Healthy Life Ad
Life Style

အစား ချို့ ယွင်း စိတ်ဝေဒနာများ (၁) “အပိန်ကြိုက်သူ”

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

နိဒါန်း

ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် ခံတွင်းပျက်ခြင်း ရှိနိုင်ပါတယ်။ စိတ်ရောဂါတစ်မျိုးမျိုး (ဥပမာ-စိတ်ကျရောဂါ)ကြောင့်လည်း စားချင်သောက်ချင်စိတ် ချို့ယွင်းလာတတ်ပါတယ်။ ဒါပေမဲ့ တခြားရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ အလွန်အမင်းအစားရှောင်တဲ့ စိတ်ရောဂါတစ်မျိုးရှိတယ်။ အဲဒီရောဂါကို “ခံတွင်းပျက်စိတ်ရောဂါ” (Anorexia Nervosa) လို့ ခေါ်ပါတယ်။ ဒီရောဂါမှာ အစားအစာကို တမင်သက်သက် ရှောင်ကြဉ်နေတာက အဓိက လက္ခဏာ ဖြစ်တယ်။ ဘာကြောင့် အစာစားရမှာကို ကြောက်ပြီး အစားရှောင်ကြဉ်နေတာလဲ။ ပိန်ချင်တဲ့ ဆန္ဒဇောကြီးမားနေလို့ပါလို့ ဖြေဆိုရမယ်။ ဂျာမန်ဘာသာ ဆေးပညာမှာ ဒီရောဂါကို “အပိန်စွဲရောဂါ”(Mager Sucht)လို့ အမည်ပေးခဲ့ဖူးပါတယ်။ “အပိန်ကြိုက် ရောဂါ”လို့ ဘာသာပြန်ရင်လည်း မမှားပါဘူး။

ဒါပေမဲ့ မော်ဒယ်တွေလို ပိန်ပိန်သေးသေးပါးပါး လွှာလွှာလေး ဖြစ်ချင်လို့ အစားရှောင်တာတော့ မဟုတ်ပြန်ဘူး။ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လာရင် မော်ဒယ်တွေက ကျေနပ်တယ်။ ဒီနေရာမှာ ကွဲလွဲချက်ရှိတယ်။ “ခံတွင်းပျက်စိတ်ရောဂါရှင်”ကတော့ အရိုးပေါ် အရေတင်တဲ့အထိ ပိန်ကပ်နေပေမယ့် ဘဝင်မကျသေးဘူး။ သူ့ကိုယ်သူ အဝလွန်နေသေးတယ်လို့ ထင်မြင်ယူဆနေတယ်။ ပတ်ဝန်းကျင်က “နင့်ကို ကြည့်ရတာ ပိန်လွန်းတယ်”လို့ပြောရင်လည်းလက်မခံနိုင်ဘူး။ အရိုးပြိုင်းပြိုင်းထနေတဲ့ ရုပ်ပုံကိုကြည့်မှန်ထဲမှာ တွေ့မြင်နေရပေမယ့် ဝလွန်းနေသေးတယ်လို့ပဲ ယုံကြည်နေတယ်။ ဒါ့ထက်ပိုပြီး ဝလွန်းလာမှာ ကြောက်တဲ့ စိတ်ကို ဖျောက်ဖျက်လို့မရဖြစ်နေတယ်။ ဒါကြောင့် ဒီရောဂါကို “ဝမှာ ကြောက်စိတ်လွန်ကဲ”ဝေဒနာလို့လည်း နားလည်နိုင်ပါတယ်။

“ခံတွင်းပျက်စိတ်ရောဂါ”မှာ တွေ့ရှိရတဲ့ အင်္ဂါရပ်သုံးမျိုးကတော့-(၁) တမင်သက်သက် အစာငတ်ခံနေတဲ့၊ အစားရှောင်နေတဲ့ အပြုအမူ၊ (၂) ပိန်ချင်တဲ့ ဆန္ဒဇောကြီးမားခြင်းနဲ့ လူက ပိန်ကပ်နေပေမယ့် အဝလွန်နေတယ်လို့ ထင်မြင်ယူဆနေခြင်း၊ (၃) အစာရေစာ အငတ်ခံလို့ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးချို့ယွင်းမှုတို့ ဖြစ်ပါတယ်။

