စိုးရိမ်တာမို့ ဝေခွဲရခက်နေပါသည်ရှင့်။ ကူညီဖြေကြားပေးပါဦးရှင့်။ ကျွန်မ၏ ဓာတ်မှန်အဖြေနှင့် သောက်ရန်ညွှန်ကြားထားသော ဆေးများကိုလည်း ပြသအပ်ပါသည်ရှင့်။ သောက်ဆေးများမှာ Nervex n ညတစ်ကြိမ် ၂ လုံး ၁ လသောက်ရန် Calcivita Forte မနက် ၁ လုံး ၆ လသောက်ရန် Nuberol ည ၁ လုံး ၁ လသောက်ရန် Osteoflan မနက် ၁ လုံး ၆ လသောက်ရန်တို့ ဖြစ်ပါသည်ရှင့်။

၃။ မင်္ဂလာပါဆရာ ကျွန်မ၏ခင်ပွန်းမှာ ၄၈ နှစ်အရွယ် နိုင်ငံခြားသင်္ဘောသားတစ်ယောက်ပါ။ ဆီးချိုနဲ့သွေးတိုး အနည်းငယ်ရှိပါတယ်။ လွန်ခဲ့သော ၂ ရက်က အိပ်ရာအထ အုံးလွဲသလိုဖြစ်နေပြီး ယခုတိုင် ဆေးလိမ်းသော်လည်း မသက်သာပါတဲ့။ neck collar လည်းတပ်ပါသည်တဲ့။ နားအနောက် လက် ၃ လုံး နေရာလောက်မှ ထိုးပါသည်တဲ့။ မည်သို့လုပ်ရမည်ကို ကျေးဇူးပြု၍ ညွှန်ကြားပေးပါရှင်။ ကျေးဇူးတင်ပါသည်ရှင့်။

ကျီးပေါင်းတက်တာ ခဏခဏမေးကြတယ်။ လည်ပင်းလား၊ ခါးလား မပြောသူကများတယ်။ ဖြစ်တာလည်း မရှား။

အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်းလာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမယ့် သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြောဆိုတာက နာတာကို သိတာနဲ့ လှုပ်ရှားမှုဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြောအမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်းမလှုပ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံးအနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားပဲ။ အုံးလွဲတယ် ခေါ်တာမျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။

“အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်းလာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမယ့် သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်” . . .

ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄)=၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ်မကောင်းရင် အဲဒီအာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်း နာ၊ ဂုတ်ပိုး နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလို ခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။

ဒီလက္ခဏာတွေက Spondylosis ကြောင့် အပြင် Herniated intervertebral disks အဆစ်ကြား အရွတ်ကျွံထွက်တာနဲ့ Fibromyalgia and myofascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေအရွယ်ရလာရင် သူ့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။

လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက်ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်းမထိန်းနိုင်တာ၊ ဆီး-ဝမ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့အပြင် ခြေတွေ၊ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ ရှော့ခ်လို့ခေါ်နိုင်တဲ့ Paresthesia ဖြစ်စေတတ်သေးတယ်။ သေချာအောင် X-rays နဲ့ MRI လုပ်ရတယ်။ အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ လူနေမှုပုံစံ ပြောင်းဖို့လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့်ပြောင်းရမယ်။ ဘေးကနေ လုပ်ပေးနိုင်တာတွေက ဖီဇီရိုသာရာပီကုတာနဲ့ အနာသက်သာဆေးတွေပေးတာ ဖြစ်တယ်။ လိုအပ်လာရင် ခွဲစိတ်ရတယ်။ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteo- pathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေပါတယ်။

အာယုဗေဒနည်းမှာ Mahanarayan taila က အကောင်းဆုံးလို့ဆိုတယ်။ တနေ့ ၂-၃ ကြိမ် နှိပ်ပေးရတယ်။ ဆောင်းတွင်းဆိုရင် ဆေးအဆီကို နည်းနည်းအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada gug-gulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ဝမ်းနုတ်တဲ့ သဘောလည်းပါတယ်။ ဝမ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့မရရင် ၆ ပြားပေးတယ်။ Triphala powder ဆေးမှုန့်ကိုလည်း သုံးတယ်။ နွားနို့ပူပူထဲ ဆေးလက်ဖက်ရည် ၁ ဇွန်းနဲ့ သကြားထည့်သောက်စေတယ်။ တစ်ပတ် ၂ ခါကနေ တနေ့တခါပေးတယ်။

နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဖို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ဆိုပြီး ဆေးကုတာကို အတင်းမလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ရာသီဥတု၊ အေးတဲ့ရေချိုးတာ၊ အပြင်းအထန်လှုပ်ရှားတာ မကောင်းပါ။ လည်ပင်းလေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကိုနားလုပ်ပါ။

အများဆုံးသုံးတဲ့ အနာသက်သာဆေး (၃) မျိုးရှိတယ်။ တမျိုးကနေ နောက်တမျိုးလည်း ပြောင်းဖို့လိုရင် ပြောင်းပါ။ Diclofenac, ibuprofen နဲ့ naproxen ဆေးတွေ။ လေနာရှိသူ၊ ပန်းနာရှိသူ၊ သွေးတိုးရှိသူ၊ အသည်းမကောင်းသူ၊ နှလုံးရောဂါရှိသူတွေနဲ့ မသင့်ပါ။ သူတို့က Paracetamol သောက်နိုင်တယ်။ သိပ်ဆိုးတဲ့အချိန်မှာ Codeine ပါတဲ့ အနာသက်သာဆေး သောက်နိုင်တယ်။ Muscle relaxants ကြွက်သားပြေလျော့ဆေးလည်း တချို့မှာလိုတယ်။ ရက်တိုသာလိုမယ်။ ၁၀ ရက်ထက်မကြာသင့်ပါ။ Diazepam ကိုလည်း တခါတလေလိုမယ်။ နားနိုင်၊ အိပ်နိုင်စေမယ်။ Amitri-ptyline နာတာက တလအထိကြာနေရင် ပေးတယ်။ အမှန်က စိတ်မကျဆေးဖြစ်တယ်။ Gabapentin (pregabalin) ဆေးကိုလည်း သုံးရတယ်။ အာရုံကြောထိလို့ နာတာကို သက်သာစေတယ်။ တခါတလေ အနာသက်သာဆေးထိုးပါ။

သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ရတယ်။ အေရိုးဗစ်၊ ရေကူးတာ၊ လမ်းလျှောက်တာ။ ညအိပ်ရင် လည်ပင်းမှာ အနေတော်မာတင်းတင်း ခေါင်းအုံးသုံးပါ။ ထိုင်တာမှာ အနေအထား သင့်တော်တာရွေးပါ။ neck brace or collar လည်ပင်းကော်လာကို အကြာကြီးတော့ မလိုပါ။ တပတ်ထက်မပိုသင့်ပါ။ လိုအပ်သူတွေက ခွဲစိတ်ကုသမှု လုပ်ရမယ်။

Most Popular

Healthy Life Ad
To Top