Healthy Life Ad
Life Style

လက်တံတောင်အရေပြား၌ အဖြစ်များသည့်ကြာဆူး

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ အရေပြားပေါ်မှာ ပေါက်တဲ့ ကြာဆူးအကြောင်း သိပါရစေ ဆရာမ။
ဖြေ ။ ကြာဆူးဆိုတာ အဖုစူးစူးလေးတွေဖြစ်တာကို ပြောတာပါ။ အရေပြားအပေါ်လွှာမှာရှိတဲ့ ပရိုတင်းတစ်မျိုးက မွေးညင်းပေါက်ပေါ်မှာ စုပုံလာပြီး ဖြစ်တာပါ။ အရေပြားကို ပွတ်ကြည့်ရင် မာမာကြမ်းကြမ်းဖြစ်နေတတ်ပါတယ်။ အဖြူရောင် အဖုလေးအနေနဲ ့တွေ့ရမှာပါ။

မေး ။ ဗီတာမင်အေချို့တဲ့လို့ ကြာဆူးဖြစ်ရတယ်လို့ကြားဖူးပါတယ်၊ မှန်ပါလား ဆရာမ။
ဖြေ ။ မှန်ပါတယ်။ ဗီတာမင်-အေချို့တဲ့လို့လည်း ကြာဆူးဖြစ်နိုင်ပါတယ်။ မွေးညင်းပေါက်လေးတွေ နေရာ နားက အရေပြားထူလာပြီး အဖုလေးတွေအဖြစ် မြင်ရတတ်တာပါ။ ဖားပြုတ်အရေပြား (Toad skin) လို့လည်း ခေါ်ကြပါတယ်။

ကလေးတွေမှာ ကြာဆူး ဖြစ်တတ်ပါတယ်။ အာဟာရထဲမှာပါတဲ့ အဆီဓာတ်ကိုမစုပ်ယူနိုင်တဲ့ ရောဂါရှင်တွေမှာ ပိုဆိုးတတ်ပါတယ်။ နှုတ်ခမ်းရောင်တာ၊ လျှာရောင်ရမ်းတာ၊ မျက်ခွံရောင်တာ၊ ညဘက်မှာ မျက်စိမမြင်ရတာ၊ ဝမ်းလျှောတာ၊ ကြွက်သားပျော့တာ၊ အာရုံကြောရောင်တာတွေနဲ့ တွဲဖြစ်တတ်ပါတယ်။ တခြား ဗီတာမင်ချို့တဲ့တဲ့ အခြေအနေတွေနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ ဗီတာမင်အေသာမက ဗီတာမင် အီး၊ ဗီတာမင် ဘီ အုပ်စုနဲ့ လိုအပ်တဲ့အဆီ (Essential Fatty Acids) စတဲ့ အာဟာရဓာတ်တွေချို့တဲ့ရင် အဖုလေးတွေ (Follicular hyperkeratosis) ဖြစ်တတ်ပါတယ်။

အစာကို ကောင်းကောင်း မစုပ်ယူနိုင်တဲ့ ရောဂါ၊ ဥပမာ- အူဖြတ်ပြီး ခွဲစိတ်ထားတာ၊ အူရောင်ရောဂါ၊ ပန်ကရိယရောဂါတွေဖြစ်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။
ကယ်လိုရီစားသုံးမှု နည်းလွန်းတဲ့ လူတွေနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီ မစားတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

မေး ။ ဗီတာမင်အေချို့တဲ့လို့ ဘယ်သူတွေက ကြာဆူးအဖြစ်များတတ်ပါသလဲ ဆရာမ။
ဖြေ ။ ကလေးငယ်တွေ၊ အာဟာရ ကောင်းကောင်း မစားရသူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ ရှိသူတွေ၊ မိသားစုထဲမှာ ဗီတာမင်ချို့တဲ့သူတွေ၊ အစားအသောက် ကြေးများသူတွေဟာ ကြာဆူး အဖြစ် များတတ်ပါတယ်။