ခံတွင်းပျက်စိတ်ရောဂါက အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြားအရွယ်မှာ စတင်ဖြစ်ပွားတတ်တယ်။ မြီးကောင်ပေါက်အရွယ် မိန်းကလေးတွေထဲမှာ ရောဂါ ဖြစ်ပွားနှုန်းက ဝ ဒသမ ၅ ရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းအထိ ရှိတယ်။ ယောကျာ်းလေးတွေမှာ ခံတွင်းပျက် စိတ်ရောဂါဖြစ်ပွားတာ ရှိပေမယ့် ဖြစ်ပွားမှုနှုန်းက မိန်းကလေးတွေမှာထက် ၁၀ ဆလောက် နည်းပါးပါတယ်။

စိတ်ကျန်းမာရေးကုသဆောင်မှာတော့ ခံတွင်းပျက်စိတ်ရောဂါနဲ့ တက်ရောက်နေတဲ့ လူနာကို တစ်ခါတစ်ရံမှသာတွေ့ရှိရတယ်။ အဲဒီလို လူနာမျိုး ဆေးရုံတက်ရောက်လာရင် သင်တန်းတာဝန် (Posting) ကျနေတဲ့ ဆေးကျောင်းသားတွေက အထူးစိတ်ဝင်စားကြတယ်။ ဒါကြောင့် ခံတွင်းပျက်စိတ်ရောဂါရှင် ဆူဆန်အကြောင်းကို ဆေးကျောင်းသားတွေနဲ့ ဆွေးနွေးဖို့ အခွင့်အရေးပေါ်လာပါတယ်။

စိတ်ကျန်းမာရေးဆေးကုသဆောင်မှာ သင်တန်းတာဝန်ကျနေတဲ့ ဆေးကျောင်းသားတိုင်းက သူတို့လေ့လာထားတဲ့ လူနာတစ်ယောက်ရဲ့ရောဂါဖြစ်စဉ်ကို စာသင်ခန်းထဲမှာ အလှည့်ကျ တင်ပြ ဆွေးနွေးရတယ်။ ဆေးကျောင်းသား ဟွမ်က သူ့အလှည့်မှာ ဆူဆန်ရဲ့ရောဂါကို တင်ပြပါတယ်။

“ဆူဆန်က အသက် ၂၀ အရွယ် ဒုတိယနှစ် ဝိဇ္ဇာသင်တန်းတက္ကသိုလ်ကျောင်းသူဖြစ်တယ်။ သင်တန်းပထမနှစ်ပြီးဆုံးချိန်မှာ သူ့ရီးစားနဲ့ ကွဲကွာခံရပြီးကတည်းက အစားအသောက်ပျက်လာတယ်လို့ သိ ရတယ်။ တဖြည်းဖြည်း အစားရှောင်လာတယ်။ အစားအစာကို ရွေးပြီးစားတယ်၊ အဆီကို မတို့ချင်ဘူး။ အသားမစားချင်ဘူး။ ပေါင်မုန့်ဆိုရင် အပိုင်းပိုင်းဖဲ့ပြီး တစ်ခုချင်း ကောက်စားတယ်။ အသီးအရွက်ကိုသာ ရွေးပြီး စားတယ်။ ဒါတောင် ပန်းကန်ပြားထဲမှာ ရှိသမျှ အကုန်မစားဘူး။ ပြီးခဲ့တဲ့ ၆လအတွင်းမှာ ကိုယ်အလေးချိန် ၆၃ ကီလိုဂရမ်ကနေပြီး ၄၂ ကီလိုဂရမ်အထိ ကျဆင်းလာပါတယ်။ ဆေးမှတ်တမ်းထဲမှာ ဆူဆန်ရဲ့ “ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း” (Body Mass Index)(BMI)က ၁၄ ဒသမ ၅ ပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်”

ဆေးကျောင်းသူတစ်ဦးက ကြားဖြတ်ပြီး မေးမြန်းတယ်။

“ဘီအမ်အိုင်ဆိုတာ ဘာလဲ”

တွမ်က စာရေးသူကို အကူအညီတောင်းတဲ့ အမူအရာနဲ့ကြည့်နေပါတယ်။ စာရေးသူက အလိုက်သိစွာရှင်းပြပါတယ်။

