Healthy Life Ad
Life Style

ကြောက်စိတ်ကို အနိုင်ယူခြင်း (၅)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ အကြောက်လွန်ရောဂါ ကုသနည်းတွေကို စိတ်ကျန်းမာရေးသူနာပြုအေမီနဲ့ စာရေးသူက ဆက်လက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

“ခွဲခြမ်းစိတ်ဖြာစိတ်ကုထုံး” (Psychoanalysis) နဲ့ “စိတ်လှုပ်ရှားရုန်းကန်မှု ဆန်းစစ်ဝေဖန်ကုထုံး” (Dynamic Psychotherapy) (DMT) (ဒီအမ်တီ) အကြောင်းကို အေမီက မေးမြန်းခဲ့ပါတယ်။

အဲဒီစိတ်ကုထုံးတွေရဲ့သဘောကို စာရေးသူ ရှင်းပြပါတယ်။

“စိတ်ကျန်းမာရေးဆေးပညာမှာ စိုးရိမ်စိတ်၊ ကြောက်စိတ်လွန်ကဲရောဂါနဲ့ ပတ်သက်ပြီး သီအိုရီတစ်ခုရှိတယ်။ ငယ်စဉ်ဘဝမှာ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုဒဏ်တွေက လူကြီးဘဝအထိ လူနာရဲ့ “မသိစိတ်” ထဲမှာ ငြိတွယ်ပါရှိနေတယ်။ အဲဒီစိတ်ဖိစီးမှုဒဏ်တွေက လူနာရဲ့ “အသိစိတ်”ထဲကို ဝင်ရောက်ဖို့ တွန်းအားပေးနေကြတယ်။ အဲဒါကို လူနာရဲ့ အသိစိတ်က လက်မခံနိုင်ဘူး။ ငယ်စဉ်ဘဝက ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေကို ပြန်လည်သတိရလာရင် အသိစိတ်ထဲမှာ မခံရပ်နိုင်အောင် ဝေဒနာခံစားရပါလိမ့်မယ်။ ဒါကြောင့် “မသိစိတ်”က မျက်လှည့်ပြတယ်။ ရေဆူနေတဲ့ ရေနွေးအိုးကို အဖုံးပိတ်ပေးလိုက်သလိုပေါ့။ ရေနွေးငွေ့ကိုသာ အပြင်ထွက်စေပြီး ဗလောင်ဆန်နေတဲ့ ရေပူတွေကို ဖိနှိပ်ထိန်းအုပ်ထားတဲ့ သဘောပါ။ ဒဏ်မခံနိုင်တဲ့ အတိတ်ကဖြစ်စဉ်တွေကို မေ့ထားပြီး လက်ရှိဘဝမှာ လက်ခံနိုင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေကိုသာ အသိစိတ်ထဲမှာ ပေါ်ပေါက်စေပါတယ်။

ခွဲခြမ်းစိတ်ဖြာစိတ်ကုထုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာဖရွိုက်ပြောဖူးတဲ့ လူနာတစ်ဦးရှိတယ်။ မြင်းကို အကြောက်လွန်ရောဂါရှိတဲ့ လူနာဖြစ်တယ်။ အဲဒီလူနာကို ဒေါက်တာဖရွိုက်က စမ်းသပ်စစ်ဆေးပြီး အဖြေပေးတယ်။ လူနာမြင်းကို ကြောက်တာက ငယ်စဉ်ဘဝက သူ့ဖခင်ကို ကြောက်လွန်းတဲ့စိတ်ကို အခြေခံတယ်လို့ သုံးသပ်ပြောကြားပါတယ်။ အဲဒီလို အဖြေရရှိအောင် လူနာရဲ့ငယ်စဉ်ဘဝကို အသေးစိတ် ဆန်းစစ်ဝေဖန်စစ်ဆေးနည်းအမျိုးမျိုးကို အသုံးပြုပါတယ်။ အဲဒါက ခွဲခြမ်းစိတ်ဖြာစိတ်ကုထုံးဖြစ်ပါတယ်”

