Healthy Life Ad
Life Style

ရောဂါကြောင့်ကြစိတ် လွန်ကဲသူ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး – အငြိမ်းစား)

ပညာရှင်ပေါင်းစုံပါဝင်တဲ့ စိတ်ကျန်းမာရေးကုသမှုအသင်း (Multidisciplinary Mental Health Team) အပတ်စဉ် ပညာပေးဆွေးနွေးပွဲမှာဖြစ်ပါတယ်။ စာရေးသူက စိတ်ကျန်းမာရေးဆရာဝန်အဖြစ် တက်ရောက်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲအတွက် စိတ်ကျန်းမာရေးသူနာပြုမေရီက သူကြည့်ရှုစမ်းသပ်ထားတဲ့ လူနာတစ်ဦးရဲ့ ဆေးရာဇဝင်ကို တင်ပြပါတယ်။

“ကျွန်မဆွေးနွေးမယ့် လူနာက အသက် ၃၅ နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသား တွမ်ဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရောဂါလက္ခဏာမျိုးစုံ ညည်းတွားနေတယ်။ သူခံစားရတဲ့ လက္ခဏာတွေကတော့ ဗိုက်နာတာ၊ ဝမ်းဗိုက်အောက်ပိုင်း တင်းကျပ်တာ၊ လေပွတာ၊ အစာမကြေဖြစ်တာ၊ ဝမ်းချုပ်တာ၊ မောပန်းလွယ်တာ၊ နှလုံးခုန်ရင်တုန်တာ၊ အရေပြားအဝါရောင်သမ်းတာ စတာတွေဖြစ်ပါတယ်။ သူ့မှာ စိုးရိမ်ရတဲ့ ခန္ဓာကိုယ်ရောဂါရှိမှာကို ကြောက်စိတ်ဝင်နေပါတယ်။ အဲဒီလို ခံစားနေရတာ ငါးနှစ်လောက်ရှိပါပြီ။ ပြင်ပဆေးခန်းတွေမှာ ဂျီပီဆရာဝန်မျိုးစုံနဲ့ စမ်းသပ်ကုသဖူးတယ်။

အထူးကု ဆရာဝန်ကြီးတွေနဲ့လည်း စစ်ဆေးစမ်းသပ်ခံဖူးတယ်။ သွေးစစ်တာတို့၊ ဓာတ်မှန်အမျိုးမျိုးရိုက်ပြီး စစ်ဆေးတာတို့၊ အစာအိမ်နဲ့ အူမကြီးက အသားစယူပြီး စစ်ဆေးတာတို့ . . . စသဖြင့် ရောဂါရှာဖွေနည်းအမျိုးမျိုးနဲ့ စမ်းသပ်ခံဖူးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဗိုက်ခွဲပြီး ရောဂါရှာဖွေတဲ့အထိ စမ်းသပ်ပြီးပြီ။ သိသာထင်ရှားတဲ့ ခန္ဓာကိုယ်ရောဂါမရှိဘူးလို့ ဆရာဝန်အများက မှတ်ချက်ချပါတယ်။ ဒါပေမဲ့ တွမ်ကမကျေနပ်ဘူး။ ဆေးကုသဆောင်မှာ ရောဂါရှာဖွေစစ်ဆေးဖို့ ရောက်ရှိလာပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ဆေးကုသမှုဆရာဝန်ကြီးက စိတ်ကျန်းမာရေးဌာနကို လွှဲပြောင်းပေးပြီး ကျွန်မတို့အသင်းရဲ့ သဘောထားကို မေးမြန်းထားပါတယ်။ ဒါကြောင့် ကျွန်မနဲ့ လက်ထောက်ဆရာဝန်က တွမ်ကို ဆေးကုသဆောင်မှာ စစ်ဆေးခဲ့ပါတယ်”

