Healthy Life Ad
Life Style

အသည်းရောင် အသားဝါဘီပိုးအကြောင်း

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)
ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အသည်းရောင်အသားဝါ ဘီပိုးအကြောင်း သိပါရစေ ဆရာမ။

ဖြေ. အသည်းရောင်အသားဝါ ဘီပိုးဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးပါ။ အသည်းရောင်အသားဝါပိုးက A၊ B၊ C၊ D၊ E ဆိုပြီး ဗိုင်းရပ်စ်ပိုး ငါးမျိုးရှိပါတယ်။ အဲဒီအထဲမှာ ဘီပိုးနဲ့ စီပိုးကို လူတွေက အထူးကြောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားဗိုင်းရပ်စ်ပိုးနဲ့ မတူဘဲ ဘီပိုး၊ စီပိုးက အသည်းရောင်ပြီးရင် နာတာရှည်ဆက်ဖြစ်တတ်လို့ပါ။ ဘီပိုးဖြစ်ပြီး မကုရင် နာတာရှည်အနေနဲ့ ၂၅ ရာခိုင်နှုန်းလောက်က အသည်းခြောက်သွားတယ်၊ အသည်းကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကြောက်ကြတာပါ။

မေး. မြန်မာနိုင်ငံမှာ ဘီပိုးရှိသူက ဘယ်လောက်များပါသလဲ ဆရာမ။

ဖြေ. အရင်တုန်းက သုတေသနတွေအရ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က ဘီပိုးရှိနေတယ်ဆိုပြီး တွေ့ရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ဘီပိုးကာကွယ်ဆေးတွေလည်း ပေါ်လာတယ်၊ တစ်ခါသုံး ဆေးထိုးအပ်တွေလည်း ပေါ်လာတယ်၊ လူတော်တော်များများကလည်း ဘီပိုးမဖြစ်အောင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ သိလာကြတယ်။ အဲဒီတော့ အခုနောက်ပိုင်း ပြန်လည်ပြုလုပ်တဲ့ သုတေသနတွေအရ မြန်မာတစ်နိုင်ငံလုံးရဲ့ ပျမ်းမျှလူဦးရေ ၆ ဒသမ ၅ ရာခိုင်နှုန်းလောက်မှာပဲ ဘီပိုးရှိတယ်ဆိုပြီး တွေ့ရပါတယ်။

ဘီပိုးကစဝင်ပြီးတာနဲ့ တချို့လူတွေမှာ Acute Infection လို့ ခေါ်တဲ့ အသားဝါတာ၊ ဗိုက်နာတာ၊ ဖျားတာ စတာတွေ ဖြစ်တတ်တယ်။ အဲဒီလိုဖြစ်ပြီး ပြန်ကောင်းသွားတယ်။ ဒါပေမဲ့ တချို့အသက်ငယ်သူတွေမှာ ဒီပိုးက ပြန်ထွက်မသွားဘဲ ကိုယ်ထဲမှာငြိမ်နေတယ်။ ဘယ်လောက်ငြိမ်နေသလဲဆိုရင် နှစ် ၂၀ လောက်တောင် ငြိမ်နေတာရှိတယ်။ အဲဒီတော့ ဘာလက္ခဏာမှ မပြတဲ့အတွက် အများစုက ပိုးဝင်နေမှန်းမသိကြဘူး။ ဒါကြောင့် Silent Infection လို့ ခေါ်ပါတယ်။ တချို့ဆို အသက်ငယ်ငယ်လေးနဲ့ ဗိုက်နာလို့ အာထရာဆောင်းရိုက်လိုက်ရော အသည်းကင်ဆာလို့တွေ့ရတယ်။ အဲဒီတော့မှ စစ်လိုက်တော့ ဘီပိုးရှိမှန်း သိကြတာ။ တချို့ဆို ကျန်းမာရေးကောင်းနေရင်းနဲ့ ရုတ်တရက်သွေးအန်တယ်၊ သွေးအန်တော့ စစ်လိုက်တဲ့အခါ အသည်းခြောက်နေတာ။ စစ်လိုက်မှ ဘီပိုးရှိနေတယ်။

အခုနောက်ပိုင်း အလုပ်ဝင်ဖို့၊ နိုင်ငံခြားသွားဖို့ စသဖြင့် ဆေးစစ်ရတယ်။ အဲဒီလိုစစ်တာကို ဆရာမတို့ အရမ်းဝမ်းသာတယ်။ အဲဒီအချိန်မှာ စစ်လိုက်လို့ ဘီပိုးရှိမှန်းသိလိုက်ရင် ကုလို့ရတယ်။ အခုနောက်ပိုင်း ကုသမှုတွေက အရင်ထက်စာရင် အများကြီး တိုးတက်လာနေပါပြီ။ အသည်းခြောက်တာ၊ အသည်းကင်ဆာမဖြစ် ခင်ကြိုပြီးကုလို့ရတယ် . . .

