Healthy Life Ad
Life Style

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ (၁) ‘ရုပ်ကြောင့်ဖြစ်သော အရေးပေါ်စိတ်ရောဂါ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အရေးပေါ်စိတ်ကျန်းမာရေးပြဿနာဆိုတာ အလျင်အမြန်ကုသပေးဖို့လိုအပ်တဲ့ စိတ်ရောဂါတစ်မျိုးမျိုးခံစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကုသမှုမရရှိရင် လူနာနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ပြုနိုင်တဲ့ အခြေအနေဖြစ်တယ်။ ဒါမှမဟုတ် အပြင်းဖြစ်ဆိုးရွားတဲ့ ရောဂါလက္ခဏာကို လူနာအလွန်အမင်း ခံစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။

အထွေထွေဆေးရုံကြီး အရေးပေါ်လူနာဌာနကို ရောက်ရှိလာတဲ့ လူနာတွေထဲမှာ ၄ ရာခိုင်နှုန်းက အရေးပေါ် စိတ်ကျန်းမာရေးပြဿနာရှိတာကို တွေ့ရှိရတယ်။ ၅၈ ရာခိုင်နှုန်းက စိတ်ရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိပါတယ်။

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာရှိတယ်လို့ ခေါ်ဆိုနိုင်တဲ့ စိတ်ရောဂါရှင်တွေကတော့-

(၁) အသက်အန္တရာယ်ရှိတဲ့ ခန္ဓာကိုယ်ရောဂါ တစ်ခုခုကြောင့် စိတ်ဖောက်ပြန်လာသူ၊

(၂) မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားအားထုတ်သူ သို့မဟုတ် အဲဒီလိုစိတ်ဆန္ဒပြင်းပြနေသူ၊

(၃) စိတ်ရောဂါကြောင့် အလွန်အမင်း အကြမ်းဖက်သူ၊ တခြားသူတစ်ဦးဦးကို ရိုက်နှက်သတ်ဖြတ်ဖို့ ခြိမ်းခြောက်နေသူ၊

(၄) အရက် သို့မဟုတ် မူးယစ်ဆေးသုံးစွဲလို့ စိတ်ဖောက်ပြန်လာသူ၊

(၅) စိတ်ရောဂါကုသဆေးကြောင့် ပြင်းထန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ခံစားနေရသူနဲ့

(၆) ပြင်းထန်ဆိုးရွားတဲ့ စိတ်ရောဂါလက္ခဏာတစ်မျိုးမျိုးကြောင့် မခံမရပ်နိုင်အောင် ဖိစီးမှုခံစားနေရသူစတာတွေ ဖြစ်ပါတယ်။

အသက်အန္တရာယ်ရှိတဲ့ ခန္ဓာကိုယ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ် စိတ်ကျန်းမာရေးအခြေအနေကိုရှင်းပြလိုပါတယ်။

ဆီးချိုရောဂါကို မထိန်းနိုင်လို့ ထပ်ဆင့်ဆိုးကျိုးတွေ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ သိုင်းရွိုက်ဟော်မုန်းအဆိပ်တက်တဲ့ အခြေအနေ၊ HIV-AIDS ခုခံအားကျရောဂါကြောင့် ဦးနှောက်ကို ထိခိုက်လာတဲ့ အခြေအနေ၊ အပြင်းအထန် ဦးနှောက်ဒဏ်ရာရရှိပြီးစအခြေအနေ၊ ဦးနှောက်ရောင်ရောဂါ ခံစားနေရတဲ့ အခြေအနေ၊ ဦးနှောက်ထဲမှာ သွေးယိုစီးနေတဲ့အခြေအနေ၊ ဦးနှောက်သွေးကြောပိတ်သွားတဲ့ အခြေအနေ၊ အတက်ရောဂါဖြစ်ပေါ်နေစဉ် သို့မဟုတ် ဖြစ်ပေါ်ပြီးစအခြေအနေ စတဲ့ရောဂါတွေကြောင့် အရေးပေါ်စိတ်ကျန်းမာရေးပြဿနာ ဖြစ်ပေါ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် အပြင်းစိတ် ဖာက်ပြန်လာရင် ကယောင်ကတမ်း (Delirium) ရောဂါလက္ခဏာတွေကို တွေ့ရှိရပါတယ်။ အဲဒီလက္ခဏာတွေကတော့ သတိအာရုံလျော့နည်းခြင်း၊ ပတ်ဝန်းကျင်ကို သိရှိနားလည်နိုင်မှု ချို့ယွင်းခြင်း၊ အာရုံစူးစိုက်နိုင်မှု အားနည်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းအားနည်းခြင်း၊ လူတွေကို မမှတ်မိဖြစ်နေခြင်း၊ အချိန်နာရီနဲ့ နေ့စွဲကို အမှန်အတိုင်း မရိပ်မိနိုင်ခြင်း၊ ဇဝေဇဝါဖြစ်နေခြင်း၊ မိမိရောက်ရှိနေတဲ့ နေရာကို အမှန်အတိုင်း မသိရှိနိုင်ဖြစ်နေခြင်း၊ စကားပြောမှားခြင်း၊ လှုံ့ဆော်မှုမဲ့ အမြင်အာရုံများကို ခံစားရခြင်း စတာတွေ ဖြစ်ပါတယ်။

