Healthy Life Ad
Life Style

ကလေးများ မျက်မှန်တပ်ရခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ကလေးတွေမှာ မျက်မှန်တပ်ဖို့လိုတာက ဘာကြောင့်ပါလဲ ဆရာ။

ဖြေ. ကလေးတွေမှာ မျက်မှန်တပ်ဖို့လိုအပ်တာက မျက်စိမှုန်တာကြောင့်ပါပဲ။ လူတွေထင်နေကြသလို ကလေးတွေမှာ ရောဂါတစ်ခုခုကြောင့် မျက်မှန်တပ်ရတာမျိုး လုံးဝမဟုတ်ပါဘူး။

အရင်ဆုံး မျက်စိရဲ့ ခန္ဓာဗေဒကို ရှင်းပြချင်ပါတယ်။ မျက်စိက ကင်မရာလိုပဲ အလင်းတန်းတွေက မှန်ဘီလူးကိုဖြတ်ပြီး ဆုံချက် (Focus) က အာရုံခံလွှာ (Retina)ပေါ်ကျတယ်။ မျက်ကြောလွှာက ဦးနှောက်ကို သတင်းပို့တယ်။ အဲဒီ သတင်းအချက်အလက်တွေကို ဦးနှောက်ရဲ့နောက်ဘက် အောက်နားမှာရှိတဲ့ Occipital Lobeမှာရှိတဲ့ Visual Cortex က ပုံရိပ်ကိုလက်ခံရတယ်။ စောစောကပြောခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် အားလုံးကောင်းမွန်နေဖို့လိုပါတယ်။ ပြီးတော့ လင်းမှန် (Lens)ကလည်း ကြည်လင်နေဖို့လိုတယ်။ Vitreous လို့ခေါ်တဲ့ အရည်ကြည်ကလည်း ကြည်လင်နေရမယ်။ သူငယ်အိမ် (Pupil)ကလည်း လုပ်ငန်းဆောင်တာ ကောင်းနေရမယ်။

မျက်ကြည်လွှာကနေ မျက်စိအာရုံခံလွှာအထိ မျက်လုံးအလျားက မြန်မာလူမျိုးတွေမှာဆိုရင် ၂၂ -၂၃ မီလီမီတာလောက်ရှိတယ်။ ဒီထက်ရှည်သွားရင်၊ ဒီထက်တိုသွားရင်မမြင်နိုင်တော့ဘူး။ အဲဒီတော့ မြင်အောင် ရူပဗေဒနည်းနဲ့ တွက်ချက်ပြီး ကုသရတယ်။ မျက်လုံးအလျားရှည်တယ်ဆိုရင် မှန်ဘီလူးခွက် (Concave Lens)လို့ခေါ်ပြီး အနုတ်ပါဝါနဲ့ပြတယ်။ မျက်လုံးအလျားတိုတယ်ဆိုရင် မှန်ဘီလူးခုံး (Convex Lens)လို့ခေါ်ပြီး အပေါင်းပါဝါနဲ့ပြတယ်။ အဝေးမှုန်ရင် အနုတ်ပါဝါဆိုပြီး လူတွေက အလွယ်မှတ်ကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ မျက်လုံးအလျားပေါ်မူတည်ပြီး ဆရာတို့က မျက်မှန်ပါဝါပေးတာပါ။ ကလေးက ငယ်ငယ်လေးကတည်းက မျက်လုံးအလျားက ပုံမှန်ထက်ရှည်နေရင် ဒါမှမဟုတ် တိုနေရင် မျက်မှန်တပ်ရမှာပါပဲ။

နောက်တစ်ချက်အနေနဲ့ ရှင်းပြရရင် မျက်လုံးမှာ + 60 Diopter ရှိတယ်။ မျက်ကြည်လွှာ (Cornea) ကနေ + 40 ခွဲခြမ်းမှုရှိပြီး မှန်ဘီလူး (Lens)ကနေ + 20 ခွဲခြမ်းမှုရှိတယ်။ အဲဒီမှာ မျက်ကြည်လွှာရဲ့ အကွေးအကောက် (Curvature)က ပုံမှန်မဟုတ်ရင် မျက်မှန်လိုပါတယ်။ မျက်စိက မျက်ကြည်လွှာရဲ့ Curvature နဲ့ မျက်လုံးအလျား (Axial Length Of The Eye Ball)ဆိုတဲ့ အချက်နှစ်ချက်အပေါ် မူတည်ပြီး မျက်မှန်တပ်ရတာ ဖြစ်ပါတယ်။