အခုနောက်ပိုင်း အလုပ်ဝင်ဖို့၊ နိုင်ငံခြားသွားဖို့ စသဖြင့် ဆေးစစ်ရတယ်။ အဲဒီလိုစစ်တာကို ဆရာမတို့ အရမ်းဝမ်းသာတယ်။ အဲဒီအချိန်မှာ စစ်လိုက်လို့ ဘီပိုးရှိမှန်းသိလိုက်ရင် ကုလို့ရတယ်။ အခုနောက်ပိုင်း ကုသမှုတွေက အရင်ထက်စာရင် အများကြီး တိုးတက်လာနေပါပြီ။ အသည်းခြောက်တာ၊ အသည်းကင်ဆာမဖြစ်ခင် ကြိုပြီးကုလို့ရတယ်။ တကယ်လို့ စစ်လိုက်တဲ့အချိန်မှာ ဘီပိုးမရှိဘူးဆိုရင် ကာကွယ်ဆေးကို အမြန်ထိုးလို့ရတယ်။

မေး. ဘီပိုးကာကွယ်ဆေးက ရာနှုန်းပြည့်ကာကွယ်မှု ပေးနိုင်ပါသလား ဆရာမ။

ဖြေ. ဘီပိုးကာကွယ်ဆေးက ဆေးသုံးလုံး ထိုးလိုက်တာနဲ့ ၉၅-၉၈ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးပါတယ်။ ဆေးတစ်လုံးကလည်း ငါးထောင်နဲ့ တစ်သောင်းကြားမှာပဲရှိတယ်။ တစ်လခြား သုံးကြိမ်ထိုးလိုက်ရင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

မေး. ဘီပိုးက ဘယ်လိုကူးစက်နိုင်ပါသလဲ ဆရာမ။

ဖြေ. ဘီပိုးက အစားအသောက်ကနေ မကူးပါဘူး။ ဘီပိုးရှိတဲ့ သွေး၊ ကိုယ်တွင်းအရည်ထဲမှာ ပိုးကရှိနေတဲ့အတွက် အရင်တုန်းက သွေးသွင်းတဲ့သူတွေ ကူးလွယ်တယ်။ အရင်တုန်းက တစ်ခါသုံး ဆေးထိုးအပ်မပေါ်သေးတော့ ဆေးထိုးအပ်ပြုတ်ပြီး သုံးရတယ်။ အဲဒီလို ရေနွေးပူပူနဲ့ပြုတ်ပြီး သုံးတဲ့အခါ တခြားပိုးတွေက သေသွားပေမယ့် ဘီပိုးကျတော့ မသေသွားဘူး။

ဘီပိုးရှိတဲ့ မိခင်ဆီကနေ ကလေးဆီကို ကူးနိုင်တယ်။ ကလေးဘဝမှာလည်း ကလေးအချင်းချင်း ဆော့ကစားရင်း သွေးထွက်သံယိုဖြစ်ရာက ကူးနိုင်တယ်။ ကလေးလေးတွေကို ခေါင်းရိတ်ပေးရင်း ခေါင်းရိတ်ဓားကို သီးသန့်မသုံးတဲ့အခါ ခေါင်းရိတ်ဓားကနေလည်း ကူးနိုင်တယ်။ ဒါကြောင့် ဆရာမတို့ လိုက်စစ်တဲ့အခါ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ ဘီပိုးဖြစ်သူတွေများတာ တွေ့ရပါတယ်။ တစ်ခါသုံး ဓားသုံးပါ ဒါမှမဟုတ် ကိုယ့်သင်တုန်းဓားနဲ့ပဲ ကိုယ်သုံးပါလို့ အခုနောက်ပိုင်းမှာတော့ ဟောပြောပွဲတွေ လုပ်တိုင်းထည့်ပြောတော့ သိသွားကြပါပြီ။ အိမ်မှာ ဘီပိုးရှိသူတစ်ဦးတွေ့ရင် ကိုယ့်မိသားစုထဲမှာလည်း ဘီပိုးရှိတဲ့သူရှိတာကို ယေဘုယျအားဖြင့် တွေ့ရတတ်ပါတယ်။

ဒါကြောင့် အိမ်မှာဆိုရင် သွားတိုက်တံကို ကိုယ့်သွားတိုက်တံနဲ့ ကိုယ်သုံးတာပဲ ကောင်းပါတယ်။ အရောင်ဆင်တူ မသုံးဖို့လည်း လိုပါတယ်။ မဟုတ်ရင် လွဲပြီးသုံးမိတာမျိုး ဖြစ်နိုင်လို့ပါ။ နောက်တစ်ခုက လက်သည်းညှပ်ကိုလည်း သီးသန့်သုံးသင့်ပါတယ်။ လက်သည်းညှပ်ရင်း သွေးစလေးတွေစို့ပြီး နောက်တစ်ယောက်က ညှပ်လိုက်ရင် ကူးနိုင်ခြေရှိပါတယ်။ အမေတွေ၊ အဘွားတွေကလည်း ကလေးကို ထမင်းဝါးမကျွေးသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top