မေရီက ဆက်လက်တင်ပြပါတယ်။

“ကျွန်မတို့ စစ်ဆေးသိရှိရတဲ့ အချက်တစ်ခုရှိသေးတယ်။ သူ့ခန္ဓာကိုယ်မှာ တင်းကျပ်တာလေး၊ ထုံကျဉ်တာလေး၊ ယားယံတာလေး၊ မအီမသာဖြစ်နေတာလေးကို ခံစားရရင် တွမ်က ပုံကြီးချဲ့ပြီးကြောက်စိတ်ဝင်တတ်ပါတယ်။ အဲဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်ရောဂါကြောင့်လို့ ယူဆပြီး စိုးရိမ်ပူပန်လာတတ်ပါတယ်”

မေရီစကားဆုံးတော့ စိတ်ပညာရှင်အရာရှိက ကြားဖြတ်မေးပါတယ်။

“စိုးရိမ်ရတဲ့ ခန္ဓာကိုယ်ရောဂါရရှိမှာကို စဉ်းစားပြီး ကြောက်စိတ်ဝင်လာတာလား ဒါမှမဟုတ် ခန္ဓာကိုယ်ရောဂါရှိနေတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတာလား”

မေရီ မဖြေကြားခင် စာရေးသူက မှတ်ချက်ချရှင်းပြပါတယ်။

“မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။ ရောဂါဖြစ်မှာကို ကြောက်တဲ့စိတ် (Fear)နဲ့ ရောဂါရှိတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ချက်မှားယွင်းခြင်း (Delusion)ကို ခွဲခြားသိရှိသင့်ပါတယ်”

မေရီက သူနဲ့အတူ တွမ်ကို စစ်ဆေးခဲ့တဲ့ လက်ထောက်ဆရာဝန်ကို လှမ်းကြည့်ပြီး အဖြေပေးပါတယ်။

“ခန္ဓာကိုယ်ရောဂါရှိနေတယ်လို့ စွဲစွဲမြဲမြဲယုံကြည်နေတဲ့ ယုံကြည်မှုမှားယွင်းခြင်းမျိုး မဟုတ်ပါဘူး။ ရောဂါရှိမှာကို ကြောက်နေတာပါ။ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက အထောက်အထားပြပြီး အကျိုးအကြောင်းရှင်းပြရင် တွမ်က လက်ခံပါတယ်။ ခဏတဖြုတ်ကြောက်စိတ် သက်သာသွားပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်လက္ခဏာတစ်ခုခု ခံစားလာရရင် တွမ်က အဆိုးဆုံးဖြစ်နိုင်တာကို တွေးတောစဉ်းစားပြီး ကြောက်စိတ်ဝင်လာပြန်ရော။ သေချာအောင် နောက်ထပ်ပြီး ဆေးစစ်ချင်လာတယ်။ အဲဒီလို သံသရာလည်နေပါတယ် ဆရာ”

စာရေးသူက ရောဂါကြောင့်ကြစိတ်နဲ့ ဆင်တူယိုးမှားဖြစ်နိုင်တဲ့ စိတ်ရောဂါတစ်ခုကို ထောက်ပြပါတယ်။

“စိတ်ထဲမှာ ဖျောက်လို့မရတဲ့ အတွေးတွေ ထပ်တလဲလဲပေါ်နေရင် “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲပြုမူရောဂါ” (Obsessive Compulsive Disorder) လက္ခဏာလို့ ပြောလို့မရဘူးလား”

မေရီက လက်ထောက်ဆရာဝန်ကို အကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်ပြီး မေးထိုးပြတယ်။ လက်ထောက်ဆရာဝန်က တာဝန်ယူဖြေဆိုပါတယ်။