ဆရာဆိုရင် မျက်လုံးအလျားရှည်တဲ့အတွက် အနုတ်ပါဝါမျက်မှန်တပ်ထားရတယ်။ ဆရာကနေ မွေးလာမယ့်သားသမီးတွေမှာဆိုရင် အနုတ်ပါဝါမျက်မှန်တပ်ရဖို့ သူများထက်ပိုများတယ်။ အဖေ၊ အမေ မျက်မှန်တပ်ရလို့ ကလေးမှာ မျက်မှန်တပ်ရတတ်တယ်ဆိုတာ မှန်ကန်မှုတော့ရှိတယ်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။ ဆရာ့အဖေနဲ့အမေက မျက်မှန်မတပ်ရပေမယ့် ဆရာနဲ့ ဆရာ့ညီမျက်မှန်တပ်ရတယ်။

မေး. မိဘတွေ အဝေးမှုန်ရင် ကလေးက အသက်ငယ်ငယ်နဲ့ မျက်မှန်တပ်ရတတ်တယ်ဆိုတာကကော မှန်ပါသလားဆရာ။

ဖြေ. ဒါလည်း သက်ဆိုင်မှုရှိပါတယ်။ မျိုးရိုးလိုက်တာပေါ့။ ဆရာဆိုရင် မျက်လုံးအလျားရှည်တဲ့အတွက် အနုတ်ပါဝါမျက်မှန်တပ်ထားရတယ်။ ဆရာကနေ မွေးလာမယ့် သားသမီးတွေမှာဆိုရင် အနုတ်ပါဝါမျက်မှန်တပ်ရဖို့ သူများထက်ပိုများတယ်။ အဖေ၊ အမေ မျက်မှန်တပ်ရလို့ ကလေးမှာ မျက်မှန်တပ်ရတတ်တယ်ဆိုတာ မှန်ကန်မှုတော့ရှိတယ်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။ ဆရာ့အဖေနဲ့အမေက မျက်မှန်မတပ်ရပေမယ့် ဆရာနဲ့ ဆရာ့ညီမျက်မှန်တပ်ရတယ်။ ကျန်တဲ့မောင်နှမတွေကျတော့ မတပ်ရပါဘူး။ ဒါကြောင့် မိဘမျက်မှန်တပ်ရရင် သားသမီးမှာမျက်မှန်တပ်ရနိုင်တဲ့ အခွင့်အလမ်းတော့ ပိုများတယ်လို့တော့ ပြောလို့ရပါတယ်။

မေး. မိဘမျက်မှန်တပ်ရပြီး မွေးလာတဲ့သားသမီး အားလုံးထဲကနေ တချို့သူတွေပဲ မျက်မှန်တပ်ရတာကကော ဘာကြောင့်ပါလဲ ဆရာ။

ဖြေ. ဒါက မျိုးရိုးဗီဇသဘောတရား (Genetic Pattern)နဲ့ သက်ဆိုင်ပါတယ်။ မိဘတွေက မွေးလာတဲ့ကလေးမှာ မျက်မှန်တပ်ရတဲ့ Gene (မျိုးရိုးဗီဇ)ပါရင် Gene ရဲ့ ပြုပြင်မှုကြောင့် မျက်လုံးအလျားက အတို၊ အရှည်ဖြစ်သွားပြီး မျက်မှန်တပ်ရတယ်။ ဒါပေမဲ့ တိကျတဲ့ မျိုးရိုးဗီဇပုံစံ (Genetic Pattern) တော့ မရှိဘူး။ မျိုးရိုးဗီဇနဲ့ဆက်စပ်မှု လ တော့ရှိပါတယ်။ နိုင်ငံခြားမှာ မျိုးရိုးဗီဇနဲ့ ကလေးမျက်မှန်တပ်ရတဲ့အကြောင်းကို တိတိကျကျသိဖို့ သုတေသနလုပ်တာ နှစ်ပေါင်းများစွာကြာပေမယ့် အခုအထိ အဖြေမထွက်သေးပါဘူး။