“ဆေးပညာမှာ ခန္ဓာကိုယ်ဝတာ၊ ပိန်တာကို ကိုယ်အလေးချိန် သက်သက်နဲ့ချည်း မဖော်ပြတော့ဘူး။ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းအချိုးအဆ ကိုတွက်ချက်ပြီး ဖော်ပြပါတယ်။ ဘီအမ်အိုင်ရရှိဖို့ တွက်ချက်တဲ့ မူသေကိန်းရှိတယ်။ အဲဒါက BMI= Kg/m2 ဖြစ်ပါတယ်။ ကိုယ်အလေးချိန်”ကီလိုဂရမ်”ကို အရပ်အမောင်း “မီတာ နှစ်ထပ်ကိန်း”နဲ့ စားလို့ရတဲ့အဖြေက “ဘီအမ်အိုင်”ပဲ

တွမ်က မေးမြန်းပါတယ်။

“ဆူဆန်ရဲ့ ဘီအမ်အိုင်က ၁၄ ဒသမ ၅ ဆိုတော့ ရောဂါရှိတယ်လို့ ပြောနိုင်သလား ဆရာ”

“ပြောလို့ ရပါတယ်”

ဘီအမ်အိုင်ပမာဏပေါ် မူတည်ပြီး ကိုယ်အလေးချိန်အဆင့် ခွဲခြားထားပါတယ်။ အကြမ်းအားဖြင့် သတ်မှတ်ထားတာကို ပြောပြမယ်။ ဘီအမ်အိုင် ၁၈မှ ၂၄ အတွင်းရှိရင် သာမန်ကိုယ်အလေးချိန်လို့ ယူဆတယ်။ ၂၅ မှ ၂၉ အတွင်းရှိရင် ကိုယ်အလေးချိန်များတယ်။ ဝတယ်လို့ ပြောနိုင်တယ်။ ဘီအမ် အိုင် ၃၀နဲ့အထက်ရှိရင် ဝလွန်းတယ်လို့ ယူဆပါတယ်။ ဘီအမ်အိုင် ၁၈ အောက်ရှိရင် ပိန်တယ်လို့ ပြောနိုင်တယ်။ ၁၇ ရောက်လာရင် အနည်းငယ် ရောဂါဆန်လာတယ်။ ဘီအမ်အိုင် ၁၇ အောက်ရှိရင် ခံတွင်းပျက်စိတ်ရောဂါအသင့်အတင့်ရှိတယ်လို့ ယူဆတယ်။ ဘီအမ်အိုင် ၁၆ အောက်ရှိရင် ရောဂါဆိုးရွား တယ်လို့ သတ်မှတ်တယ်။ ဘီအမ်အိုင် ၁၅ အောက်ရှိလာရင်တော့ ခံတွင်းပျက်စိတ်ရောဂါ အလွန်အမင်း ပြင်းထန်ဆိုးရွားတယ်လို့ ပြောရမယ်”

ဒါကြောင့် ဆူဆန်ရဲ့ရောဂါက ဆိုးရွားပြင်းထန်တဲ့အဆင့် ရောက်နေပြီလို့ မှတ်ချက်ချနိုင်တယ်။ တခြားရောဂါလက္ခဏာတွေ ရှိသေးလား”

တွမ်က ဆူဆန်ရဲ့ ဆေးမှတ်တမ်းကို ဖတ်ကြည့်ပြီး ဖြေဆိုတယ်။

“မီးယပ်သွေးမပေါ်တာ ကြာပြီလို့ ဆူဆန်က ပြောပါတယ်”

“ဘယ်လောက်ကြာပြီလဲ”

“တစ်နှစ်လောက် ရှိပါပြီ”

“ရာသီမလာတော့တာကလည်း ခံတွင်းပျက်စိတ်ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အာဟာရချို့တဲ့လာလို့ ရာသီသွေးငုပ်သွားတာလို့ တချို့က ယူဆတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန် သိသိသာသာ မကျဆင်းခင် ရောဂါဖြစ်ပွားစအချိန်ကတည်းက ရာသီမလာတဲ့ လူနာတွေလည်း ရှိတယ်။ ဒါကြောင့် မဟော်မုန်းဓာတ်အပြောင်းအလဲရှိတာနဲ့ ခံတွင်းပျက် စိတ်ရောဂါ ဆက်စပ်မှုရှိတယ်လို့ ပြောနိုင်တယ်”