“အစွဲအလန်းလွန်ကဲရောဂါမှာ တွေ့ရှိရတဲ့ အတွေးမျိုးမဟုတ်ပါဘူးဆရာ။ အစွဲအလန်းလွန်ကဲ ထပ်တလဲလဲပြုမူရောဂါမှာ ပေါ်ပေါက်လာတဲ့အတွေးတွေကို လူနာက လက်မခံချင်ပါဘူး။ ဒါကြောင့် အတွေးတွေကို ဖျောက်ဖျက်ပစ်ဖို့ တစ်နည်းနည်းနဲ့ကြိုးစားပါတယ်။ တွမ်က သူခံစားနေရတဲ့ ရောဂါကြောင့်ကြစိတ်ကို တွန်းလှန်ဖို့မကြိုးစားပါဘူး။ ရောဂါရှိနေတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ရောဂါရရှိလာမှာကို ကြောက်နေတဲ့စိတ်ကြောင့် ဖိစီးမှုဒဏ်ခံစားနေရပါတယ်။ သူရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာပါတယ်။ လူမှုဆက်ဆံရေး ပျက်ပြားလာပါတယ်။ အိမ်တွင်းရေးအဆင်မပြေတာနဲ့ ကြုံကြိုက်လာပါတယ်။ ဒါကြောင့် တွမ်ရဲ့ရောဂါကို “ရောဂါကြောင့်ကြစိတ်လွန်ကဲဝေဒနာ” (Hypochondriasis) လို့ ကျွန်တော်တို့ ယူဆပါတယ်။ “ခန္ဓာကိုယ် ရောဂါရှိမှာကို ကြောက်စိတ်လွန်ကဲဝေဒနာ” (Somatic Anxiety Disorder) လို့လည်း ခေါ်ပါတယ်”

လက်ထောက်ဆရာဝန် စကားဆုံးတော့ စိတ်ပညာအရာရှိက ပါဝင်ဆွေးနွေးပါတယ်။

“တခြားဖြစ်နိုင်တဲ့ စိတ်ရောဂါတွေလည်း ရှိသေးတယ်လို့ ကျွန်တော်ထင်မြင်ယူဆပါတယ်။ “အထွေထွေ စိုးရိမ်စိတ်လွန်ကဲရောဂါ” (Generalised Anxiety Disorder) နဲ့ “ကြောက်ရွံ့ထိတ်လန့်ရောဂါ (Panic Disorder) ဖြစ်ပါတယ်။ အဲဒီရောဂါတွေမှာ ကြောက်စိတ်နဲ့အတူ ခံစားလာရတဲ့ ခန္ဓာကိုယ်လက္ခဏာတွေရှိပါတယ်။ ဥပမာ-နှလုံးခုန်ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ ဗိုက်နာခြင်း၊ ကြွက်သား တင်းကျပ်နာကျင်ခြင်း၊ ချွေးထွက်များခြင်း၊ ခြေလက်ထုံကျဉ်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ အဲဒီလက္ခဏာတွေကို ခံစားရရင် မိမိမှာ ခန္ဓာကိုယ်ရောဂါ တစ်ခုခုရရှိနေသလားလို့ ထပ်ဆင့်စိုးရိမ်ပူပင်မိတာ ရှိပါတယ်။ ဒါကြောင့် တွမ်ရဲ့ရောဂါဟာ အထွေထွေစိုးရိမ်စိတ်လွန်ကဲရောဂါ မဖြစ်နိုင်ဘူးလား”

စာရေးသူက လက်ထောက်ဆရာဝန်ကို “ခင်ဗျားဘယ်လိုထင်သလဲ”လို့ မေးတဲ့အမူအရာနဲ့ ကြည့်လိုက်ပါတယ်။ လက်ထောက်ဆရာဝန်က အနည်းငယ်စဉ်းစားပြီး သူရဲ့ထင်မြင်ချက်ကို ရှင်းပြပါတယ်။

