ဒေါက်တာတင့်ဆွေ
မေး ။ သမီးရဲ့ သူငယ်ချင်း model show ပွဲရှိလို့ ရာသီလာတာ တစ်ရက်လောက်ရပ်ချင်ရင်ရလား ဆရာ။ အသက်က ၂၀ ပါဆရာ။ ရာသီလာမယ့်ရက်ရဲ့ နောက်ဆုံးနေ့မှာ ပွဲရှိလို့ပါဆရာ။
ဖြေ ။ မိန်းကလေးတိုင်း အပျိုစဖြစ်ကတည်းက သွေးမဆုံးခင်အထိ လစဉ်ရာသီလာတယ်။ အမြဲတန်းဖြစ်စဉ်မို့ ဓမ္မတာလို့ ခေါ်တယ်။ အဲလိုဓမ္မတာကို လိုသလိုလည်း ပြင်လို့ရပါတယ်။ ရာသီမမှန်တာကို မှန်အောင်၊ ရာသီလာလို့ မခံမရပ်နိုင် ဖြစ်တာတွေ သက်သာအောင် ရာသီတားနည်းကို သုံးနိုင်တယ်။ ရာသီမလာအောင်နှိမ်တာ ဖြစ်တယ်။ ရာသီကြောင့် ရှိနေပြီးသား ရောဂါပိုဆိုးတာကို ရှောင်ချင်လို့လည်း လုပ်လို့ရပါတယ်။ တချို့မှာ ခရီးသွားချိန်၊ အလုပ်များချိန်မှာ ရာသီလာလို့ ဖြစ်ရမယ့် ဒုက္ခသုက္ခကို ရှောင်ချင်လို့လည်း ရာသီလာမှာကို လုပ်နိုင်တယ်။ ဟန်းနီးမွန်း ထွက်ချိန်၊ အပျော်ခရီးထွက်ချိန်မှာ လုပ်နိုင်တယ်။ စိတ်မမှန်သူတွေ၊ စစ်မှုထမ်းအမျိုးသမီးတွေ၊ အားကစားမယ်တွေပါတယ်။
အမေရိကားမှာ အသက် ၁၈-၅၀ နှစ်အတွင်း အမျိုးသမီး ၂ ဒသမ ၅ သန်းမှာ ရာသီနဲ့ပတ်သက်ပြီး တခုခုတော့ဖြစ်ကြတယ်။ ၃၁ ရာခိုင်နှုန်းဟာ တနှစ်မှာ ၉.၆ ရက်ကြာအိပ်ရာထဲ နေကြရတယ်။ ရာသီမလာအောင် နှိမ်နည်းကိုသုံးနေတာ နှစ်တွေကြာပါပြီ။ အဲလို လုပ်သင့်တယ်ဆိုတာကိုရော မလုပ်သင့်ဘူး ဆိုတာအတွက်ပါ အထောက်အထားတွေမပြည့်စုံပါ။
ရာသီမလာအောင် နှိမ်နည်းတွေ
လူအများဆုံးသုံးတဲ့၊ ဆေးဝယ်ရလည်းလွယ်တဲ့၊ ဟော်မုန်း ၂ မျိုးတွဲတားဆေးကို သုံးနိုင်တယ်။ အိမ်ထောင်မရှိသူလည်း သောက်နိုင်တယ်။ ရာသီစလာတဲ့ရက်ကနေ သောက်ရတယ်။ အိမ်ထောင်မရှိသူဆိုရင် ရာသီပြီးတာနဲ့ စသောက်နိုင်တယ်။ ပဌမသောက်ရတဲ့ ၂၁ လုံးကုန်တာနဲ့ နောက်ဆေးကပ်ကို ဆက်သောက်ပါ။ ရာသီလာစေချင်ရင်တော့ အဲဒီဆေးကပ်သစ် မကုန်ခင် ရပ်လိုက်ပါ။ ၂-၃-၄ ရက်နေရင် ရာသီဆင်းပါမယ်။
ရာသီကို ၃ လနေမှသာတခါလာဖို့ လိုအပ်သူတွေလည်းရှိတယ်။ ဥပမာ ရာသီလာချိန်မှာ မခံရပ်အောင်နာတဲ့သူတွေ။ ဆေးကပ် ၃ ကပ် (၂၁ × ၃ = ၆၃) ပြား ဆက်တိုက်သောက်ခိုင်းတာ ဖြစ်ပါတယ်။ ဆေးရပ်လိုက်တာနဲ့ နောက် ၃-၇ ရက်အတွင်းမှာ ရာသီပြန်လာမယ်။
တခြားနည်းတွေလည်း ရှိတယ်။
Depot-medroxyprogesterone actetate injections (Depo-Provera) တနှစ်သုံးရင် ၅၀ ရာခိုင်နှုန်း၊ ၂ နှစ်သုံးရင် ၉၀ ရာခိုင်နှုန်းရာသီ မလာဘူး။
Levonorgestrel intrauterine system (Mirena) ၈၀-၉၀% သွေးထွက်တာနည်းတယ်။ တနှစ်သုံးရင် ၂၀% ရာသီမလာဘူး။
Etonogestrel implantable contraceptive (ImplanonTM) ရက် ၉၀ သုံးပြီးရင် ၂၁ ရာခိုင်နှုန်း ရာသီမလာဘူး။
ImplanonTM အရေပြားအောက်ထားရတဲ့ ဆေးချောင်းတွေကိုလည်း သုံးနိုင်တယ်။
Vaginal ring (NuvaRing) ကွင်းနဲ့ Contraceptive patch (Ortho Evra) ဆေးကပ်ခွာတွေကို FDA က အသိအမှတ်ပြုမထားသေးပါ။
ရာသီမလာအောင် နှိမ်နည်းကိုသုံးလို့ရမယ့် အကျိုးတွေ –
ရာသီလာလို့ နာတာ သက်သာစေမယ်။ ရာသီဆင်းများတာ သက်သာစေမယ်။ ရာသီမလာခင်ဖြစ်ချင်တာတွေ သက်သာစေမယ်။ သွေးမဆုံးခင်ဖြစ်တာတွေ သက်သာစေမယ်။ ရာသီလာချိန်ဖြစ်တဲ့ (မိုင်ဂရင်း)အမူး-အကိုက်ရောဂါ၊ Endometriosis သားအိမ်ရောဂါ၊ ဝက်ခြံပေါက်တာတွေ နည်းစေမယ်။ နေကောင်းတယ်လို့ ခံစားရသေးတယ်။ ရင်သား တင်း-နာတာ၊ ရင်ပြည့်တာ စတာတွေ သက်သာစေတယ်။
ရာသီမလာဘဲနေရင် သွေးတွေဟာ အထဲမှာ အောင်းနေမယ်ထင်တာ မဟုတ်ပါ။ နောင်မှာက လေးမရတာလည်း မဖြစ်စေပါ။ ၁၉၆၀ ကျော်က ကိုယ်ဝန်တားဆေးတွေပေါ်ကာစမှာ ဆေးသုတေသနလုပ် သူတွေက ရက် ၉၀ မှတခါ ရာသီလာအောင် လုပ်ဖို့ပါ။ နောက်မှ ပုံမှန်နဲ့တူအောင် ၂၈ ရက်တခါလာတဲ့ ဆေးကိုသာ ထုတ်လုပ်တယ်။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ သဘောတူညီချက်ရအောင် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)