ဆေးကျောင်းသူတစ်ဦးက အားမလို အားမရ ခံစားနေရသလို မေးမြန်းပါတယ်။

“ဆူဆန် ဒီလောက်အထိ ပိန်ချုံးလာတာကို ဘယ်သူမှ မရိပ်မိဘူးလား”

တွမ်က သူ လေ့လာသိရှိထားတာကို ဖြေကြားတယ်။

“ကျောင်းသူအဆောင်မှာ နေထိုင်တုန်းက ဘယ်သူမှ သတိမထားမိဘူး ထင်ပါတယ်။ ဆူဆန်က လူမမာလို အားအင်ချိနဲ့နေတာ မဟုတ်ပါဘူး။ အစားရှောင်နေပေမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းတွေကို နေ့တိုင်း ပြုလုပ်တယ်။ သူများတွေထက်ပိုပြီး လှုပ်ရှားတက်ကြွတယ်။ ပိန်တာထက် ပိုပြီး ပိန်ချင်လို့တဲ့”

စာရေးသူက ကြားဖြတ်ပြီး ရှင်းပြပါတယ်။

“အဲဒါ ခံတွင်းပျက်စိတ်ရောဂါရဲ့ လက္ခဏာတစ်ခုပဲ။ စားတာထက်ပိုပြီး အားအင်ကုန်ခမ်းသွားအောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို အပြင်းအထန် လုပ်တတ်ကြတယ်။ တချို့လူနာတွေကတော့ စားသမျှ အစာအာဟာရမဖြစ်အောင် ပြုလုပ်တတ်တယ်။ ဥပမာ-အစာစားပြီးရင် အာခေါင်ထဲ လက်ညှိုးထိုးပြီး အန်ပစ်ခြင်း၊ ဝမ်းနှုတ်ဆေးစားပြီး ဝမ်းပျက်အောင် ပြုလုပ်ခြင်း စတာတွေပေါ့”

ဆေးကျောင်းသားတွမ်က ဆူဆန်ရဲ့ အပြုအမူတွေကို ဆက်လက်တင်ပြပါတယ်။

“နောက်တစ်ခု ရှိသေးတယ်။

ဆူဆန်က ရုပ်ဖျက်တာတော်တယ်။ သူ ပိန်ချုံးနေတာကို လူတွေ မသိအောင် ပုံဖော်ထားတတ်တယ်။ အင်္ကျီပွပွဖက်ရှင်ကို ရွေးပြီး ဝတ်တယ်။ နောက်ပြီး အင်္ကျီတစ်ထပ်တည်း မဝတ်ဘဲ အထပ်ထပ်ဝတ်ဆင်တယ်။ ဒီတော့ တခြားကျောင်းသား ကျောင်းသူတွေက ဆူဆန်ပိန်ချုံးနေတာကို မရိပ်မိဘူးပေါ့။ ထမင်းစားချိန်မှာလည်း တခြားကျောင်းသူတွေနဲ့ အတူမစားဘူး။ အကြောင်း အမျိုးမျိုးပြပြီး နောက်ကျခံစားတယ်။

ဒီတော့ ဆူဆန်အစားရှောင်နေတာကို သူ့သူငယ်ချင်းတွေက သတိမထားမိကြဘူး”

ဆေးကျောင်းသူတစ်ဦးက မေးမြန်းပါတယ်။

“ဒီလိုဆိုရင် ဆူဆန် ဘယ်လို ဆေးရုံရောက်လာသလဲ”

တွမ်က ဆူဆန်ရဲ့ ဇာတ်လမ်းကို ဆက်လက် ပြောပြပါတယ်။

“ကျောင်းပိတ်ရက်ရောက်တော့ ဆူဆန်က သူ့ မိဘတွေဆီပြန်လာပြီး အနားယူပါတယ်။ အဲဒီတော့ မှ ဆူဆန် ဖုံးကွယ်ထားတာတွေက ဗူးပေါ်သလို ပေါ်တော့တာပဲ”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှူပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top