Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် နှလုံးရောဂါ ဆက်စပ်မှုအကြောင်း သိမှတ်ဖွယ်ရာ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆီးချိုရောဂါနဲ့ နှလုံးရောဂါက ဘယ်လိုဆက်စပ်မှုရှိပါသလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါရှိသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ဆီးချိုသမားတစ်ယောက်ကို နှလုံးသွေးကြောကျဉ်းရောဂါမရှိသော်လည်း ရောဂါရှိတဲ့သူလိုမျိုး ဂရုစိုက်ဖို့လိုပါတယ်။ ဒါက နှလုံးရောဂါဖြစ်နိုင်ခြေ အများကြီးရှိပါတယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ဆီးချိုက နှလုံးသွေးကြောကို ကျဉ်းစေတတ်တဲ့သဘောရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေပိုများပါစေတယ်။ ဆီးချိုရောဂါထိန်းချုပ်မှု မကောင်းတာကြောင့် နှလုံးရောဂါကို အများကြီးဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါကြောင့် ဆီးချိုရောဂါကို ဖြစ်စေတတ်တာတော့ မဟုတ်ပါဘူး။ ဆီးချိုကိုယ်တိုင်က ထိန်းချုပ်မှုမကောင်းရင် နှလုံးကိုလည်းထိတယ်၊ သွေးကြောတွေကိုလည်း ထိစေနိုင်တဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို အရမ်းဖြစ်စေနိုင်ပါတယ်။ ဆီးချိုသမားတွေက သွေးလည်းကျဲသွားတတ်ပါတယ်။ သွေးကြောလည်း ကျဉ်းသွားတတ်ပါတယ်။ အဆီလည်းများတတ်ပါတယ်။

ဆီးချိုသမားတစ်ယောက်ကို နှလုံးသွေးကြောကျဉ်းရောဂါမရှိသော်လည်း ရောဂါရှိတဲ့သူလိုမျိုး ဂရုစိုက်ဖို့လိုပါတယ်။ ဒါက နှလုံးရောဂါဖြစ်နိုင်ခြေအများကြီး ရှိပါတယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ဆီးချိုက နှလုံးသွေးကြောကို ကျဉ်းစေတတ်တဲ့သဘော ရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေပိုများပါစေတယ် . . .

မေး. ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ရင် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါသလား ဆရာ။

ဖြေ. ဆီးချိုသမား နှလုံးရောဂါဖြစ်ရင် Microvascular သွေးကြောအသေးလေးတွေကိုရော Macrovascular ဆိုတဲ့ သွေးကြောအကြီးတွေကိုပါ ထိစေပါတယ်။ ဆီးချိုရောဂါကို ကာကွယ်နိုင်တဲ့အခါ သွေးကြောအသေးလေးတွေမှာဖြစ်တဲ့ သွေးကြောကျဉ်းတာတွေကိုတော့ ကာကွယ်ပြီးဖြစ်သွားပါတယ်။ ဒါပေမဲ့ သွေးကြောအကြီးတွေမှာ ဖြစ်တာကိုတော့ ကာကွယ်ရာမရောက်ပါဘူး။ ဆီးချိုသမားတွေမှာ ဂလူးကို့စ်ကို ထိန်းနိုင်တယ်ဆိုရင် Macrovascular ခေါ်တဲ့ သွေးကြောအသေးလေးတွေမှာ ဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ မျက်စိမှာဖြစ်တဲ့ရောဂါ၊ ကျောက်ကပ်မှာဖြစ်တဲ့ရောဂါ၊ ထုံနာကျဉ်နာဖြစ်တတ်တဲ့ အာရုံကြောတွေမှာဖြစ်တဲ့ ရောဂါတွေကို ကာကွယ်မိပါတယ်။

ဒါပေမဲ့ သွေးကြောအကြီးတွေမှာဖြစ်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေတွေ၊ လက်တွေကိုသွားတဲ့ သွေးကြောတွေကျဉ်းတဲ့ရောဂါ (Peripheral Vascular Disease)၊ လေဖြတ်တာတွေကိုတော့ မကာကွယ်နိုင်ပါဘူး။ အဲဒါတွေကို ထိန်းချုပ်ဖို့ဆိုရင်တော့ အက်စပရင်လိုအပ်တယ်၊ ကိုလက်စထရောကို ထိန်းဖို့လိုအပ်တယ်၊ လိုအပ်ရင် သွေးတိုးတာကိုလည်းထိန်းနိုင်ဖို့ ဆေးကုသမှုလိုအပ်ပါတယ်။