စာရေးသူစကားဆုံးတော့ အေမီက စူးစမ်းမေးမြန်းတယ်။

“အဲဒီလိုအယူအဆကို အခုခေတ်ဆေးပညာမှာ လက်ခံသေးလား ဒေါက်တာ”

စာရေးသူ ဆက်လက်ရှင်းပြဖို့ လိုပါတယ်။

“အတုံးလိုက်အတစ်လိုက် ဝေဖန်သုံးသပ် အဖြေရှာတာမျိုးကို လက်ခံတာတော့ နည်းပါးလာပါပြီ။ ဒါပေမဲ့ အတိတ်ဘဝမှာပဲဖြစ်ဖြစ်၊ ပစ္စုပ္ပာန်ကာလမှာပဲဖြစ်ဖြစ် စိတ်ထဲမှာ ပဋိပက္ခဖြစ်လာရင် ဒါမှမဟုတ် ဖိစီးမှုဒဏ်ခံရရင် စိုးရိမ်စိတ်ကြောက်စိတ် လွန်လွန်ကဲကဲ ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ အယူအဆကိုတော့ လက်ခံပါတယ်။ ဒါကြောင့် လူနာခံစားနေရတဲ့ စိုးရိမ်စိတ်ကြောက်စိတ်လွန်ကဲရောဂါနဲ့ လူနာကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေကို ဆက်စပ်နားလည်အောင် ဆောင်ရွက်ပေးတဲ့ စိတ်ကုထုံးရှိပါတယ်။ “စိတ်လှုပ်ရှားရုန်းကန်မှု ဆန်းစစ်ဝေဖန်ကုထုံး” (DMT) (ဒီအမ်တီ)လို့ ခေါ်တယ်”

အေမီက အရေးကြီးတဲ့အချက်တစ်ခုကို ထောက်ပြပြီး မေးခွန်းထုတ်ပါတယ်။

“ဒီလိုဆိုရင် ဒေါက်တာပြောခဲ့တဲ့ “အတွေးအမြင်နဲ့ အပြုအမူကုထုံး (CBT) (စီဘီတီ)နဲ့ အခု (DMT) (ဒီအမ်တီ)က တစ်ခုနဲ့တစ်ခု ဘယ်လိုကွဲပြားသလဲ”
အေမီကို ဘယ်လိုရှင်းပြရင် ကောင်းမလဲဆိုတာကို စာရေးသူက အချိန်ယူစဉ်းစားလိုက်ပါတယ်။

“စီဘီတီကုထုံးမှာ အခြေခံသီအိုရီက ဒီလိုပါ။ လူနာခံစားနေရတဲ့ စိုးရိမ်စိတ်ကြောက်စိတ်လွန်ကဲ ရောဂါတွေဟာ အတိတ်က လူနာသင်ယူတတ်မြောက်ခဲ့တဲ့ အပြုအမူတွေ (Learned Behaviour) လို့ ယူဆပါတယ်။ ဒါကြောင့် စီဘီတီကုထုံးမှာ အဓိက ရောဂါလက္ခဏာကို ပစ်မှတ်ထားပြီး အဲဒီလက္ခဏာကို တိုက်ရိုက်ကိုင်တွယ်ဖယ်ရှားပစ်ဖို့ ကြိုးစားပါတယ်။

ဒီအမ်တီကုထုံးမှာတော့ လူနာခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို “အမြစ”နဲ့တူတဲ့ စိတ်တွင်းရှိ ပဋိပက္ခနဲ့ ဖိစီးမှုတွေက ပေါက်ဖွားလာတဲ့ “အဖူးအညွန့်”လို့ယူဆပါတယ်။ ဒါကြောင့် ဒီအမ်တီကုထုံးမှာရောဂါကို ဖြစ်ပေါ်စေတဲ့ စိတ်တွင်းပဋိပက္ခကို ပြေလည်မှုရရှိအောင် အားထုတ်ပါတယ်”

