Healthy Life Ad
Life Style

သွေးတိုးရောဂါနှင့် မျက်စိကျန်းမာရေး

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိအထူးကုဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သွေးတိုးတာနဲ့ မျက်စိကျန်းမာရေးဟာ ဆက်စပ်မှုရှိပါသလား ဆရာ။
ဖြေ ။ ဆက်စပ်မှုရှိပါတယ်။ သွေးတိုးရင် ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေပေါ်မှာ သက်ရောက်မှုရှိတဲ့ အတွက် ဆက်စပ်နေတာပါ။ သွေးတိုးတဲ့အခါ မျက်လုံးမှာရှိတဲ့သွေးကြောအများစုထဲက Retina လို့ ခေါ်တဲ့ မျက်စိအာရုံကြောလွှာမှာရှိတဲ့ သွေးကြောလေးတွေမှာ ပိုပြီးထိခိုက်မှုရှိတယ်။ ဒါကြောင့် သွေးတိုးကြောင့် မျက်ကြည်လွှာရောဂါ အာရုံကြောများရှိသွေးကြောတွေမှာဖြစ်ပေါ်တဲ့ (Hypertensive Retinopathy) ဟာ ဖြစ်လာတာပါ။

မေး ။ Hypertensive Retinopathy ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ Hypertensive Retinopathy ဖြစ်ရင် အစဆုံးကနဦးအဆင့်မှာ သွေးကြောလေးတွေက မာလာတယ်။ ဒုတိယအဆင့်မှာ မာလာတဲ့ သွေးကြောလေးတွေကနေ သွေးသွားလာမှုက နည်းသွားတယ်။ သွေးသွားလာမှုနည်းသွားပြီး မျက်လုံးက သွေးကြောလေးတွေ ပိတ်သွားရင် အဲဒီဧရိယာကို သွေးသွားလာမှု မရှိတော့ဘူး။ အဲဒီအခါ လူနာအနေနဲ့ မျက်စိမှုန်လာမယ်။ မြင်ကွင်းတစ်ခြမ်းကျဉ်းသွားမယ်။ အဲဒီလိုတွေ ခံစားရတတ်ပါတယ်။

မေး ။ ဒါဟာ သွေးပေါင်ချိန်ဘယ်လောက်မှာ ဖြစ်ပေါ်တတ်တာပါလဲ။
ဖြေ ။ သွေးပေါင်ချိန် ဘယ်လောက်မှာ ဖြစ်တယ်ဆိုတဲ့ ဆက်စပ်မှုကတော့ မရှိပါဘူး။ အဓိကကတော့ သွေးတိုးရောဂါ ဖြစ်တာနှစ်အရမ်းကြာပြီဆိုတဲ့ လူနာတွေနဲ့ သွေးတိုးရောဂါကိုထိန်းချုပ်နိုင်မှု မကောင်းတဲ့၊ ဆရာဝန်နဲ့ မှန်မှန်မပြတဲ့လူနာတွေမှာ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။

မေး ။ သွေးတိုးခြင်းကြောင့် မျက်စိကွယ်တဲ့အထိကော ဖြစ်နိုင်ပါသလား ဆရာ။
ဖြေ ။ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတိုးတဲ့အတွက် မျက်စိက သွေးကြောလေးတွေမာလာပြီး ကျဉ်းလာတယ်။ CRAO ဆိုတဲ့ ရောဂါဖြစ်လာတယ်။ ဒါက မျက်လုံးက သွေးလွှတ်ကြောမှာဖြစ်တာ။ မျက်လုံးသွေးပြန်ကြောမှာပိတ်ပြီး မျက်လုံးအာရုံကြောလွှာမှာ သွေးကြောတွေ နီရဲနေတယ်။ ဒါကို CRVO ရောဂါလို့ခေါ်တယ်။ ဒီလိုဖြစ်ရင် လူနာရဲ့ မျက်လုံးက တော်တော်လေးမှုန်လာတယ်။ ဒါကိုမကုသရင် မျက် လုံးထဲမှာ သွေးခဲတွေနဲ့ပြည့်လာပြီး လုံးဝမမြင်ရတော့ဘူး။ မျက်စိကိုခွဲစိတ်ပြီး သွေးခဲတွေကို ထုတ်ယူရတဲ့အထိ ဖြစ်လာတယ်။ သွေးခဲတွေကို ထုတ်ပြီးသွားရင်တောင် မျက်စိဟာ ဘယ်လောက်အတိုင်း အတာအထိ ပြန်မြင်ရမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ဆရာတို့ပေးလို့မရတော့ပါဘူး။

