Healthy Life Ad
Life Style

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ (၂) ‘လက်ကောက်ဝတ်ကို ဓားဖြင့်လှီးသူ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

နိဒါန်း

အထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ် ဆေးကုဌာနကို ရောက်ရှိလာတဲ့ စိတ်ဝေဒနာရှင်တွေထဲမှာ ၂၀ ရာခိုင်နှုန်းက မိမိကိုယ်ကိုယ် မိမိ သတ်သေချင်တဲ့ပြဿနာရှိနေပါတယ်။ တချို့က မိမိကိုယ်ကိုယ်မိမိသတ်သေဖို့ ကြိုးစားလို့ အရေးပေါ် ဆေးကုဌာနကို ရောက်ရှိလာတာ ဖြစ်တယ်။ တချို့ကတော့ စိတ်ရောဂါကြောင့် မိမိကိုယ်မိမိ သတ်သေချင်စိတ် ပြင်းပြနေသူဖြစ်ပါတယ်။

ပြည်သူလူထုထဲမှာ ဘယ်လိုအင်္ဂါရပ်တွေရှိသူက မိမိကိုယ်မိမိသတ်သေဖို့ အလားအလာများသလ။ဲ

(က) ယောကျာ်း (မိန်းမတွေမှာ မိမိကိုယ်မိမိ သတ်သေဖို့ ကြိုးစားနှုန်းများတယ်။ မိမိကိုယ်မိမိ သတ်သေသွားတဲ့နှုန်းကတော့ ယောကျာ်းတွေထဲမှာ များပါတယ်။)

(ခ) အသက်အရွယ်-အသက် ၁၅နှစ်နဲ့ ၂၄ နှစ် ကြားနဲ့ အသက်၄၅ နှစ်အထက် လူကြီးပိုင်း။ အသက် ၆၅နှစ်အထက် လူအိုပိုင်းမှာ မိမိကိုယ်မိမိ သတ်သေနှုန်းက တစ်နှစ်အတွင်း လူတစ်သိန်းမှာ ၂၃ ယောက်ဖြစ်ပါတယ်။ (ပြည်သူလူထုအတွင်းမှာ အဲဒီနှုန်းက တစ်နှစ်အတွင်း လူတစ်သိန်းမှာ ၁၂ ယောက် ဖြစ်တယ်။)

(ဂ) အိမ်ထောင်ရေးအခြေအနေ-တစ်ဦးတည်း နေထိုင်သူ၊ အိမ်ထောင်ပျက်သူ၊ မုဆိုးဖို၊ မုဆိုးမ။

(ဃ) အလုပ်အကိုင်-အလုပ်အကိုင်မရှိသူ၊ အလုပ်ပြုတ်သူ၊ အငြိမ်းစား။

(င) နာတာရှည်ခန္ဓာကိုယ်ရောဂါခံစားနေရသူ။

(စ) မိသားစုဆွေမျိုးသားချင်းတွေထဲမှာ မိမိ ကိုယ်မိမိ သတ်သေသွားတဲ့ ရာဇဝင်ရှိခြင်း၊

(ဆ) ယခင်က မိမိကိုယ်မိမိ သတ်သေဖို့ ကြိုးစားဖူးတဲ့ ရာဇဝင်ရှိခြင်း။

အဲဒီလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ တိုက်ဆိုင်သူတိုင်း မိမိကိုယ်မိမိ သတ်သေဖို့ ကြိုးစားကြတာတော့မဟုတ်ပါဘူး။ တခြားအရေးကြီးတဲ့ အချက်အလက်တစ်ခုကတော့ စိတ်ရောဂါ ခံစား နေရတာ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ သတ်သေဖို့ကြိုးစားသူ ဒါမှမဟုတ် မိမိကိုယ်မိမိ အန္တရာယ်ပြုသွားသူ တွေထဲမှာ ၉၅ ရာခိုင်နှုန်းက စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေရတာ တွေ့ရှိရတယ်။ အဲဒီရောဂါဝေဒနာ တွေကတော့-(က) စိတ်ကျရောဂါ (၆၀-၇၀ ရာခိုင်နှုန်း)၊ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ(စိတ်နှစ်ခွရောဂါ) (၁၀ ရာခိုင်နှုန်း)၊ အရက်စွဲရောဂါ (၁၅ ရာခိုင်နှုန်း)၊ မူးယစ်ဆေးစွဲရောဂါ (၅ ရာခိုင်နှုန်း)၊ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ (၅ ရာခိုင်နှုန်း)တို့ ဖြစ်ပါတယ်။ ကြောက်ရွံ့ထိတ်လန့်ရောဂါ (Panic Disorder) နဲ့ တစ်ခုခုကို အကြောက်လွန်ကဲရောဂါ (Phobia) ခံစားနေရသူတွေထဲမှာ မိမိကိုယ်မိမိ သတ်သေဖို့ ကြိုးစားမှုနှုန်းများပါတယ်။ အဲဒီလို လူနာမှာစိတ်ကျရောဂါ ပူးတွဲခံစားလာရရင် မိမိကိုယ်မိမိ သတ်သေဖို့ အန္တရာယ်များလာနိုင်ပါတယ်။

