Healthy Life Ad
Life Style

အရက်နှင့် ဆေးလိပ်ကြောင့်ဖြစ်သည့် မျက်စိပြဿနာများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အရက်ကြောင့်ဖြစ်တဲ့ မျက်စိပြဿနာတွေကို သိပါရစေဆရာ။
ဖြေ ။ အရက်ကို အသင့်အတင့်ပဲ လူမှုရေးအရ သောက်မယ်ဆိုရင်တော့ သာမန်အားဖြင့် မျက်စိမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ အရက်ကို စွဲသောက်တဲ့သူ (Chronic Alcoholism) တွေမှာဆိုရင်တော့ အရက်ကြောင့်ဖြစ်တဲ့ မျက်စိပြဿနာနဲ့ အရက်သောက်ပြီး အာဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ ပြဿနာဆိုပြီးနှစ်မျိုးဖြစ်နိုင်ပါတယ်။

မေး ။ အရက်ကြောင့် ဘယ်လို မျက်စိပြဿနာကို ဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ ။ အရက်ဆိုတဲ့နေရာမှာ သန့်စင်ထားခြင်းမရှိတဲ့ တောအရက်(Methanol)တွေဟာ ဓာတုအဆိပ်သင့်မှု (Chemical Poisoning)ကို ဖြစ်စေတာကြောင့် အဲဒီအရက်ကို သောက်မိတဲ့သူတွေမှာ ချက်ချင်းပဲ မျက်စိကွယ်သွားတတ်ပါတယ်။ အဲဒါကို Toxic Optic Neuropathy လို့ ခေါ်ပါတယ်။ Toxic Optic Neuropathy ဖြစ်လာရင် မြင်ကွင်းကကျဉ်းသွားပြီး လမ်းလျှောက်တဲ့အခါ ဘေးဘက်က ပစ္စည်းတွေကိုမမြင်ဘဲ တိုးမိ၊ တိုက်မိတာတွေ ဖြစ်တတ်ပါတယ်။

မေး ။ အရက်သောက်သူတွေမှာ ဘယ်လို အာဟာရဓာတ်တွေ အဓိက ချို့တဲ့တတ်ပါသလဲ ဆရာ။
ဖြေ ။ အရက်ကို အလွန်အကျွံသောက်ပြီး အစားအသောက်ကို ဂရုစိုက်မစားတဲ့သူတွေမှာ ဗီတာမင်ဘီဝမ်း၊ ဘီစစ်နဲ့ ဘီတွဲလ်ဓာတ်တွေ အဓိကထိခိုက်တတ်ပါတယ်။ ဒီဗီတာမင်တွေက နာ့ဗ်ကြောတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေဖြစ်တာကြောင့် စက္ခုအာရုံကြောရောင်ရမ်းခြင်း (Optic Neuritis) ဖြစ်ပြီး မျက်စိကွယ်သွားနိုင်ပါတယ်။

မေး ။ အရက်ကို သောက်သုံးရင် မျက်စိနီတာကကော ဘာကြောင့်ပါလဲ ဆရာ။
ဖြေ ။ အရက် (Alcohol) မှာ သွေးကြောတွေကို ကျယ်စေတဲ့ အာနိသင် (Vasodilation) ရှိပါတယ်။ ဒါကြောင့် ဝိုင်နီအရက်ကို တစ်နေ့တစ်ခွက်သောက်ပေးရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောအထူးသဖြင့် နှလုံးသွေးကြောတွေကို ကျယ်စေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့တောင် ဆိုကြပါတယ်။ ဒါပေမဲ့ အရက်ကစွဲလမ်းစေတတ်တဲ့ သဘောရှိတာကြောင့် စွဲသွားရင်၊ သောက်သင့်တဲ့ပမာဏထက် ပိုသွားရင်တော့ အန္တရာယ်ရှိပါတယ်။ အရက်ကို အသင့်အတင့်သောက်တဲ့အခါ မျက်စိသွေးကြောတွေကျယ်လာပြီး နီလာတတ်ပေမယ့် ပြဿနာမရှိပါဘူး။

မေး ။ ဆေးလိပ်သောက်တာကြောင့် ကော မျက်စိမှာ ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ ။

ဆေးလိပ်က အရက်ထက် ပိုဆိုးတာက ဆေးလိပ်သောက်တဲ့အခါ ခန္ဓာကိုယ်သွေးကြောတွေဟာ ကျဉ်းသွားတာကြောင့်ပါ။ ဒါကြောင့် ဆေးလိပ်သောက်ရင် မျက်စိမှာရှိတဲ့ စက္ခုအာရုံကြော (Optic Nerve) ကို ထိခိုက်မိပြီး နောက်ဆုံးမှာ မျက်စိကွယ်ခြင်း (Toxic Optic Neuropathy) ကို ဖြစ်စေနိုင်ပါတယ်။

မေး ။ အရက်နဲ့ဆေးလိပ်ကို တွဲသောက်တဲ့သူတွေဆိုရင် မျက်စိမှာ ဘယ်လိုပြဿနာတွေကို ဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ ။ အရက်နဲ့ ဆေးလိပ်ကို တွဲသောက်ရင်တော့ Toxic Optic Neuropathy က ဖြစ်နှုန်းပိုမြန်ပြီး မြန်မြန် မျက်စိကွယ်စေနိုင်ပါတယ်။ဆေးလိပ်သောက်သူတွေက အရက်သောက်သူတွေလောက်တော့ အာဟာရချို့တဲ့မှု မဖြစ်တတ်ကြပါဘူး။ ဆေးလိပ်သောက်ပေမယ့် ထမင်းစားချိန်တန်ရင် စားတတ်ကြတာကြောင့်ပါ။ အရက်စွဲနေတဲ့ သူတွေကတော့ အရက်ကို သောက်နေရရင်ကို အာသာပြေနေတာကြောင့် အစာကို ပုံမှန်မစားဖြစ်ဘဲ အာဟာရချို့တဲ့မှုဖြစ်တတ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top