မေး ။ သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ မျက်စိကျန်းမာရေးမထိခိုက်အောင် ဘယ်လိုကာကွယ်သင့်ပါသ လဲဆရာ။
ဖြေ ။ သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ မျက်စိအတွက်ဆိုပြီး သီးသန့်ကာကွယ်ဖို့တော့မလိုပါဘူး။ သွေးတိုးရောဂါရှိတဲ့ သူတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုက်နာရမယ့် သတ်မှတ်ချက်တွေကို လိုက်နာရုံပါပဲ။ အငန်လျှော့စားတာ၊ အဆီလျှော့စားတာ၊ စိတ်ဖိစီးမှုလျှော့ချနေထိုင်တာ၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ၊ သွေးတိုးထိန်းကုသဆေးမှန်မှန်မှီဝဲတာ၊ ဆရာဝန်နဲ့ မှန်မှန်ပြသပြီး ဆရာဝန်ရဲ့ လမ်းညွှန်ချက်ကို လိုက်နာတာစတဲ့ သွေးတိုးရောဂါသည်တွေအတွက် ဘဝနေထိုင်မှုပုံစံအတိုင်း လိုက်နာနေထိုင်ဖို့ပဲ လိုပါတယ်။

မေး ။ သွေးတိုးခြင်းဟာ နဂိုက မျက်စိမှုန်တဲ့သူတွေမှာကော ပိုပြီး ပါဝါတိုးလာနိုင်ပါသလား ဆရာ။
ဖြေ ။ နဂိုက မျက်စိမှုန်တာက မျက်မှန်လိုလို့ မှုန်တာလား၊ ရောဂါကြောင့်မှုန်တာလားဆိုတာ သိဖို့လိုမယ်။ မျက်မှန်လိုအပ်လို့မှုန်တာဆိုရင် သွေးတိုးကြောင့် မျက်စိအမြင်မျက်စိအာရုံကြောမှာရောဂါရှိရင် သွေးတိုးကြောင့် Hypertensive Retinopathyရောဂါဝင်လာခဲ့ရင် ရောဂါနှစ်ခုပေါင်းပြီး ပိုမှုန်သွားနိုင်ပါတယ်။

မေး ။ သွေးတိုးခြင်းကြောင့်ဖြစ်နိုင်တဲ့ မျက်စိအန္တရာယ် နဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပြီး ဘာပြောလိုပါသလဲ ဆရာ။
ဖြေ ။

သွေးတိုးကြောင့်ဖြစ်တဲ့ မျက်စိရောဂါလူနာတွေကို ဆရာတို့မျက်စိဆေးရုံမှာ မကြာခဏတွေ့ရပါတယ်။ ဒါကိုလူအတော်များများက မျက်စိမှုန်တယ်ဆိုရင် မျက်မှန်စမ်းပြီး မျက်မှန်တပ်ဖို့ပဲလိုတယ်လို့ ထင်နေကြတယ်။ ဆရာဝန်က လူနာကို အလိုလိုက်ပြီး မျက်မှန်ကိုပဲ အလွယ်တကူလုပ်ပေးလိုက်ပြီး မျက်စိမှုန်ရတဲ့ အဓိကအကြောင်းရင်းကို မရှာလိုက်ရရင် လူနာ အတွက် အရမ်းနစ်နာပါတယ်။

အထူးကု ဆရာဝန်နဲ့ တွေ့တဲ့အခါ လူနာဟာ ဘာကြောင့် မျက်စိမှုန်တာလဲ၊ ဘယ်လိုကုသပေးရမလဲဆိုတာ အချိန်ယူ ဆန်းစစ်အဖြေရှာမှသာ လူနာအနေနဲ့လည်း အကျိုးရှိတယ်။ တချို့လူနာတွေဆိုရင် မျက်စိမှုန်တယ်ဆိုပြိး လမ်းဘေးက မျက်မှန်ကို အလွယ်တကူတပ်လိုက်တာ၊ တစ်နှစ်တည်းမှာ မျက်မှန်ပါဝါမကိုက်လို့ ခြောက်ခါလောက်ပြောင်းလုပ်ပြီး ရောဂါဇာစ်မြစ်မရှာတာတွေဟာ မကောင်းပါဘူး။ ဒါကြောင့် မျက်စိမှုန်တယ်ဆိုရင် လူနာအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါတွေရှိကြောင်း ဆရာဝန်ကိုပြောပြသင့်ပါတယ်။ ဆရာဝန်အနေနဲ့ ရောဂါဇာစ်မြစ်ကို ရှာဖွေပြီး ပျောက်နိုင်ခြေရာခိုင်နှုန်းနဲ့ မပျောက်နိုင်ခြေ ရာခိုင်နှုန်းတွေ ဆွေးနွေးမှုခံယူကုသတာက အကောင်းဆုံးပဲလို့ ပြေ
ာပြချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top