Healthy Life Ad
Men

အိမ်ထောင်ရှင်တို့ လိင်ဆန္ဒအားကောင်းစေမည့် လေ့ကျင့်ခန်းများ

၊ လရိပ်မေ ၊

ဇနီးမောင်နှံတွေအနေနဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ပေးရင် လိင်ဆန္ဒနဲ့လိင်စိတ်ကို အားကောင်းစေပါတယ်။ လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးရုံနဲ့ အိမ်ထောင်ရေးသာယာအေးချမ်းမှုရရှိစေမှာပါ။

(၁) အပြင်ထွက် လမ်းလျှောက်ခြင်း
လမ်းလျှောက်တာက အဆစ်တွေပေါ် သက်ရောက်မှုအားနည်းတာကြောင့်အကောင်းဆုံး လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦး အတူလမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နှလုံးညှစ်အားကောင်းမွန်ပြီး တစ်ကိုယ်လုံးသွေးလှည့်ပတ်မှုအားကောင်းကာ လိင်ဆန္ဒမြင့်တက်စေပါတယ်။

နံနက်ခင်းအချိန်မှာ အပြင်ထွက်လမ်းလျှောက်တာကြောင့် ဗီတာမင်ဒီရရှိစေမယ့် နေခြည်နုနုလှုံရပြီး စွမ်းအင်သာမက လိင်ဆန္ဒ မြင့်တက်စေပါတယ်။ မနက်ခင်းမှာ မိနစ် ၂၀ ကျော်ကြာ လမ်းလျှောက်ပေးပါ။

(၂) ယောဂကျင့်ခြင်း
ဇနီးမောင်နှံ အတူယောဂကျင့်ပေးတာကလည်း လိင်ဆန္ဒအားကောင်းစေတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ယောဂကျင့်တာကြောင့် တစ်ကိုယ်လုံး သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေပါတယ်။ စိတ်ဖိစီးမှုများတာက လိင်စိတ်ဆန္ဒလျော့ပါးစေတဲ့ အကြောင်းရင်းတစ်ခုပါ။
ပုံမှန် ယောဂကျင့်တာကြောင့် ကြွက်သားတွေကို အားကောင်းစေပြီး ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကိုလည်း ကြည့်ကောင်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု မြင့်တက်လာပြီး ချစ်ရေးချစ်ရာမှာ အဟန့်အတား နည်းသွားပါတော့တယ်။

(၃) အလေးမခြင်း
ကြွက်သားတွေသန်စွမ်းအောင် တည်ဆောက်ပေးတဲ့ အလေးမလေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာကိုယ်ထဲမှာ တက်စတိုစတီရုန်းဟော်မုန်းအဆင့် မြင့်တက်စေပါတယ်။ ဒါက လိင်ဆန္ဒကို အားကောင်းစေပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေ အလေးမလေ့ကျင့်ခန်းပြုလုပ်ရင်း တက်စတိုစတီရုန်းဟော်မုန်းမြင့်တက်အောင် ဆောင်ရွက်နိုင်ပါတယ်။

(၄) ကီးဂျဲလ်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ဇနီးမောင်နှံနှစ်ယောက်စလုံး ကီးဂျဲလေ့ကျင့်ခန်းပြုလုပ်တာကြောင့် ဆီးအိမ်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကို သန်စွမ်းတင်းရင်းစေပါတယ်။ ပြုလုပ်ရမယ့်နည်းက ထိုင်နေရင်းပဲ ဖြစ်ဖြစ် တင်ပါးဝကို ကျုံ့လိုက်၊ ပြန်ဖြေလျှော့လိုက်လုပ်ပေးဖို့ပါပဲ။ ဘယ်နေရာ၊ ဘယ်အချိန်မဆိုပြုလုပ်နိုင်ပြီး ဇနီးမောင်နှံနှစ်ဦးစလုံးလိင်ဆန္ဒ မြင့်တက်စေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top