Healthy Life Ad
International

ဖြစ်ခဲလှသည့် အရိုးကြီးထွားမှု ရပ်တန့်ခြင်းကြောင့် အရပ်ပုနေသူလေး

၊ ကိုထက် ၊

လီဗီဆိုတဲ့ ကောင်လေးဟာ ကမ္ဘာတစ်ဝန်းရှိ အယောက် ၃၀ခန့်မှာသာ တွေ့ဖူးတဲ့ ရှားရှားပါးပါး အရိုးကြီးထွားမှု ရပ်တန့်တဲ့ရောဂါကို ခံစားနေရပါတယ်။ ဒီရောဂါကြောင့် အသက် ၁၁ နှစ်ရှိပြီးဖြစ်သော်လည်း အရပ်မှာ ၃ ပေ ၂ လက်မသာ ရှိပါတယ်။

မွေးပြီး ရှစ်ရက်သား လီဗီကိုကြည့်ပြီး သူရဲ့အဖေနဲ့အမေဟာ သူတို့သားလေး အသက်ကြာကြာရှင်မှာမဟုတ်ဘူးလို့တွေးပြီး ဝမ်းနည်းခဲ့ကြရပါတယ်။ ဒါပေမဲ့ လီဗီဟာ ကောင်းမွန်စွာရှင်သန်ခဲ့ပြီး အခုဆို ငါးတန်းရောက်လို့ ကျောင်းမှာ စန္ဒရားတီးသင်တန်းပါ တက်နေတယ်လို့ သိရပါတယ်။ လီဗီခန္ဓာကိုယ်ကြီးထွားဖို့အတွက် အမေဖြစ်သူဟာ ၂ နာရီခြားတစ်ခါ အစားအသောက်ကျွေးပေးရပါတယ်။ လီဗီဟာ သူ့မွေးနေ့တစ်ခုမှာ “နောက်နှစ်မွေးနေ့ကို မြန်မြန်ရောက်ချင်တယ်. . . နောက်ထပ်တစ်နှစ်လောက်ကြီးရင်တော့ သားအရပ်က အခုသူငယ်ချင်းတွေလောက်ရှိလာမှာ”လို့ သူ့အဖေကိုပြောခဲ့တဲ့အခါ လီဗီဖခင်က တစ်နှစ်ကြီးလာတာက အသက်ပဲပိုကြီးလာတာဖြစ်ပြီး အရပ်ပိုမရှည်လာကြောင်း ရှင်းပြခဲ့ရတဲ့အချိန်ဟာ ရင်အနာခဲ့ဆုံးအချိန်ပါပဲလို့ ပြန်ပြောပြခဲ့ပါတယ်။

ဒီရောဂါလက္ခဏာဟာ ရှားပါးလွန်းတဲ့အတွက် ဆရာဝန်တွေဟာ မွေးပြီးထဲက ရောဂါအကြောင်းရင်းကို ရှာခဲ့ပေမယ့်လည်း လီဗီတစ်နှစ်သားအရွယ်မှ သိရှိခဲ့ကြပါတယ်။ လီဗီရဲ့ခန္ဓာကိုယ်ဟာ အရိုးကြီးထွားစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေထုတ်လုပ်မှု လုံးဝရပ်တန့်သွားတာဖြစ်ပါတယ်။ လီဗီအဖေနဲ့အမေဟာ သူတို့သားလေး အသက်ရှင်နေသမျှပတ်လုံး ပုံမှန်ဖြစ်အောင် ပြန်ကုစားပေးနိုင်မယ့်သူကို ကမ္ဘာအနှံ့လိုက်ရှာနေဦးမှာဖြစ်ပြီး၊ ဒလက်ဝဲပြည်နယ်ရှိ ဝယ်လ်မင်တန် ကလေးအာရုံကြောဆေးရုံမှာပြသခဲ့စဉ်က လီဗီအတွက် နောက်ကျောကိုထောက်ပံ့ပေးနိုင်မယ့် ဝတ်စုံတစ်ခုပြုလုပ်ပေးခဲ့ကြပါတယ်။ ဒီဝတ်စုံသာ ထိရောက်မှုရှိမယ်ဆိုရင် လီဗီရဲ့ကျောရိုးတွေကို ဆန့်ထုတ်ပေးပြီး လက်မအနည်းငယ်တော့ အရပ်ရှည်လာနိုင်မယ်လို့ သိရပါတယ်။

ဒီရောဂါဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ မသိရှိကြသေးပါတယ်။ ဒီရောဂါရဲ့နောက်ဆက်တွဲအနေနဲ့ ကိုယ်တွင်းအင်္ဂါပေါ်မှာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်လို့ ဆိုပါတယ်။ အခုဆို လီဗီရဲ့ ကျောက်ကပ်ပျက်စီးမှုက အဆင့် ၁ ဖြစ်နေပြီး အမြဲလိုလို နာကျင်မှုတွေခံစားနေရတဲ့အတွက် နာတာကိုကျင့်သားတောင် ရနေပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူကစားရင်းနဲ့ဖြစ်ဖြစ် လမ်းလျှောက်ရင်းနဲ့ဖြစ်ဖြစ် နာတယ်လို့ပြောလာခဲ့ရင် ဒါဟာ သူမခံနိုင်လောက်အောင် တော်တော်လေးနာနေတာဖြစ်ပြီး ချက်ချင်းအနာယူခိုင်းကာ ဆရာဝန်ဆီအမြန်သွားပြရပါတယ်။ လီဗီဟာ အခုဆို လမ်းများများလျှောက်တာ၊ ခုန်တာတွေမပြုလုပ်နိုင်တော့ဘဲ မတော်တဆ ခေါင်းဆောင့်သွားတာမျိုးတောင် အဖြစ်မခံနိုင်တဲ့အနေအထားဖြစ်နေပြီး ဘီးတပ်ကုလားထိုင်ကိုအသုံးပြုကာ ကျောင်းသွားနေရပါတယ်။

“ကျွန်တော်တို့ကတော့ သူ့ကိုပုံမှန်ဖြစ်အောင် ကုသပေးနိုင်မယ့် နည်းပညာအသစ်တွေကို မျှော်လင့်နေပါတယ်၊ သူအသက်ရှင်ပြီး ချစ်တဲ့သူတွေနဲ့ လက်တွဲပြီး ပျော်ရွှင်နေတဲ့ပုံလေးတွေမြင်ချင်မိပါတယ်”လို့ လီဗီရဲ့မိဘတွေက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top