လူနာက မျက်နှာသေကြီးနဲ့ ကြောင်တောင်တောင်ဖြစ်နေတယ်။ စိတ်ခံစားမှုတုံးနေသလိုပဲ။ လုပ်ချင်ကိုင်ချင် စိတ်လည်းမရှိဘူး။ ကျွန်မက သူ့မိဘတွေကို အကြံဉာဏ်ပေးပါတယ်။ ‘သူ လယ်မလုပ်ချင်ရင် နွားကျောင်းခိုင်း ကြည့်ပါလား’လို့။ လူနာရဲ့ အဖေက မှတ်ချက်ချတယ် ဒေါက်တာအုန်း . . .

ခန္ဓာကိုယ်ရောဂါကြောင့် စိတ်ဖောက်ပြန်လာတဲ့အကြောင်းကို စဉ်းစားမိတော့ လူနာဒွန်ကို သတိရလာပါတယ်။ အလယ်ပိုင်းသြစတြေးလျနိုင်ငံ၊ အယ်လစ်စပရင်းမြို့အထွေထွေရောဂါကုဆေးရုံကြီးမှာ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါတယ်။ ရုံးချိန်ပြင်ပတာဝန်ကျ (Oncall)တဲ့နေ့ဖြစ်တယ်။ ညစာစားပြီး အပန်းဖြေရင်း ငိုက်မျဉ်းနေစဉ်မှာ တယ်လီဖုန်းသံကြောင့် မျက်စိကျယ်လာပါတယ်။ လက်ထောက်ဆရာဝန်ဒေါက်တာရောဘတ်ရဲ့ အသံကြားရတော့ လူက ပိုပြီး နိုးကြားလာတယ်။

စာရေးသူက ဟာသနှောပြီး ပြောပါတယ်။

“အမိန့်ရှိပါ ဒေါက်တာရောဘတ်”

“အနှောင့်အယှက်ပေးတာ “ဆောရီး”ပါ ဒေါက်တာအုန်း၊ ကျွန်တော် အရေးပေါ်ဌာနက ဖုန်းဆက်တာပါ။ အသက် ၄၀ အရွယ် လူနာဒွန်ကို ပမာ ဏစစ်ဆေးစမ်းသပ်ပြီးပါပြီ။ ဒွန်က ကိုယ်ပိုင်လုပ်ငန်း ရှင်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ရှိတယ်။ အရင်တုန်းက စိတ်ရောဂါဖြစ်ဖူးတဲ့ ရာဇဝင်မရှိဘူး။ အရက်စွဲသူ၊ မူးယစ်ဆေးစွဲသူလည်း မဟုတ်ဘူး။ သွေးတိုးရောဂါအတွက် ဆေးစားနေပါတယ်။ သွေးတိုးပေါင်ချိန်က အနေတော်ပါပဲ။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ဒွန်ရဲ့ အပြုအမူတွေ ပြောင်းလဲလာတယ်လို့ သူ့ဇနီးက ပြောပါတယ်။ စကားပြောနည်းလာတယ်။ တစ်ခါတစ်ရံ စကားပြောမမှန်ဘူး။ ငိုင်တိုင်တိုင်ဖြစ် နေတတ်တယ်။ မှတ်ဉာဏ်မေ့တတ်လာတယ်။ အလုပ်ကိစ္စတွေမှာ စိတ်ဝင်စားမှုနည်းပါးလာတယ်။ အ မှားမှားအယွင်းယွင်းလုပ်မိတာတွေရှိတယ်။ အကြောင်းမဲ့ စိတ်တိုတတ်လာတယ်။