စိတ်ကျန်းမာရေးဆရာဝန်ရဲ့ အဓိက တာဝန်တစ်ခုက မိမိကုသနေတဲ့ လူနာ၊ သူ့ကိုယ်သူ သတ်သေမသွားအောင် ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အရေးပေါ် ဆေးကုဌာနကို ရောက်ရှိလာတဲ့ စိတ်ရောဂါလူနာကို စစ်ဆေးတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို သတိမူကြရတယ်။

_ _ _

စာရေးသူ On Call ရုံးချိန်ပြင်ပ တာဝန်ကျတဲ့ နေ့တစ်နေ့မှာ သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့ အထွေထွေ ဆေးရုံကြီး အရေးပေါ်ဆေးကုဌာနကို မိမိကိုယ်မိမိအန္တရာယ်ပြုချင်တဲ့ လူနာနှစ်ဦး ရောက်နေပါတယ်။

(၁) ပထမလူနာက အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ လက်ထောက်ဆရာဝန်ပီတာ က အယ်လစ်ဆေးရုံရောက်ရှိလာရတဲ့ အကြောင်းရင်းကို ရှင်းပြပါတယ်။

“အယ်လစ်က အတူနေချစ်သူ (Defac To) ဟယ်ရီနဲ့ အိမ်ခန်းတစ်ခုမှာ နေထိုင်ပါတယ်။ ကုန်တိုက်တစ်ခုမှ အရောင်းဈေးသည်ဖြစ်တယ်။ အားလပ်တဲ့ နေ့တွေမှာ ဆေးခြောက်ရှူတတ်တဲ့ အကျင့် ရှိပါတယ်။ ဆေးမှတ်တမ်းတွေထဲမှာ တွေ့ရှိသလောက် ပြောရရင် အယ်လစ်မှာ နာတာရှည်စိတ်ရောဂါ မရှိဖူးပါဘူး။ ဒါပေမဲ့ အယ်လစ်က စိတ်လှုပ်ရှားလွယ်တယ်လို့ သိရပါတယ်။ တဇွတ်ထိုးပြုမူတတ်တဲ့ အလေ့အထရှိတယ်။

အယ်လစ်က သူ ချစ်ခင်တွယ်တာနေရသူ ပစ်ပယ်သွားမှာကို အလွန်အမင်း စိုးရိမ်ပူပင်တတ်ပါတယ်။ စိုးရိမ်စိတ်နဲ့အတူ မိမိချစ်သူအပေါ်မှာ သဝန်တိုစိတ်၊ သံသယစိတ်တွေလည်း ပွားများနေတတ်တယ်။ ဒါကြောင့် အယ်လစ်က ဟယ်ရီကိုတခြားမိန်းကလေးတွေနဲ့ စွပ်စွဲသမုတ်လေ့ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟယ်ရီနဲ့ အကြိမ်ကြိမ် စကားများရန်ဖြစ်ရတာတွေရှိပါတယ်။ ကြာရှည်လာတော့ ဟယ်ရီလည်း သည်းမခံနိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒီနေ့ ညနေပိုင်းမှာ ဟယ်ရီအိမ်ပေါ်ကဆင်းသွားပါတယ်”

“အဲဒီတော့ . .”

