Healthy Life Ad
Health Tips

သင့်ခြေထောက်ကို တစ်နေ့ မိနစ် ၂၀ မြှင့်ပေးခြင်းဖြင့် သင်ပြန်လည်ရရှိမည့် ကောင်းကျိုးများ

ကျွန်မတို့တတွေက နေ့စဉ်ရုန်းကန်လှုပ်ရှားသွားလာနေရတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်များများမပေးနိုင်ကြပါဘူး။ ဒါကြောင့် ပိုပင်ပန်းနွမ်းနယ်တတ်ပါတယ်။ တစ်နေ့မှာ မိနစ် ၂၀လောက် ဒီလေ့ကျင့်ခန်းလေးလုပ်ပေးရုံနဲ့ မောပန်းမှုကင်းပြီး စိတ်ခံစားမှုကို သိသိသာသာ ကောင်းမွန်လာစေမှာဖြစ်ပါတယ်။


ခြေထောက်ကို မှန်ကန်စွာမြှင့်ပါ

– နံရံတစ်ခုနားမှာ သက်သောင့်သက်သာ အနေအထားနဲ့လှဲနေပါ။ ပက်လက်လှန်ပြီး ခေါင်းအုံးတစ်ခုပေါ် လှဲအိပ်ပါ။

– ခြေထောက်တွေကိုမြှင့်ပြီး နံရံနဲ့ကပ်လျက် မှီထောင်ထားပါ။ တစ်ကိုယ်လုံးကို အကြောလျှော့ပေးရပါမယ်။

– ဒီအနေအထားမှာ ၁၅-၂၀ မိနစ်ခန့်နေပါ။

သင့်အဝတ်အစားတွေက သွေးလှည့်ပတ်မှုကို အဟန့်အတားမဖြစ်စေရပါဘူး။ ပေါ့ပါးတဲ့ ဝတ်စုံဝတ်ပါ။ ခြွင်းချက်အနေနဲ့ ခြေထောက်နဲ့ ကျောရိုးမမှာ နာတာရှည်နာကျင်မှုဖြစ်ရင် သတိထားရပါမယ်။ ဒါ့အပြင် နံရံနဲ့ ခပ်ဝေးဝေးမှာ လှဲတာမျိုး၊ လည်ပင်းအောက်က ခေါင်းအုံးက ပျော့လွန်းတာမျိုး မဖြစ်စေပါနဲ့။ သက်သောင့်သက်သာအနေအထားမျိုးမှာ လှဲအိပ်နိုင်ရင် အောက်ပါကောင်းကျိုးတွေ ရရှိမှာပါ။


(၁) ခြေထောက်ရောင်ရမ်းတင်းမာမှု သက်သာစေပါတယ်

ခြေထောက်ရောင်ရမ်းတင်းမာမှုက သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဆက်နွှယ်မှုရှိပါတယ်။ နှလုံး ဒါမှမဟုတ် ကျောက်ကပ်လုပ်ငန်းဆောင်တာမကောင်းတာ၊ ကိုယ်အလေးချိန်များတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်စားသောက်တာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ရောဂါတွေကို ကုသနိုင်တာမဟုတ်ပေမယ့် ခြေထောက် သွေးလှည့်ပတ်မှုကောင်းစေပြီး ရောင်ရမ်းတင်းမာတာကို သက်သာစေပါတယ်။


(၂) ဖိနပ်အမြင့်စီးတဲ့အခါ ညောင်းညာတာမျိုး မဖြစ်စေပါဘူး

ဖိနပ်အမြင့်စီးတာက အမျိုးသမီးတစ်ယောက်ကို ပိုကြည့်ကောင်းစေတာ အမှန်ပါ။ ဒါပေမဲ့ ဒီလိုဖိနပ်ကို တစ်ချိန်လုံးစီးနေရင် ကျန်းမာရေးထိခိုက်ပြီး ခြေထောက်ညောင်းညာတာမျိုးဖြစ်စေနိုင်ပါတယ်။ အိမ်ပြန်ရောက်လို့ဖိနပ်ချွတ်ပြီး ခြေထောက်ကို မြှင့်ထားပေးရင် ခြေထောက်ညောင်းညာမှုသက်သာစေပါတယ်။ ဒါ့အပြင် ခြေသလုံးကို ညင်ညင်သာသာနှိပ်ပေးတာ၊ ရေနွေးနဲ့ ရေချိုးပေးတာတို့ လုပ်ဆောင်ပေးရပါမယ်။


(၃) အစာခြေစနစ် အားကောင်းစေပါတယ်

လှဲလျောင်းရင်း ခြေထောက်မြှင့်တာက အစာအိမ်ရဲ့ အလုပ်လုပ်ပုံကိုအားကောင်းစေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေဆီ သွေးလှည့်ပတ်ရောက်ရှိမှုအားကောင်းပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။ အဲဒီအခါ ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရင် အာဟာရဓာတ်အများစုကို မြန်ဆန်စွာစုပ်ယူရရှိစေပါလိမ့်မယ်။


(၄) အာရုံကြောစနစ် ထိခိုက်မှုမရှိစေပါဘူး

ဒီအနေအထားမှာ လေတွေကို ကောင်းကောင်းရှူသွင်းဖြစ်စေပြီး ပိုအနားရစေပါလိမ့်မယ်။ ခန္ဓာကိုယ်တစ်သျှူးတွေက အောက်ဆီဂျင်များများရပြီး သွေးလှည့်ပတ်မှုအားကောင်းကာ ကိုယ်တွင်းအင်္ဂါတွေဆီ အာဟာရဓာတ်ရရှိစေမှာပါ။ လည်ပင်း၊ အစာအိမ်နဲ့ ပခုံးတွေမှာ ကြွက်သားတောင့်တင်းမှု လျော့ကျစေပါတယ်။


(၅) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်

အိပ်မပျော်ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက ခြေထောက်တွေရောင်တာ၊ ခြေထောက်ညောင်းတာ၊ ခြေထောက်တွေကိုက်ခဲတာ စတဲ့ ဝေဒနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ခြေထောက်ကို ပုံမှန်မြှင့်ပေးတာက ဒီဝေဒနာတွေကင်းစေပြီး ဦးနှောက်က အောက်ဆီဂျင်ကို ပိုမိုရရှိစေပါတယ်။ သွေးလှည့်ပတ်မှု အားကောင်းစေပါတယ်။ ဒီနည်းက အိပ်ရေးဝ၀ အိပ်မောကျစေမှာပါ။ ဒီအနေအထားဟာ တရားထိုင်တာလိုပဲ လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ငြိမ်သက်နေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top