မေး. ဆီးချိုသမားမှာ နှလုံးရောဂါဖြစ်ရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားမှာ နှလုံးရောဂါဖြစ်ရင်တော့ နှလုံးသွေးကြောပိတ်ပြီး သေဆုံးတာအများဆုံးပါပဲ။ ၁၀ဝ မှာ ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

မေး. ဆီးချိုသမားမှာ နှလုံးရောဂါရှိနေသလားဆိုတာ သိနိုင်အောင် ဘယ်လိုစစ်ဆေးမှုလုပ်ရပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားတစ်ယောက် ရောက်လာရင် အရင်ဆုံး နှလုံးရောဂါရှိလားလို့ အီးစီဂျီရိုက်စစ်ကြည့်ကြပါတယ်။ နောက်ပြီး ကိုလက်စထရောကို စစ်ရပါတယ်။ ကိုလက်စထရော လေးမျိုးရှိရာမှာ LDL, HDL,TG (Triglyceride)နဲ့ Total Cholesterol လေးမျိုးလုံးကို စစ်ဖို့လိုပါတယ်။ ကိုလက်စထရောမှာ မကောင်းတဲ့ ကိုလက်စထရော (LDL) နဲ့ ကောင်းတဲ့ကိုလက်စထရော (HDL) ရှိပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ များနေရင်လည်း ရောဂါလို့ သတ်မှတ်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောက ပုံမှန်ဖြစ်နေပေမယ့်ကောင်းတဲ့ ကိုလက်စထရော နည်းနေရင်လည်း ရောဂါလို့ သတ်မှတ်ပါတယ်။ အဲဒါကြောင့် လေးခုလုံးကို စစ်ဆေးလေ့ရှိပါတယ်။

မေး. ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွဲနေရင် ဘယ်လိုကုသမှု ခံယူရပါသလဲ ဆရာ။

ဖြေ. ကုသမှုအပိုင်းမှာတော့ ဆီးချိုရောဂါကို ထိန်းရမယ်၊ နှလုံးကိုလည်း ဂရုစိုက်ပေးနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ တချို့က ဝတယ်ဆိုပေမယ့် လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အတွက် ကျန်းမာနေပါတယ်။ တချို့က ပိန်တယ်ဆိုပြီး လေ့ကျင့်ခန်းမလုပ်တဲ့အတွက် ကျန်းမာရေး ထိခိုက်နေတာမျိုးရှိပါတယ်။ ဆီးချိုနဲ့ နှလုံးရောဂါတွဲနေရင် အဆီများတဲ့ အစားအစာတွေ အဓိက ရှောင်ဖို့လိုအပ်ပါတယ်။

မေး. ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွဲဖြစ်နေရင် ဆေးကုသမှုအတွက် ဆရာဝန်တွေ ပူးပေါင်းကုသဖို့ လိုအပ်ပါသလား ဆရာ။

ဖြေ. များသောအားဖြင့် အထွေထွေအထူးကု ဆရာဝန်တိုင်းက ရောဂါတွေအကုန်လုံးကို သိပြီးသားဖြစ်ပါတယ်။ သမားတော်တစ်ယောက်က နှလုံးရောဂါအကြောင်းလည်း သိပါတယ်။ ဆီးချိုသွေးချိုရောဂါအကြောင်းလည်း သိပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့ ကုလို့ရပါတယ်။ တစ်ခါတလေမှာ နှလုံးနဲ့ပတ်သက်လို့ သောက်ဆေးအပြင် သွေးကြောချဲ့တာ၊ ကျဉ်းတာတွေလုပ်ဖို့ လိုအပ်လာတဲ့အခါမှာတော့ ခွဲစိတ်ကုသမှုတွေလုပ်တာ ပိုကောင်းပါတယ်။ အဲဒီလိုအခြေအနေတွေမှာတော့ နှလုံးအထူးကုဆရာဝန်ကြီးတွေနဲ့တွဲပြီး ကုသဖို့လိုအပ်တာမျိုးရှိပါတယ်။ နှလုံးဆရာဝန်ကလည်း နှလုံးရောဂါကို ကုသရင်း ဆီးချိုသွေးချိုတွေတက်လာရင် မနိုင်ရင်လည်း ဆီးချိုသွေးချိုဆရာဝန်နဲ့တွဲပြီး ကုသပေးဖို့ လိုအပ်တာမျိုးရှိပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါတွဲဖြစ်တိုင်း နှလုံးဆရာဝန်နဲ့ ဆီးချိုဆရာဝန်တွဲပြီးပြဖို့ မလိုအပ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top