“အဲဒီတော့ အယ်လစ်က သူ့စိတ်ထဲမှာ ဘယ်လို ဖြစ်သွားတယ်ဆိုတာ မပြောပြတတ်တော့ဘူးတဲ့။ ဖြစ်ပျက်ပုံတွေက မြန်ဆန်လွန်းတယ်။ အယ်လစ်က ဟယ်ရီကို ဖုန်းဆက်ခေါ်တယ်။ ဟယ်ရီက ဖုန်းမကိုင်ဘူး။ အယ်လစ်စိတ်ထဲမှာ မခံမရပ်နိုင်အောင် တင်း ကျပ်လာတယ်။ စိတ်တွေက မွှန်ထူလာတယ်။ ရေချိုးခန်းထဲကို ပြေးသွားပြီး မုတ်ဆိတ်ရိတ်ဓားနဲ့ လက်ကောက်ဝတ်နေရာကို လှီးဖြတ်လိုက်တယ်။ သွေးအိုင်ကို မြင်တော့ စိတ်ထဲမှာ ကြောက်လာတယ်။ ဒါကြောင့် အယ်လစ်က အခင်ဆုံး သူငယ်ချင်းဆီ ဖုန်းဆက်ပါတယ်။ ဒီလိုနဲ့ အယ်လစ် ဆေးရုံ ရောက်လာတာပါ ဒေါက်တာအုန်း”

“အခုအချိန်မှာ အယ်လစ်ရဲ့ အခြေအနေက ဘယ်လို ရှိနေသလဲ”

“လက်ကောက်ဝတ်ဓားဒဏ်ရာက မဆိုးရွားပါဘူး။ သွေးကြောမကြီးကို မထိခိုက်ဘူး။ သုံးလေးချက်လောက်တော့ ချုပ်ရတယ်။ ဆေးရုံတက်ဖို့ မလိုဘူးလို့ ခွဲစိတ်ဆရာဝန်က ပြောပါတယ်”

“စိတ်ရောဂါ အခြေအနေကကော”

“လွန်ခဲ့တဲ့ ၂နှစ်လောက်က ရီးစားနဲ့ကွဲလို့အိပ်ဆေးအလွန်အကျွံ သောက်ဖူးတယ်လို့ အယ်လစ်က ပြောပါတယ်။ ဆေးခြောက်မူးတဲ့ အရှိန်တော့ ရှိနေသေးတယ်။ စိတ်ကျရောဂါလက္ခဏာတွေ မတွေ့ရှိရ ဘူး။ စိတ္တဇရောဂါ ခံစားနေရတာလည်း မရှိပါဘူး။ အတူနေချစ်သူကို တမ်းတစိတ်ရှိနေတယ်။ ဟယ်ရီ ပြန်မလာရင် လူ့ပြည်မှာ မနေချင်တော့ဘူးလို့ ပြောနေပါတယ်။ စိတ်ဖိစီးမှုဒဏ်ခံစားနေရတာ ရှိပါတယ်။ အချစ်ရေးပြဿနာကြောင့် ဖြစ်ပွားလာတဲ့ ‘ညှိနှိုင်းမှုချို့ယွင်းရောဂါ'(Adjustment Disorder)လို့ ကျွန်တော်ယူဆပါတယ်”

စာရေးသူက အရေးကြီးတဲ့ အချက်တစ်ခုကို မေးမြန်းပါတယ်။

“သူ့ကိုယ်သူ အန္တရာယ်ပြုချင်တဲ့ အတွေးတွေ ရှိသေးလား”

“သူ့ချစ်သူ ဟယ်ရီနဲ့ မနေရရင် သေချင်တယ် လို့ ပြောပါတယ်။ မုန့်စားချင်လို့ ငိုပြီး မုန့်တောင်းနေတဲ့ ကလေးလိုပဲလို့ ကျွန်တော် ထင်ပါတယ်”

“ဒီလိုတော့တထစ်ချမယူဆနဲ့ဦး၊ အယ်လစ်က မိမိကိုယ်မိမိသတ်သေဖို့ ကြိုးစားခဲ့တဲ့ ရာဇဝင်ရှိတယ်။ မူးယစ်ဆေးသုံးစွဲတတ်သူဖြစ်တယ်။ အခုချိန်မှာ မိဘဆွေမျိုး အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုလည်း မရှိဘူး။ ဒီအချက်တွေကို ထည့်တွက်ရမယ်။ အယ်လစ်မှာ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်းရှိသလား”
“အဲဒါတော့ ကျွန်တော် မစစ်ဆေးရသေးပါဘူး ဒေါက်တာအုန်း”

ဒေါက်တာပီတာနဲ့အတူ အယ်လစ်ကို စာရေးသူ စစ်ဆေးစမ်းသပ်ပါတယ်။

“အယ်လစ်ရဲ့ ငယ်စဉ်ဘဝက ဖြောင့်ဖြူးသာယာမှု မရှိခဲ့ဘူး။ မိဘနှစ်ပါး မတော်တဆ ကားတိုက်မှုနဲ့ သေဆုံးသွားလို့ အသက် ၁၀ နှစ်လောက် အရွယ်ကထဲက အဒေါ်တစ်ယောက်အိမ်မှာ မှီခိုနေခဲ့ရတယ်။ အဒေါ်ရဲ့ ခင်ပွန်းက လူယုတ်မာ။ အယ်လစ်ကို အနိုင်ကျင့်တယ်။ ညှင်းဆဲတယ်။ လိင်စော်ကားတဲ့အထိ ကျူးလွန်နှိပ်စက်ဖူးတယ်။