ဒီလိုအပြုအမူပြောင်းလဲလာတာက အလုပ်ပင်ပန်းလို့ စိတ်ဖိစီးမှု ခံစားနေရတာလို့ သူ့ဇနီးက ယူဆပြီး ဒွန်ကို အားပေးပံ့ပိုးပေးပါတယ်။ ဒီနေ့ညနေမှာတော့ ဒွန်က အကြောင်းမဲ့စိတ်တိုနေတယ်၊ ဒေါသထွက်ပြီး ဗြုန်းကနဲထိုင်ရာက ထလိုက်တော့ မထိန်းနိုင်ဘဲ လဲကျသွားပါတယ်။ ဒါကြောင့်ဆေးရုံကို ရောက်လာတာပါ”

“ဒွန်ကိုစစ်ဆေးကြည့်တော့ ဘယ်လိုလက္ခဏာတွေကို တွေ့ရှိရသလဲ”

“စိတ်ကျရောဂါလက္ခဏာတချို့ကို တွေ့ရှိရပါတယ်။ နောက်ပြီး ကယောင်ကတမ်း (Delirium) လက္ခဏာအနည်းငယ်ကိုလည်း တွေ့ရှိရပါတယ်”

“ဒီလိုဆိုရင် ခန္ဓာကိုယ်ရောဂါကြောင့် စိတ်ဖောက်ပြန်တာ ဖြစ်နိုင်တယ်။ အရေးပေါ်ဌာနက လက်ထောက်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးပြီလား”

“ပြီးပါပြီ။ ဒွန်မှာ အပြင်းခံစားနေရတဲ့ ခန္ဓာကိုယ်ရောဂါမရှိဘူးလို့ ပြောပါတယ်။ သွေးပေါင်ချိန်ကလည်း သာမန်ရှိပါတယ်။ ဒါပေမဲ့ ဦးနှောက်ဓာတ်မှန် (CT)တော့ မရိုက်ရသေးပါဘူး”

“ဒီလိုဆိုရင် ဦးနှောက်ဓာတ်မှန် (CT)ရိုက်ဖို့ စီစဉ်လိုက်ပါ။ ကျွန်တော် အရေးပေါ်ဌာနကို လာခဲ့မယ်”

“ကောင်းပါပြီ ဒေါက်တာအုန်း”

စာရေးသူ အရေးပေါ်ဌာနရောက်တော့ ဒွန်က ဓာတ်မှန်ဌာနက ပြန်ရောက်မလာသေးဘူး။ ဒါကြောင့် ဒွန်ရဲ့ ရောဂါအခြေအနေကို ဒေါက်တာရောဘတ်နဲ့ ဆွေးနွေးဖြစ်ပါတယ်။

“ဒွန်ရဲ့ ရောဂါက ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် စိတ်ဖောက်ပြန်လာတာ မဖြစ်နိုင်ဘူးလား”

“ခန္ဓာကိုယ်ရောဂါကြောင့် အပြင်းဖြစ်စိတ္တဇရောဂါ (Acute-Organic Psychosis)ကို ပြောတာလား၊ ဖြစ်နိုင်ပါတယ်”

စာရေးသူက ဒေါက်တာရောဘတ်ရဲ့ ဗဟုသုတကို စမ်းသပ်စစ်ဆေးကြည့်ပါတယ်။

“ခန္ဓာကိုယ်ရောဂါကြောင့် စိတ္တဇရောဂါအပြင်း ဖြစ်ပွားတာ ဟုတ် မဟုတ် ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုရမလဲ”