အေမီက ကြားကဝင်ပြီး ကောက်ချက်ချပါတယ်။

“အမြစ်ကို သတ်လိုက်ရင် အပင်အညွန့်ကျိုးသွားတာပေါ့။ အဲဒီနည်းက ပိုပြီးမကောင်းဘူးလား”

စာရေးသူက အနည်းငယ်ပြုံးလိုက်ပြီး ဖြေကြားပါတယ်။

“အပင်ကို အညွန့်တုံးအောင် ချိုင်လိုက်ရင်လည်း ကြာလာရင် အမြစ်ပါသေသွားနိုင်ပါတယ်။ စီဘီတီကုထုံးနဲ့ ဒီအမ်တီကုထုံးက အခုပြောခဲ့သလို လုပ်နည်းလုပ်ဟန်ကွဲပြားပေမယ့် စိုးရိမ်စိတ် ကြောက်စိတ်လွန်ကဲခြင်းဆိုတဲ့ “ပင်စည်”ကို ခြောက်သွေ့သွားစေတဲ့ ကုသနည်းတွေပါပဲ”

လူနာရဲ့ နောက်ကြောင်းရာဇဝင်နဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေ ပြည့်ပြည့်စုံစုံမေးမြန်းတယ်။ လူနာရဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်လာအောင် စုံစမ်းသုံးသပ်ပါတယ်။ လူနာခံစားနေရတဲ့ စိုးရိမ်စိတ်ကြောက်စိတ်လွန်ကဲ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပုံကိုလည်း ခရေစေ့တွင်းကျ ပြောပြနိုင်ပါတယ် . . .

စာရေးသူက ဒီအမ်တီကုထုံးအကြောင်းကို ဆက်လက်ပြောပြပါတယ်။

“မြန်မာစာပေမှာ မေးပါများ စကားရ၊ သွားပါများ ခရီးရောက်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ စကားရအောင် လူနာရဲ့နောက်ကြောင်း ရာဇဝင်နဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေ ပြည့်ပြည့်စုံစုံမေးမြန်းတယ်။ လူနာရဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်လာအောင် စုံစမ်းသုံးသပ်ပါတယ်။ လူနာခံစားနေရတဲ့ စိုးရိမ်စိတ်ကြောက်စိတ် လွန်ကဲရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပုံကိုလည်း ခရေစေ့တွင်းကျပြောပြနိုင်ပါတယ်။ အဲဒီလို ကုသမှုကြောင့် လူနာက မိမိရဲ့ရောဂါကို ပိုမိုနားလည်လာမယ်၊ စိုးရိမ်စိတ်ကြောက်စိတ်လွန်ကဲရောဂါနဲ့ မိမိဘဝပြဿနာအခက်အခဲတွေ ဆက်စပ်နေပုံကို သိမြင်လာနိုင်ပါတယ်။ ရောဂါကို အမြင်သစ်နဲ့ သိရှိနားလည်လာပါတယ်။ ဒါကြောင့် ရောဂါကို သက်သာစေပါတယ်”

အေမီက အနည်းငယ်တွေဝေစဉ်းစားပြီး မေးသင့်မေးထိုက်တဲ့ မေးခွန်းကို မေးတယ်။

“စီဘီတီကုထုံးနဲ့ ဒီအမ်တီကုထုံးက လုပ်နည်းလုပ်ဟန် ကုသနည်းပရိယာယ်ချင်း မတူဘူးနော်။ ဒါပေမဲ့ အဲဒီကုထုံးနှစ်မျိုးစလုံးက ဘာကြောင့် ထိရောက်မှုရှိတာလဲ ဒေါက်တာ”

စာရေးသူက စိတ်ကုထုံးနဲ့ ပတ်သက်ပြီး ဆက်လက်ရှင်းပြပါတယ်။

“ဘယ်လိုစိတ်ကုထုံးမှာမဆို စိတ်ဝေဒနာကို သက်သာစေတဲ့ အများဆိုင် “ဘုံအချက်အလက်” (Common Factors) တွေရှိပါတယ်။ ကျွန်တော် လက်ချိုးရေတွက်ပြမယ်။

