Healthy Life Ad
Q & A

မျက်စိ ခဏခဏ စွံတတ်သူ မိတ်ကပ်လိမ်းတဲ့အခါ . .

မေး ။ ကျွန်မက ငယ်ငယ်လေးကတည်းက မျက်စိခဏခဏစွံတတ်တယ်။ အခုတော့ သိပ်မဖြစ်တော့ဘူး။ မိတ်ကပ်လိမ်းတဲ့အခါမှာ မျက်စိတွေ ယားလာတာ၊ ရောင်လာတာတွေဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ ဆရာ။ မီးအလင်းရောင်စူးစူးထိုးလိုက်ရင်လည်း ရုတ်တရက်ဘာမှမမြင်တော့သလို ဖြစ်တတ်ပါတယ်။

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီး)

ဖြေ ။ မျက်စိစွံတယ်ဆိုတာက မျက်ခွံ(Eyelids)မှာ ဖြစ်တာပါ။ မျက်ခွံအစပ်မှာ ဂလင်းလေးတွေ (Glands) ရှိတတ်တယ်။ အဲဒီဂလင်းလေးတွေမှာ ပြွန် (Duct) တွေရှိပြီး အဲဒီပြွန်တွေက ပွင့်နေရတယ်။ တစ်ခါတလေကျရင် ပြွန်ကနေ အဆီခဲ (Lipid) တွေ ထွက်တတ်ပါတယ်။ ပါးမှာရှိတဲ့ ချွေးပေါက်နဲ့တူပါတယ်။ မျက်နှာကို ဆေးကြောတာမသန့်လို့ ချွေးပေါက်မှာ အဆီခဲပိတ်ရင် ဝက်ခြံပေါက်လာတတ်တယ်။ အဲဒီလိုပဲ မျက်ခွံကပြွန်မှာ အဆီခဲကမထွက်ဘဲ ပိတ်နေရင် ဖောင်းလာတယ်။ အဲဒါကို မျက်စိစွံတယ်လို့ ခေါ်ပါတယ်။

မျက်စိစွံတာက အိုင်းလိုင်နာဆိုးတဲ့ မိန်းကလေးတွေမှာအဖြစ်များပါတယ်။ အိုင်းလိုင်နာဆိုးတာကို သေချာပြန်သန့်စင်ပေးဖို့ လိုတယ်။ နံနက်အိပ်ရာနိုးတဲ့အခါနဲ့ ညအိပ်ရာမဝင်ခင်မှာ မျက်ခွံကိုရေနွေးလေးထဲ နှစ်ထားတဲ့ဂွမ်းစနဲ့ဖိပြီး သန့်စင်ပေးရပါတယ်။ တကယ်လို့ မျက်စိစွံနေပြီဆိုရင် တက်ထရာဆိုက်က လင်းမျက်စဉ်းဆေး(Tetracycline Eye Ointment)ကို ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးသင့်ပါတယ်။

မီးအလင်းရောင်စူးစူးမြင်လိုက်တဲ့အခါ ဘာမှမမြင်ရတော့ဘူးဆိုတာကတော့ ဖြစ်တတ်ပါတယ်။ အင်မတန်စူးတဲ့အလင်းရောင်ကို ကြည့်လိုက်ရရင် မျက်စိအာရုံခံလွှာ (Retina)ရဲ့တုံ့ပြန်မှုကပိုများတယ်။ အဲဒီအခါ မျက်စိကပြာသွားပြီး မမြင်တော့တာမျိုးဖြစ်သွားပါတယ်။ အဲဒီအခါ မျက်စိကိုမှိတ်ပြီး ခဏနားပေးသင့်ပါတယ်။ မျက်စိမှိတ်လိုက်တဲ့အခါ မှောင်တဲ့ပတ်ဝန်းကျင် (Dark Environment) ရောက်ပြီး Dark Adaptation Cycle လည်သွားပါတယ်။ အဲဒီအခါ ဘက်ထရီဖြည့်သလိုပဲ အားပြန်ပြည့်သွားပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ ယားတာ၊ ရောင်တာက လိမ်းတဲ့ မိတ်ကပ်နဲ့ ဓာတ်မတည့်လိုပါ။ အမျိုးအစား ပြောင်းသုံးကြည့်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top