Healthy Life Ad
Life Style

လစဉ် ရာသီစက်ဝန်းနှင့်စိတ်ဖိစီးမှု

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အပျိုဖော်ဝင်ပြီးစ မိန်းကလေးတွေမှာ စိတ်ဖိစီးမှုကြောင့် လစဉ်ရာသီစက်ဝန်း ကမောက်ကမ ဖြစ်စေနိုင်ပါသလား ဆရာ။
ဖြေ ။ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းဖြစ်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲကြောင့် အပျိုဖော်ဝင်စမိန်းကလေးတွေမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိုးရိမ်ကြောင့်ကြမှုတွေများတယ်။ အဲဒီအတွက် သူတို့က လစဉ်ရာသီစက်ဝန်းအပေါ်သွားပြီး သက်ရောက်မှုရှိတယ်။ တချို့ကျတော့လည်း မီးယပ်ထိန်သွားသလို ဖြစ်တယ်။ တချို့ကျတော့လည်း ရက်တိုတိုပဲ လာတယ်၊ ဥပမာ သုံးရက်လာရမှာကို တစ်ရက်တည်းနဲ့ ပြီးသွားတာမျိုး။ ဒီလိုလေးတွေ ရှိပါတယ်။

မေး ။ ရာသီစက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအလဲနဲ့ စိတ်ခံစားမှု ဆက်စပ်ပုံလေး သိပါရစေ ဆရာ။
ဖြေ ။ ရာသီလာချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းအဆင့်က သွေးထဲမှာ အတက်အကျ ဖြစ်သွားပါတယ်။ အဲဒီလို ဟော်မုန်းအပြောင်းအလဲဖြစ်တာက စိတ်ခံစားမှုပေါ်မှာလည်းသွားပြီး သက်ရောက်မှုရှိပါတယ်။ နောက်တစ်ခုက ကိုယ်ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ပတ်ဝန်းကျင်ကပြောတဲ့ စကားတွေကလည်း စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိပါတယ်။

မေး ။ ဆယ်ကျော်သက်မိန်းကလေးတွေက ရာသီမလာတာ နှစ်လ-ငါးလ စသဖြင့် ကြာတဲ့အခါ စိုးရိမ်စိတ်လေးတွေ ရှိကြတယ်။ တစ်ခုခုများ ဖြစ်လို့လားဆိုပြီး စိတ်ပူပန်ကြတယ်။ ဒီလို မိန်းကလေးတွေအနေနဲ့ ပုံမှန်ရာသီလာအောင် ဘယ်လိုနေထိုင်စားသောက်ပြုမူသင့်ပါသလဲ ဆရာ။
ဖြေ ။ အဓိကကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တာဆိုတော့ စိတ်ခံစားမှုကလည်း လိုက်ပါပြောင်းလဲလာတယ်။ ဒါကို သက်သာချင်တယ်၊ ရာသီ ပုံမှန်လာချင်တယ်ဆိုရင် စိတ်ဖိစီးမှုလျှော့ချဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးတာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ အိမ်မှာနေရင်း ယောဂကစားတာ . . စသဖြင့် စိတ်အပန်းဖြေတဲ့ အရာလေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။

အစားအသောက်ပိုင်းဆိုင်ရာအနေနဲ့ကတော့ အာဟာရပြည့်ဝတဲ့အစားအသောက်တွေကို စားပေးရပါမယ်။ နွားနို့၊ ကြက်ဥ၊ အသီးအနှံ စတာတွေကို စားပေးရပါမယ်။ တစ်ခုရှိတာက ရာသီစက်ဝန်းလာချိန်မှာ လက်ဖက်ရည်၊ ကော်ဖီသောက်တာ၊ အစပ်စားတာ၊ အချိုအအီအဆိမ့်တွေ စားတာတို့ကို ရှောင်ကြဉ်စေချင်ပါတယ်။နောက်တစ်ခုအနေနဲ့ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့လိုပါတယ်။

မေး ။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်ချိန်မှာလည်း ရာသီမလာဘူးလို့ သိရပါတယ်။ ဒါကကော ဆက်စပ်မှုရှိပါသလား ဆရာ။
ဖြေ ။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်လိုက်ချိန်မှာ စိတ်ဖိစီးမှုဖြစ်သွားတယ်။ ဒါကြောင့်ဖြစ်ရတာပါ။ အားကစားတစ်ခုခုလုပ်တဲ့အခါ ပေါ့ပေါ့ပါးပါး လုပ်တာမဟုတ်ဘဲ အပြင်းအထန်လုပ်တဲ့အခါ ကိုက်ခဲနာ ကျင်သွားမယ်၊ အဲဒီအခါ စိတ်ဖိစီးမှုဖြစ်လာတယ်။ ဒါနဲ့ဆက်စပ်ပြီး ရာသီစက်ဝန်းမမှန်တာဖြစ်တတ်ပါတယ်။

မေး ။ မိန်းကလေးတွေ အရင်က ပုံမှန်ရာသီလာနေရာကနေမိဘနဲ့ခွဲပြီး အဝေးမှာ ကျောင်းတက်ရတဲ့အခါ တစ်နှစ်လောက် ရာသီမလာတော့တာမျိုး တွေ့ရပါတယ်။ ဒီလိုဆိုရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲဆရာ။
ဖြေ ။ ဒါကို ဆေးပညာအရ Amenorrhea လို့ ခေါ်ပါတယ်။ ဒါက ဖြစ်တတ်ပါတယ်။ တချို့ဆို လနဲ့ ချီပြီး ရာသီမလာတာ၊ တချို့ဆို နှစ်နဲ့ချီပြီး ရာသီမလာတာရှိတတ်ပါတယ်။ ဒီလိုဖြစ်ရင် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်က ဆေးပေးပြီး ကုသမှု ပေးမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျအောင် နှစ်သိမ့်ဆွေးနွေး ပညာပေးတဲ့နည်းနဲ့လည်း ကုသမှုပေးမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကြောင့်လည်း ရာသီမမှန်တာဖြစ်တတ်သလို ရာသီမမှန်လို့လည်း စိတ်ဖိစီးမှုများတတ်တယ်။ ဒါက အပြန်အလှန် ဆက်စပ်နေတဲ့အတွက် အပျိုဖော်ဝင်စ ရာသီလာစ သမီးတွေအနေနဲ့ ကျန်းမာရေးဗဟုသုတတွေကို ရှာမှီးလေ့လာစေချင်ပါတယ်။ အကြောက်တရားတွေမဖြစ်ဘဲ ဗဟုသုတအနေနဲ့ဖတ်ပါ၊ လေ့လာပါ၊ လိုက်နာပါလို့ အကြံပြုချင်ပါတယ်

။ ရာသီစက်ဝန်းပျောက်နေရင်လည်း အထူးသဖြင့် ကိုယ့်မိခင်ကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ မျိုးဆက်ပွား ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း လေ့လာထားစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top