“သိပါတယ်။ (၁) အချိန်အနည်းငယ်အတွင်းမှာ စိတ်ရောဂါ ဖြစ်ပွားလာခြင်း၊ (၂) ယခင်က စိတ်ရောဂါဖြစ်ဖူးတဲ့ ရာဇဝင်မှတ်တမ်းမရှိခြင်း၊ (၃) အရက်မူးခြင်း၊ မူးယစ်ဆေးမူးခြင်းကြောင့် အပြုအမူပြောင်းလဲလာတာမဟုတ်ခြင်း၊ (၄) အသက်အရွယ်ကြီးမှ စိတ်ရောဂါ စတင်ဖြစ်ပွားလာခြင်း၊ (၅) မကြာမီက ဦးခေါင်းဒဏ်ရာရရှိခြင်း၊ (၆) ပြင်းထန်တဲ့ ခန္ဓာကိုယ်ရောဂါရှိနေခြင်း၊ (၇) ကယောင်ကတမ်းရောဂါ (Delirium)လက္ခဏာများကို တွေ့ရှိရခြင်း(နိဒါန်းတွင် ကြည့်ပါ) စတဲ့ အချက်အလက်တွေကို တွေ့ရှိရရင် ခန္ဓာကိုယ်ရောဂါကြောင့် စိတ်ဖောက်ပြန်တယ်လို့ မှတ်ယူဆရမှာပါ”

“ဒေါက်တာရောဘတ်ဖြေဆိုတာ ပြည့်စုံပါတယ်။ ဒါကြောင့် ဒွန်အခုလို စိတ်ဖောက်ပြန်လာတာဟာ ဦးနှောက်ထဲမှာ တစ်ခုခု ချို့ယွင်းနေလို့ ဖြစ်ဖို့ များပါတယ်”

စာရေးသူတို့ ဆွေးနွေးနေစဉ်မှာပဲ ဒွန်ကို ဓာတ်မှန်ဌာနက ပြန်လည်ခေါ်ယူလာတာ တွေ့ရပါတယ်။ သူနာပြုဆရာမက ဓာတ်မှန်ဆရာဝန် အရေးပေါ် ရေးပေးလိုက်တဲ့ ဆေးမှတ်ချက်ကို ပြပါတယ်။ ဆေးမှတ်ချက်က “ဦးနှောက် CT တွေ့ရှိချက်။ ဦးနှောက်အောက်ခြေပိုင်းမှာ သွေးယိုစိမ့်ပြီး သွေးခဲဖြစ်ပေါ်နေတဲ့ အထောက်အထား တွေ့ရှိရတယ်။ ဦးနှောက် MRI ဓာတ်မှန်ရိုက်ဖို့ လိုပါတယ်”

စာရေးသူက CT မှတ်ချက်ကိုဖတ်ပြီး ဒေါက်တာရောဘတ်ကို ပြောပြပါတယ်။

“ဒီလိုဆိုတော့ ဒွန်ခံစားနေရတဲ့ အပြင်းဖြစ် စိတ္တဇရောဂါက ဦးနှောက်ထဲမှာ တဖြည်းဖြည်း သွေးယိုစိမ့်နေလို့ ဖြစ်ပွားတာဖြစ်မယ်။ အရေးပေါ်ကုသဖို့ လိုအပ်တဲ့အခြေအနေဖြစ်ပါတယ်။ စိတ်ကျန်းမာရေးကုသဆောင်မှာ ဆေးရုံတင်ထားဖို့ မသင့်တော်ဘူး။ အထူးဆေးကုသဆောင်မှာဖြစ်ဖြစ်၊ ဦးနှောက်နဲ့ အာရုံကြောရောဂါကုသဆောင်မှာဖြစ်ဖြစ် ဆေးရုံတင်ဖို့ လိုအပ်ပါတယ်”

“ကျွန်တော်စီစဉ်လိုက်ပါမယ်”

“ဒွန်ရဲ့ အဖြစ်အပျက်ပေါ်မူတည်ပြီး သင်ခန်းစာယူသင့်တာ ရှိတယ်”

“ဘာများလဲ ဒေါက်တာအုန်း”

“အချိန်ကာလအနည်းငယ်အတွင်း စိတ်ရောဂါဖြစ်ပွားလာရင် ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ဘူး။ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်တယ်ဆိုတာကို ပညာပေးဖို့ လိုအပ်ပါတယ်”

See More

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ (၂) ‘လက်ကောက်ဝတ်ကို ဓားဖြင့်လှီးသူ’

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top