မေး. ကလေးမှာ ပါဝါမျက်မှန်လိုတာကို မျက်မှန်မတပ်ဘဲနေရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. လူကြီးမှာဆိုရင် ပါဝါမျက်မှန်လိုတာကို မတပ်လည်းဘာမှမဖြစ်ဘူး။ မှုန်တာကလွဲလို့ပေါ့။ လူကြီးမှာ ဘယ်ဘက်မျက်လုံးက ပုံရိပ်တစ်ခုမြင်တယ်။ ညာဘက်မျက်လုံးက ပုံရိပ်တစ်ခုမြင်တယ်။ ဒါပေမဲ့ ဒီပုံရိပ်နှစ်ခုကို ဦးနှောက်က လက်ခံပြီး ထပ်ပေးလိုက်တဲ့အခါကျတော့ ပုံရိပ်တစ်ခုတည်းမြင်တယ်။

ကလေးမှာကျတော့ မျက်စိတစ်ဖက်ကကောင်းပြီး တစ်ဖက်ကမှုန်နေရင် ကောင်းတဲ့မျက်လုံးနဲ့ပဲ ကြည့်တယ်။ မှုန်တဲ့မျက်လုံးနဲ့ မကြည့်တော့တဲ့အတွက် ကြာလာရင် ပျင်းတွဲမျက်စိ (Lazy Eye) ဖြစ်သွားတယ်။ ရောဂါမရှိပေမယ့် အဲဒီမျက်လုံးရဲ့အမြင်က မသန်စွမ်းတော့ဘူး။ ဘာနဲ့တူသလဲဆိုတော့ ညာလက်နဲ့ စာရေးနေကျ လူတစ်ယောက်က ညာနဲ့ရေးရင် လက်ရေးလှနိုင်ပေမယ့် ဘယ်လက်နဲ့ရေးရင်တော့ ဘယ်လိုမှမလှနိုင်တော့ဘူး။ မျက်စိနှစ်ဖက် စလုံးမှုန်ရင်တော့ မျက်စိတစ်ဖက်မှုန်တာနဲ့စာရင် တော်သေးတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးမှုန်ရင်လည်း ကြာလာရင် အမြင်အာရုံလှုံ့ဆော်မှု (Visual Stimulus) မရတာမျိုး ဖြစ်နိုင်တယ်။

မေး. ပျင်းတွဲမျက်စိဖြစ်သွားချိန်မှာ ဘယ်လိုကုသလို့ရပါသလဲ ဆရာ။

ဖြေ. အသက် ၁၂နှစ်မတိုင်ခင်မှာ Lazy Eye ဖြစ်မှန်းသိရင် မျက်စိလေ့ကျင့်ခန်းတွေ လုပ်လို့ရတယ်။ လေ့ကျင့်ခန်းအနေနဲ့ မျက်စိကောင်းတဲ့ဘက်ကို ပိတ်ထားပြီး မှုန်တဲ့ဘက်နဲ့ကြည့်ခိုင်းတာပါ။ လက်တစ်ဖက်က သိမ်နေရင် ကျန်တဲ့လက်နဲ့ညီအောင် ဝိတ်မတဲ့ လေ့ကျင့်ခန်းလိုမျိုးပါပဲ။ မှုန်တဲ့ဘက်နဲ့ ကြည့်ရင်းကြည့်ရင်းနဲ့ ရသွားတယ်။ ဒီထက်ကျော်သွားရင်တော့ ခက်ခဲသွားတယ်။ အသက် ၂၀ နောက်ပိုင်းမှ သိရင်တော့ မဖြစ်နိုင်တော့ဘူး။

