Healthy Life Ad
International

တစ်ကိုယ်လုံး ဆိုရီးယေးစစ် အနီကွက်များဖြစ်နေသော်လည်း ပျော်ပျော်နေသွားမည့် ကောင်မလေး

၊ ကိုထက် ၊

အင်္ဂလန်နိုင်ငံ ဟန်စရင်းပြည်နယ်ရှိ အသက် ၁၈ နှစ်အရွယ် ကလေးမလေး အဲလတ်ဝိကာဟာ အသက် ၁၁ နှစ်အရွယ်လောက်ကစပြီး အလွန်ရှားပါးတဲ့ အရေပြားရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ သူရဲ့ဦးခေါင်းကစပြီး ခြေဖျားထိ အရေပြားတွေမှာ ဆိုရီးယေးစစ်အနီရောင်အကွက်တွေဖြစ်ပေါ်နေပြီး မြင်တဲ့သူတိုင်းက သူ့ကို ရှောင်ဖယ်နေတတ်ကြပါတယ်။ အခုအခါမှာတော့ အဲလတ်ဝိကာဟာ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကို ဂရုမစိုက်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

အဲလတ် အသက် ၁၁ နှစ်အရွယ်မှာ ဆံပင်ညှပ်ဆိုင်သွားရင်း ပွေးကွက်လို့ယူဆတဲ့ အကွက်တွေ ဦးရေပြားမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကွက်တွေက ပျောက်မသွားဘဲ ပိုမိုများပြားလာကာ စစ်ဆေးချက်များအရ အလွန်ရှားပါးတဲ့ အနီရောင်အဖုအကွက်တွေ တစ်ကိုယ်လုံးထွက်တဲ့ အရေပြားဝေဒနာတစ်မျိုးဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ အနီရောင်အကွက်တွေနဲ့ ဖုံးအုပ်နေပြီဖြစ်ပါတယ်။

ဖြစ်ခါစမှာ အဲလတ်ဟာ အလွန်အမင်းစိတ်ထိခိုက်ပြီး အိမ်တွင်းအောင်းနေခဲ့ပါတယ်။ အပြင်ထွက်မယ်ဆိုရင်လည်း တစ်ကိုယ်လုံးကို ဖုံးအုပ်ထားခဲ့ပါတယ်။ စိတ်ညစ်လွန်းလို့ အိမ်ကနေပါ ထွက်ပြေးချင်စိတ်ပေါက်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ “လူတွေကတွေ့လိုက်ရင် စိုက်ကြည့်နေကြပြီး ဘာရောဂါဖြစ်နေတာလဲ၊ ကူးတတ်လားဆိုပြီး ခပ်ခွာခွာနေကြတာတွေက တော်တော်ခံစားရပါတယ်”လို့ အဲလတ်က ပြောပြခဲ့ပါတယ်။

အခုအခါမှာတော့ အဲလတ်ဟာ သူမရဲ့ အနီကွက်တွေဖြစ်နေတဲ့ အရေပြားနဲ့ ကျင့်သားရနေပြီဖြစ်ပြီး အကွက်တွေမရှိခင်က သူမရဲ့ပုံစံကို တောင်မေ့နေပြီလို့ ပြောပြခဲ့ပါတယ်။ “ဒီလိုပုန်းအောင်းနေရတာကို စိတ်ကုန်နေပါပြီ၊ ဒါကြောင့် လူတွေရှေ့ကို ပြန်ထွက်ဖို့ဆုံးဖြတ်လိုက်တာပါ… လူတွေရဲ့ ဝေဖန်မှုတွေကို ဂရုစိုက်မနေဘဲ ဒီရောဂါဟာ အရေပြားပေါ်က အရောင်တွေသက်သက်ပဲဖြစ်ပြီး ဖျားနာနေတာမျိုး၊ ကူးစက်တတ်တာမျိုး မရှိကြောင်းကို လူတွေကို အသိပေးချင်ပါတယ်” လို့ အဲလတ်ကပြောပြခဲ့ပါတယ်။

အဲလတ်ဟာ အရေပြားကုထုံးတွေများ စွာခံယူခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။ အခုတော့ ကုသမှုတွေကို အကုန်ရပ်တန့်လိုက်ပြီး အသားရေအစိုဓာတ်ထိန်းခြင်းနဲ့ အလင်းကုထုံးတွေကိုသာ ပြုလုပ်နေတယ်လို့သိရပါတယ်။ သူမဟာ အခုဆိုရင် သာမန်အတိုင်း ဝတ်စားဆင်ယင်လျက်ရှိပြီး ဆံပင်ညှပ်ဆိုင်မှာလည်း အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အားပေးကူညီမှုတွေက သူမအတွက် အဓိကခွန်အားတွေဖြစ်တယ်လို့ အဲလတ်ကပြောပြခဲ့ပြီး ဒီလိုခက်ခဲတဲ့နေ့ရက်တွေကနေ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပြန်တည်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ သူမရဲ့ အပေါင်းအသင်းတွေက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top