(က) ကုသသူ ပညာရှင်(ဆရာဝန်/စိတ်ပညာ အရာရှိ/သူနာပြု)က လူနာခံစားနေရတဲ့ ဝေဒနာကို ကိုယ်ချင်းစာနာမှုရှိကြောင်း ပြသခြင်း၊ (ခ) ကုသသူပညာရှင်ကို လူနာက ယုံကြည်လေးစားမှုရှိခြင်း၊ (ဂ) ကုသသူပညာရှင်ရဲ့ ရောဂါနဲ့ပတ်သက်တဲ့ သဘောထားအယူအဆကို လူနာက သဘောတူလက်ခံခြင်း၊ (ဃ) ကုသသူပညာရှင်ရဲ့ ကုသမှုအစီအစဉ်ကို လူနာက သဘောတူလက်ခံခြင်း၊ (င) ကုသမှုအပေါ် လူနာက အားကိုးစိတ်ရှိခြင်း၊ (စ) လူနာရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို ကုသသူပညာရှင်က လေးစားမှုပြခြင်း၊ (ဆ) ကုသမှုလုပ်ငန်းတွေကို နှစ်ဦးသဘောတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဇ) ကုသမှုအတွက် လိုအပ်တဲ့နည်းပရိယာယ်တွေကို မှန်မှန်ကန်ကန် ပြုမူဆောင်ရွက်ခြင်း၊ (ဈ) ကုသမှုအစီအစဉ် ပြည့်စုံပြီးစီးအောင် အချိန်မှန်မှန် တစိုက်မတ်မတ် ဆောင်ရွက်ခြင်း စတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ စိတ်ကုထုံးတိုင်းမှာတွေ့ရှိရတဲ့အဲဒီလို “ဘုံအချက်အလက်”တွေက စိတ်ရောဂါကို “ထက်ဝက်” သက်သာစေတယ်လို့ ဆိုပါတယ်”

အေမီက သူနားလည်သဘောပေါက်သလို ထောက်ပြပါတယ်။

“ကုသသူ ပညာရှင်နဲ့ လူနာအကြား (Rapport) ‘အပြန်အလှန်ခင်မင်နားလည်မှု’ရရှိတာရဲ့ အကျိုးကျေးဇူးကို ပြောတာလား ဒေါက်တာ”

စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“အဲဒီလို အတိုချုံးပြီး ပြောလို့ရပါတယ်။ နောက်ပြီး စီဘီတီနဲ့ ဒီအမ်တီစိတ်ကုထုံးအချင်းချင်း ဆင်တူတဲ့ အချက်အလက်တွေရှိသေးတယ်”
“ပြောပြပါ ဒေါက်တာ”

“ဒီအမ်တီစိတ်ကုထုံးမှာ လူနာက သူခံစားနေရတဲ့ စိုးရိမ်စိတ်ကြောက်စိတ်တွေကို အသေးစိတ် အကြိမ်ကြိမ်ပြောပြရတယ် မဟုတ်လား။ အဲဒါက စီဘီတီစိတ်ကုထုံးမှာ အသုံးပြုတဲ့ “ကြောက်တဲ့အရာကို ရင်ဆိုင်စေတဲ့”ကုသနည်းနဲ့ ဆင်တူတယ်။ မိမိယုံကြည်အားကိုးတဲ့ ကုသသူပညာရှင်ရှေ့မှာ စိုးရိမ်တာ၊ ကြောက်တာတွေကို ရင်ဖွင့်ဆွေးနွေးမေးမြန်းခွင့်ရတော့ ကြောက်စိတ်တွေက လူနာအတွက် အဆန်းမဟုတ်တော့ဘူး။ “ရိုး”လာပါတယ်။