မေး ။ ကြာဆူးပေါက်တာ သက်သာစေဖို့ ဘာတွေ စားသင့်ပါသလဲ ဆရာမ။
ဖြေ ။ ဗီတာမင် အေ၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်စီ၊ ဗီတာမင် အီးပါဝင်တဲ့ အစားအစာတွေ (ဥပမာ- အစိမ်းရောင်၊ အနီရောင်၊ အဝါရောင် ဟင်းသီးဟင်းရွက်၊ မုန်လာဥနီ၊ နို့၊ ဥ၊ ငါး၊ ငါးကရတဲ့ အဆီ၊ ပဲနို့၊ နေကြာဆီ၊ ပြောင်းဆီ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေနဲ့ အသည်းအမြစ်တွေကို လုံလောက်အောင် စားရပါမယ်။ သရက်သီး၊ မုန်လာဥနီ၊ ဆယ်လမွန်ငါး၊ တူနာငါး၊ ပဲနဲ့ကြက်သား စတာတွေကိုလည်း စားပေးသင့်ပါတယ်။

မေး ။ ကြာဆူးက ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ အဖြစ်များပါသလဲ ဆရာမ။
ဖြေ ။ တံတောင်အရေပြား၊ ဒူးတွေရဲ့ ဆန့်တဲ့ အရေပြား နေရာမှာ ကြာဆူးအဖြစ်များပါတယ်။

မေး ။ ကြာဆူးမပေါက်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာမ။
ဖြေ ။ အာဟာရလုံလောက်စွာ စားရပါမယ်။ ကိုယ်အလေးချိန် လျော့ချသူတွေ ကြာဆူးပေါက်တတ်လို့ သတိထားရပါမယ်။

မေး ။ ကြာဆူးက ကူးစက်တတ်ပါသလား ဆရာမ။
ဖြေ ။ ကြာဆူးက မကူးစက်တတ်ပါဘူး။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။

မေး ။ တချို့လူတွေမှာ ကြာဆူးက အချိန်ကြာတာတောင် မပျောက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဘယ်လို လုပ်သင့်ပါသလဲ ဆရာမ။
ဖြေ ။ တချို့လူတွေမှာ ကြာဆူးက ကြာရှည်ပေါက်ပြီး၊ မပျောက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အရေပြားပါ ကြမ်းနေတတ်တယ်။ ဒီလိုလူနာတွေကို ပထမ ဗီတာမင်အေပေးပြီး ကုကြည့်ရပါမယ်၊ ဒါမှ မပျောက်ဘူး ဆိုရင်တခြား ဆင်တူပေမယ့် မတူတဲ့ အရေပြား ရောဂါတစ်ခုခုကို စဉ်းစားရပါတော့မယ်။

မေး ။ ကြာဆူးကို ဘယ်လို ကုသသင့်ပါသလဲ ဆရာမ။
ဖြေ ။ ကြာဆူးက ဗီတာမင်အေချို့တဲ့လို ့ဖြစ်တာဆိုရင် ဗီတာမင်အေနဲ့ တခြားအာဟာရဓာတ်တွေပါတဲ့ ပြည့်ဝပြီး မျှတတဲ့အာဟာရကျွေးရပါမယ်။ ဗီတာမင်ဓာတ်တွေ အစုံအလင်ပါတဲ့ ဆေးတွေပေးပြီး ကုသရပါမယ်။ ပြီးရင် အရေပြားကိုသက်သာစေမယ့် တခြားထိန်းသိမ်းကုသနည်းတွေသုံးပြီး ကုသရပါမယ်။