အယ်လစ်အရွယ်ရောက်တော့ ငယ်စဉ်က ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းပျက်ပြားလာပါတယ်။ စိတ်လှုပ်ရှားလွယ်ပြီး တဇွတ်ထိုး ပြုမူတတ်တယ်။ လူတွေနဲ့သာတူညီမျှပေါင်းသင်းဆက်ဆံနိုင်မှုအားနည်းတယ်။ မိမိချစ်ခင်တွယ်တာရသူကိုအနိုင်ယူချင်တယ်။ အမျိုးမျိုးဆိုးတတ်တယ်။ ဒါပေမဲ့ ချစ်သူနဲ့ ခွဲခွာရမှာကိုလည်း အလွန်အမင်း ကြောက်ရွံ့နေတယ်။ စိတ်ဖိစီးမှု ခံစားလာရရင်

မိမိကိုယ်ကိုယ် မိမိအန္တရာယ်ပြုတတ်တယ်။ အယ်လစ်မှာ အဲဒီလိုကိုယ်ရည်ကိုယ်သွေးအင်္ဂါရပ်တွေရှိတာတွေ့ရှိရတယ်။ အဲဒီတော့ ‘စိတ်တည်ငြိမ်မှု မရှိတဲ့ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါ (Emotionally Unstable Personality Disorder)”လို့ သတ်မှတ်နိုင်ပါတယ်’

စာရေးသူက ဒေါက်တာပီတာကို ဆက်လက်ရှင်းပြပါတယ်။

“အမေရိကန်စိတ်ကျန်းမာရေးဆရာဝန်များအ ဖွဲ့ကတော့ ဒီလိုလူမျိုးကို ‘ဟိုမရောက် ဒီမရောက် စိတ်လှုပ်ရှားမှုလွန်ကဲ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ(Borderline Personality Disorder)လို့ ခေါ်ပါတယ်။ ဒီလို ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါရှိသူတွေက ဘဝအခက်အခဲဒဏ်ကို မခံနိုင်ဘူး။ မကြာခဏ မိမိကိုယ်မိမိ သတ်သေဖို့ ကြိုးစားတတ်ကြတယ်။ မိမိကိုယ်မိမိ သတ်သေဖို့ကြိုးစားဖူးတဲ့ လူနာတွေကို လေ့လာကြည့်တဲ့အခါ ၁၀ နှစ်အတွင်းမှာ လူနာ ၁၀ ရာခိုင်နှုန်းက မိမိအသက်ကို အန္တရာယ်ပြုသွားကြတာကို တွေ့ရှိရတယ်။ ဒါကြောင့် အယ်လစ်ကို အိမ်ပြန်မလွှတ်ခင် သေသေချာချာ စစ်ဆေးဖို့လိုပါတယ်။ အခုချိန်မှာ အယ်လစ်ကမိမိကိုယ်မိမိ သတ်သေချင်စိတ်မရှိတော့ဘူးဆိုရင် ဆေးရုံတင်ထားဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အယ်လစ်တစ်ယောက်တည်း ဒီညအိမ်ပြန်သွားဖို့တော့ မသင့်တော်ဘူး။ သူ့သူငယ်ချင်းနဲ့ ခေတ္တအတူနေထိုင်နိုင်ရင် ကောင်းပါတယ်။ မနက်ဖြန် စိတ်ကျန်းမာရေးအပြင်လူနာဌာနမှာ ဆက်လက်စစ်ဆေးကုသပေးဖို့ လိုအပ်လိမ့်မယ်”

“ကောင်းပါပြီ။ ကျွန်တော်စီစဉ်ပေးလိုက်ပါမယ်။ နောက်လူနာတစ်ယောက်ရှိသေးတယ်။ အဲဒီလူနာကို တော့ ဒေါက်တာအုန်းကိုယ်တိုင် စမ်းသပ်ပေးမှဖြစ်မယ်ထင်ပါတယ်”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

See More

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ (၁) ‘ရုပ်ကြောင့်ဖြစ်သော အရေးပေါ်စိတ်ရောဂါ’

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top