(၂) ဒီအမ်တီကုထုံးမှာ လူနာနဲ့ ကုသသူ ပညာရှင်အကြား စိုးရိမ်စိတ်၊ ကြောက်စိတ်တွေရဲ့ သဘောသဘာဝနဲ့ ဖြစ်ပွားတဲ့အကြောင်းရင်းတွေကို အပြန်အလှန်မေးမြန်း ဖြေဆိုတာရှိမယ်၊ ဆန်းစစ်ဝေဖန်တာရှိမယ်၊ အဲဒီလုပ်ငန်းတွေက စီဘီတီစိတ်ကုထုံးမှာအသုံးပြုတဲ့ “အတွေးအခေါ် ပြောင်းလဲပေးခြင်း” လုပ်နည်းလုပ်ဟန်နဲ့ ဆင်တူပါတယ်။ ဒီတော့ စိုးရိမ်စိတ်ကြောက်စိတ်တွေကို လူနာက အတွေးသစ်အမြင်သစ်နဲ့ ဆင်ခြင်စဉ်းစားလာနိုင်ပါတယ်။

ဒါကြောင့် စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ ကြောက်စိတ်လွန်ကဲရောဂါကို ကုသတဲ့အခါမှာ တချို့ပညာရှင်တွေက စီဘီတီစိတ်ကုထုံးကိုသုံးတယ်။ တချို့ကတော့ ဒီအမ်တီစိတ်ကုထုံးကို အားထားကြတယ်။ လူနာနဲ့သင့်တော်ပြီး လူနာနှစ်ခြိုက်တဲ့ ကုထုံးကို ရွေးချယ်တာလည်း ရှိပါတယ်။

“ကျွန်မနားလည်ပါပြီ ဒေါက်တာ”လို့ အေမီကပြောပြီး ဆက်လက်မေးမြန်းပါတယ်။ စိုးရိမ်စိတ် ကြောက်စိတ်လွန်ကဲရောဂါတွေမှာ ဒေါက်တာက စားဆေးနဲ့ ကုသတာကို အားမပေးဘူးလား”

“လိုအပ်ရင် စိတ်ကုထုံးနဲ့ ပူးတွဲအသုံးပြုပါတယ်။ အထွေထွေစိုးရိမ်စိတ်လွန်ကဲရောဂါ (ဂျီအေဒီ)နဲ့ ထိန်းမနိုင်သိမ်းမရ အကြောက်လွန်ရောဂါ (Panic Disorder) တွေမှာ လိုအပ်သလို စားဆေးကို အသုံးပြုပါတယ်။ SSRI နဲ့ SNRI အနွယ်ဝင်စိတ်ကျရောဂါကုသဆေးကို ရှေးဦးစွာသုံးစွဲကြည့်ရမယ်။ Ben­zo-diazepine အနွယ်ဝင်စိတ်ငြိမ်ဆေးတချို့ကိုလည်း ကုသစမှာသုံးစွဲပါတယ်။ ဒါပေမဲ့ ရေရှည်လပေါင်းများစွာ သုံးစွဲတာကိုတော့ အားမပေးပါဘူး။ စိတ်ငြိမ်ဆေးတစ်မျိုးဖြစ်တဲ့ Buspirone ကိုတော့ စိတ်ငြိမ်ဆေးစွဲမှာကြောက်ရင် အသုံးပြုကြပါတယ်။ အတက်ရောဂါကုသဆေးတချို့ (ဥပမာ Pregaba­lin၊ La-motrigine)ကိုလည်း စမ်းသပ်သုံးစွဲလာကြပါတယ်။

(ဖြေရှင်းချက်။ ။ အရင်အပတ်က Dynamic Psychotherapy ကို “စိတ်တွန်းကန်လှုပ်ရှားမှု ဖြစ်စဉ်ကုထုံး”လို့ ခေါ်ဆိုခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ “စိတ်လှုပ်ရှားရုန်းကန်မှု ဆန်းစစ်ဝေဖန်ကုထုံး”လို့ ပြောင်းလဲဖော်ပြထားပါတယ်။ ပိုမိုဆီလျော်မယ်ထင်လို့ပါ။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top