မေး ။ ကြာဆူးနဲ့ လွဲမှားတတ်တဲ့တခြားအရေပြားပြဿနာတွေရှိရင် သိပါရစေ ဆရာမ။
ဖြေ ။ ကြာဆူးထင်နေတဲ့ တခြား အရေပြား ပြဿနာတွေကို ပြောပြချင်ပါတယ်။ တချို့တော့ တုန့်ပြန်လွယ်တဲ့ အရေပြားရောဂါနဲ့တွဲဖြစ်တတ်တဲ့ ကြက်အရေပြားလို မွေးညင်းပေါက်ဘေးနားမှာအဖုလေးတွေ ဖြစ်တတ်တဲ့ရောဂါပါ။ ကြာဆူးဖြစ်ရင် ဘဲငန်းအရေပြားလိုဖြစ်တတ်ပြီး ကြည့်ရဆိုးပါတယ်။ မျိုးရိုးနဲ့ ဆက်နွှယ်မှုရှိတတ်ပြီး ကြမ်းကြမ်းမာမာ၊ အနီရောင်အဖုလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ လက်မောင်း၊ ပေါင်အပြင်ဖက်၊ တင်ပါး၊ မျက်နှာတွေမှာ ဖြစ်တတ်ပါတယ်။ လက်ဖဝါး၊ ခြေဖဝါးကလွဲလို့ တစ်ကိုယ်လုံးနေရာအနှံဖြစ်နိုင်ပါတယ်။ မွေးညင်းပေါက်တွေမှာ အရေပြား အကြေးခွံလေးတွေ ပိတ်လို့ဖြစ်တာပါ။

မွေးညင်းပေါက်တွေမှာ ဘက်တီးရီးယားပိုးနဲ့ မှိုပိုးတွေ ဝင်ပြီး၊ ဝက်ခြံဆန်တဲ့ အဖုတွေ ဖြစ်တတ်ပါတယ်။ ပွတ်မိ၊ ခိုက်မိတဲ့အခါ၊ ရာသီဥတုပူတဲ့အခါ၊ ဓာတုပစ္စည်းနဲ့ မတည့်တဲ့အခါ၊ နွေရာသီမှာ နေရောင်ကာခရမ်ခပ်ပျစ်ပျစ်တွေ သုံးတဲ့အခါ ဖြစ်တတ်ပါတယ်။

ကြမ်းသုတ်ဆီတွေပေါ်မှာ လှဲအိပ်ပြီး ဆော့ကစားတဲ့ ကလေးတွေရဲ့လက်မောင်းမှာ အဆီကျိတ်ပိတ်လို့ ဝက်ခြံဆန်တဲ့ အဖုတွေ တွေ့ရတတ်ပါတယ်။

မေး ။ ကြာဆူးပေါက်တာနဲ့ ပတ်သက်ပြီး၊ အများပြည်သူကို ထပ်မံ ပညာပေးလိုတာ ရှိရင် သိပါရစေ ဆရာမ။
ဖြေ ။

ကြာဆူးကို နည်းမှားနဲ့ မကုသမိစေဖို့ ပညာပေးချင်ပါတယ်။ အရေပြားအဖုလေးတွေက အင်္ကျီကျပ်ကျပ်နဲ့ ပွတ်မိတာ၊ ကျောက်ကြမ်းနဲ့ ပွတ်တိုက်တာ၊ အရောင်ကျလိမ်းဆေးဖြစ်တဲ့ စတီးရွိုက်လိမ်းဆေး များများ လိမ်းမိတာမျိုး ပြုလုပ်ရင် ပိုဆိုးတတ်ပါတယ်။ ဒါကို ဆင်ခြင်စေချင်ပါတယ်။

မွေးညင်းပေါက်မှာ ဘက်တီးရီးယားပိုးတွေ ဝင်တတ်ပါတယ်။ အရေပြားပါးတတ်ပါတယ်။ စတီးရွိုက်လိမ်းဆေးရဲ့ ဆိုးကျိုးဖြစ်တဲ့ မှိုပိုးဝင်တာတွေ ဖြစ်စေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top