Healthy Life Ad
Child

လူပျိုဖော်ဝင်ချိန်မှာ ဘယ်လိုလိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ဖြစ်တတ်သလဲ . . .

၊ ကိုထက် ၊

လူပျိုဖော်ဝင်ချိန်မှာ အရေးကြီးတဲ့ ခန္ဓာကိုယ် အပြောင်းအလဲများစွာ ဖြစ်တတ်ပါတယ်။ ရုပ်ပိုင်း ဆိုင်ရာပြောင်းလဲမှုက ပုံမှန်ဖြစ်ရဲ့လား၊ ပုံမှန်ထက် ဖွံ့ဖြိုးမှုနှေးနေသလားစသဖြင့် မိဘအုပ်ထိန်းသူတွေနဲ့ ကာယကံရှင်ကိုယ်တိုင် စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ ဒါကြောင့် လူပျိုဖော်ဝင်ချိန်မှာပြောင်းလဲမှု အဆင့်တွေကို ဖော်ပြလိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၁)
လူပျိုဖော်မဝင်ခင် အဆင့်ဖြစ်ပါတယ်။ ဒီအချိန်မှာ ဝှေးစေ့တွေက သေးငယ်ပြီး လိင်တံကလည်း ကလေးတုန်းကလိုပဲဖြစ်နေပါတယ်။ လိင်အင်္ဂါမှာအမွေးတွေလည်း မရှိပါဘူး။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၂)
အသက် ၉ နှစ်မှ ၁၄နှစ်အရွယ် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဝှေးစေ့တွေက အရွယ်အစားကြီးလာပေမယ့် လိင်တံကတော့ နည်းနည်းပဲကြီးလာပါတယ်။ ကပ္ပာယ်အိတ်က နီမြန်းကာ ပါးပြီး ပိုကြီးလာတတ်ပါတယ်။ လိင်အင်္ဂါအမွေးတွေ ထွက်လာပြီး ရှည်ကာ နက်နေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၃)
အသက် ၁၀နှစ် မှ ၁၄နှစ်အတွင်း ဝှေးစေ့က ဆက်လက်ကြီးလာကာ လိင်တံကလည်း ပိုရှည်လာပါတယ်။ ကပ္ပာယ်အိတ်ကဆက်ကြီးလာပြီး လိင်အင်္ဂါအမွေးတွေက ပိုနက်ပြီး ထင်ရှားလာတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၄)
အသက် ၁၁နှစ်မှ ၁၅နှစ်အတွင်း ဝှေးစေ့တွေက ဆက်ကြီးပြီး လိင်တံက ရှည်ကာ ထူလာပါတယ်။ ကပ္ပာယ်အိတ်ကကြီးလာပြီး အရောင်ရင့်လာပါတယ်။ လိင်အင်္ဂါအမွေးတွေက အရွယ်ရောက်သူရဲ့ လိင်အင်္ဂါအမွေးတွေလို ကြမ်းပြီး ထူထဲကာ ကောက်နေတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (၅)
အသက် ၁၅နှစ်ကျော်လာချိန်မှာ ဝှေးစေ့တွေက လူကြီးတစ်ဦးလိုကြီးလာပြီး လိင်တံနဲ့ကပ္ပာယ်အိတ်ကလည်း အရွယ်ရောက်သူတစ်ဦးလို ကြီးထွားလာပါတယ်။ လိင်အင်္ဂါအမွေးတွေကလည်း အရွယ်ရောက်သူတွေမှာရှိတဲ့ ပမာဏအတိုင်း ဖြစ်နေတတ်ပါတယ်။ တကယ်လို့ ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ လူပျိုဖော်ဝင်ချိန်နဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်ဘူးလို့ထင်ကာစိုးရိမ်နေရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပုံမှန်ဖွံ့ဖြိုးကြီးထွားမှု ရှိ၊ မရှိ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top