မေး. ပျင်းတွဲမျက်စိဖြစ်သွားတာကို မသိဘဲထားလိုက်ရင်ကော ဘာဆက်ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. မျက်စိမှုန်တဲ့ဘက်နဲ့ လုံးဝမကြည့်ဘဲ ကောင်းတဲ့ဘက်နဲ့ပဲ ကြည့်နေတဲ့အခါကျတော့ ကြာလာရင် မျက်စိစွေစောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက် မျက်စိစွေစောင်းနေရင် မျက်စိဆရာဝန်နဲ့ပြပြီး မျက်မှန်စမ်းသပ်တာလို လိုအပ်တဲ့ ဆေးကုသမှုလုပ်ဖို့ အရေးကြီးပါတယ်။

မေး. ကလေးအများစုက မျက်စိမှုန်တာကို မပြောတတ်ကြဘူးလေ။ အဲဒီတော့ ကလေးတစ်ယောက် မျက်မှန် လိုတယ်ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲ ဆရာ။

ဖြေ. ဟုတ်ပါတယ်။ ကလေးအတော်များများက မျက်စိမှုန်တာကို မပြောတတ်ကြပါဘူး။ အဲဒီတော့ မိဘနဲ့ အုပ်ထိန်းသူတွေက သူတို့ရဲ့အမူအရာကိုကြည့်ပြီး သိနိုင်ပါတယ်။ ကလေးတွေက မညာတတ်ပါဘူး။ ကျောင်းမှာ ကျောက်သင်ပုန်းပေါ်ကစာကို မမြင်ရရင် ဘေးနားက သူငယ်ချင်းဆီက ကြည့်လိမ့်မယ်။ မကြည့်ဘဲ စာကူးရင်လည်း အမှားတွေချည်းဖြစ်နေမှာပေါ့။ အဲဒီလိုအမူအရာကို မိဘက သိပ်မသိနိုင်ဘူး။ ကလေးရဲ့ဆရာ၊ ဆရာမက အသိဆုံးပဲ။ ဒါကြောင့် မိဘနဲ့ ကျောင်းက ဆရာ၊ ဆရာမကြား ဆက်သွယ်မှုရှိနေဖို့လည်း အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ ကလေးကျောင်းက ပြန်လာတဲ့အခါ စာကူးတာမှန်လား၊ မမှန်လား စစ်ကြည့်တာမျိုး၊ တီဗီကြည့်ရင် ရှေ့နားတိုးကြည့်တဲ့ အမူအရာရှိ၊ မရှိကြည့်တာမျိုးကနေလည်း သိနိုင်တယ်။

မေး. ကလေးတွေ မျက်စိစုံမှိတ်တာကကော ဘာပြဿနာရှိပါသလဲ ဆရာ။

ဖြေ. ကလေးတွေက အမြဲတမ်း မျက်စိစုံမှိတ်တာဟာ အလေ့အကျင့်ကြောင့် ဖြစ်တာများပါတယ်။ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သေချာချင်ရင်တော့ မျက်စိဆရာဝန်နဲ့ စစ်ဆေးတာနဲ့ ဦးနှောက်နဲ့ အာရုံကြော အထူးကုဆရာဝန်နဲ့ စစ်ဆေးတာမျိုးတော့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဆရာ့အတွေ့အကြုံအရတော့ ကလေးတွေ မျက်တောင်စုံခတ်ပြီး မျက်စိစုံမှိတ်တာက လူကြီးကို အတုခိုးရာကနေ အလေ့အကျင့် ဖြစ်သွားတာပါပဲ။

မေး. ကလေးရဲ့မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီး မိဘတွေကို ဘာအကြံပေးလိုပါသလဲ ဆရာ။

ဖြေ. ကလေးတွေမှာ မွေးစကနေ နှစ်နှစ်အရွယ်နဲ့ နှစ်နှစ်ကနေ လေးနှစ်ကြား ကျောင်းမတက်ခင်ကာလမှာ မျက်စိကို တစ်ကြိမ်လောက် စစ်ဆေးကြည့်သင့်တယ်။ ကျောင်းတက်နေတဲ့ ကာလအတွင်းမှာလည်း မိဘနဲ့ဆရာဆက်သွယ်မှုထားပြီး ကလေးရဲ့ပညာရေးကိုသာမက ဘက်စုံဖွံ့ဖြိုးရေးအတွက် တွဲဖက်ဆောင်ရွက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top