Healthy Life Ad
Q & A

မျက်မှန်ခဏခဏ ပြောင်းနေရလို့ပါ . . .

မေး. ကျွန်တော့် အသက် ၄၀ ကျော်ပါပြီ။ အနီးမှုန်တာနဲ့ မျက်မှန်ဆိုင်ကနေ မျက်မှန်ဝယ်တပ်လိုက်ပါတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ နောက်တစ်လက် ဝယ်တပ်တော့လည်း ခဏပဲ။ နောက်တော့ အဆင်မပြေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလဲ ခင်ဗျ။
Kyawzwar(FB)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လူတွေက မျက်မှန်ကို သိပ်အားကိုးလွန်းတယ်လို့ ဆရာမြင်တယ်။ အသက် ၄၀ ကျော်လို့ မျက်စိက အနီးမှုန်တာကို လူတိုင်းသိတယ်။ ဒါပေမဲ့ လူတွေက ဗိုလ်ချုပ်ဈေးမှာ ဈေးဝယ်ရင်း ကြုံတုန်း မျက်မှန်ဆိုင်မှာ မျက်မှန်စမ်း၊ မျက်မှန်လုပ်ပြီး ပြန်သွားကြတယ်။ မျက်စိမှုန်ရတဲ့အကြောင်းရင်းက မျက်မှန်လိုလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ အတွင်းတိမ်ရောဂါရှိလို့လား၊ ရေတိမ်ရှိလို့လား၊ မျက်စိအာရုံခံလွှာ (Retina) မကောင်းလို့လား စတဲ့ အကြောင်းမျိုးစုံလည်း ရှိတတ်ပါသေးတယ်။ တစ်ခါတလေကျရင် လူနာတွေက ဆရာဝန်ကို အထင်လွဲတယ်။ မျက်စိမှုန်တာကို မျက်မှန်တပ်ခိုင်းလိုက်ရင် ပြီးတာပဲ၊ ဒီဆရာဝန်က ရေးကြီးခွင်ကျယ်လုပ်နေတယ်လို့ ထင်တတ်ကြတယ်။ မျက်မှန်ပါဝါက တစ်ချိန်လုံးပြောင်းနေရင် (Frequent Change of Glass)ဖြစ်နေရင် ရောဂါစစ်ဆေးမှုခံယူသင့်ပါတယ်။

လူတွေကို သိစေလိုတာက လူတစ်ယောက်ဟာ နှစ်လတစ်ကြိမ်လောက် မျက်မှန်ပါဝါပြောင်းနေရရင် ပုံမှန်မဟုတ်တော့ဘူး။ ဆရာတို့ မြန်မာနိုင်ငံမှာ ထောင့်ကျဉ်းရေတိမ်ရောဂါတွေလည်း အဖြစ်များတယ်။ အဲဒီရောဂါဖြစ်လိုက်လို့ရှိရင် မျက်စိက လုံးဝမမြင်တော့ဘူး။ နီရဲပြီး ကိုက်လာတယ်။ ဒီလိုဖြစ်ရင် မျက်စိဆရာဝန်တွေဆီ သွားရကောင်းမှန်း သိပေမယ့် ထောင့်ကျယ်ရေတိမ်ရောဂါဖြစ်ရင်တော့ မှုန်မှန်းမသိမှုန်လာတယ်။ စာဖတ်လိုက်ရင် ရှိတဲ့အတန်းမှန်သမျှ အကုန်မြင်တယ်။ ဒါပေမဲ့ အားမရဘူး။ အဲဒီတော့ နောက်ထပ်မျက်စိဆရာဝန်နဲ့ သွားပြတယ်။ အဲဒီအခါ အရင်စမ်းထားတဲ့ပါဝါနဲ့ မတူတော့ဘူး။ ပါဝါပြောင်းသွားသလိုဖြစ်တတ်တယ်။ ဒါကြောင့် ဆရာတို့အနေနဲ့ လူနာတွေကို မျက်မှန်တပ်ဖို့ စမ်းသပ်ပေးတာထက် မျက်စိမှာ ဘာရောဂါတွေရှိနေသလဲ၊ ဘာကြောင့်မှုန်ရတာလဲ စတဲ့အကြောင်းရင်း ဇစ်မြစ်တွေကို သေချာစမ်းသပ်ရတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ စက်ကိရိယာတွေက ခေတ်မီလာပြီး မျက်ဆန် (Eye- ball)ကို တစ်လွှာချင်းဖြတ်ပြီး မြင်ရတဲ့စက်တွေရှိလာပြီဆိုတော့ ရောဂါရဲ့ အစောပိုင်းအဆင့်မှာကတည်းက သိနိုင်တယ်။ ရေတိမ်ကို စောစောစီးစီးစမ်းသပ်သိရှိရင် စောစောကုနိုင်တာကြောင့် မျက်စိမကွယ်နိုင်တော့ပါဘူး။ ဒါကို စမ်းသပ်ဖို့အချိန်တော့ အလုံအလောက်ပေးရပါတယ်။ ဒီလိုစမ်းသပ်ချိန်ပေးဖို့ လူတွေကမအားကြဘူး။ လူနာအများစုက လမ်းကြုံလို့ ဆေးခန်းဝင်ပြီး မျက်မှန်စမ်းတဲ့ သဘောမျိုးပဲဆိုတော့ အလုပ်ရှိလို့ ပြန်ရမယ်ဆိုတာမျိုးပဲပြောကြတယ်။ အဲဒီတော့ ဆရာက လူနာတွေကို နောက်တစ်နေ့ အဲဒီစက်နဲ့ စမ်းပြီးမှ ပြန်လာပြပါ၊ စမ်းသပ်ခထပ်ပေးစရာမလိုပါဘူးလို့ ပြောလိုက်ပါတယ်။ ဒါတောင်မှ တချို့လူနာတွေက ပြန်ပေါ်မလာကြဘူး။ သူတို့က မျက်မှန်ရရင်ပြီးပြီလို့ပဲ ထင်ကြတယ်။ ဆရာဝန်ကလိုအပ်လို့ စစ်ဆေးခိုင်းတယ်ဆိုတာကို နားလည်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top