“တွမ်ရဲ့ရောဂါက အထွေထွေစိုးရိမ်စိတ် လွန်ကဲရောဂါမဟုတ်ပါဘူး။ အလိုအလျောက်အကြောင်းမဲ့ ကြောက်ရွံ့ထိတ်လန့်တာမျိုးလည်း မရှိပါဘူး။ ဇီဝသဘာဝဖြစ်စဉ်သဘောနဲ့ ရှင်းပြပါမယ်။ အထွေထွေ စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ ကြောက်ရွံ့ထိတ်လန့်ရောဂါမှာ ကြောက်စိတ်ကြောင့် “ဆင်ပါတက်သစ်အာရုံကြော အင်္ဂါစု” (Sympathetic Nervous System) လှုံ့ဆော်မှုပြင်းပြလာပါတယ်။ “ပြေးလွှားဖို့” ဒါမှမဟုတ် “တိုက်ပွဲဝင်ဖို့” (Flight or Fight) ပြင်ဆင်တဲ့ အနေအထားရှိအောင် ခန္ဓာကိုယ်က တုန့်ပြန်ပါတယ်။ ဒါကြောင့် စိတ်ပညာရှင်ပြောတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို ခံစားလာရတယ်။ တွမ်ခံစားရတဲ့ လက္ခဏာတွေက အဲဒီလိုတုန့်ပြန်လို့ရရှိလာတဲ့ လက္ခဏာမျိုးမဟုတ်ပါဘူး။ မေရီပြောခဲ့သလို ခန္ဓာကိုယ်ထဲမှာ ခံစားလာရတဲ့ မအီမသာ လက္ခဏာလေးတွေကို ပုံကြီးချဲ့ပြီး ရောဂါလို့ ထင်မြင်နေတတ်တာသာ ဖြစ်ပါတယ်”

စာရေးသူက လက်ထောက်ဆရာဝန် ရှင်းပြတာကို သဘောတူတဲ့ အကြောင်းပြောပြီး မှတ်ချက်ချပါတယ်။

စိတ်ကျန်းမာရေးဆေးခန်းကို ရောက်လာတဲ့လူနာက ခန္ဓာကိုယ်ရောဂါလက္ခဏာတွေကို ညည်းတွားနေရင် ဘာလုပ်သင့်သလဲ။ လူနာမှာ ခန္ဓာကိုယ်ရောဂါ ရှိ၊ မရှိ သေချာအောင် စမ်းသပ်စစ်ဆေးရမယ်။ စိတ်ကြောင့်ဖြစ်တာပါလို့ အလွယ်တကူမှတ်ချက်မချသင့်ဘူး . . .

“တွမ်ရဲ့ ရောဂါရာဇဝင်ကို အကြောင်းပြုပြီး သင်ခန်းစာယူသင့်တဲ့ အချက်တွေရှိပါတယ်”

“ပြောပြပါ ဆရာ”

“နံပါတ် (၁) အချက် . . စိတ်ကျန်းမာရေးဆေးခန်းကို ရောက်လာတဲ့လူနာက ခန္ဓာကိုယ်ရောဂါ လက္ခဏာတွေကို ညည်းတွားနေရင် ဘာလုပ်သင့်သလဲ။ လူနာမှာ ခန္ဓာကိုယ်ရောဂါ ရှိ၊ မရှိ သေချာအောင် စမ်းသပ်စစ်ဆေးရမယ်။ စိတ်ကြောင့်ဖြစ်တာပါလို့ အလွယ်တကူ မှတ်ချက်မချသင့်ဘူး . . .

ဒုတိယအချက်၊ စိတ်ရောဂါကို အရင်းခံပြီး ခန္ဓာကိုယ်ရောဂါလက္ခဏာတွေ ရရှိတာလို့ ယူဆရင် ဆိုးရွားပြင်းထန်တဲ့ စိတ်ရောဂါတွေ ရှိ၊ မရှိ စမ်းသပ်ကြည့်ရမယ်။ ဥပမာ စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ စွဲစွဲမြဲမြဲယုံကြည်မှု မှားယွင်းရောဂါနဲ့ အကြောက်လွန်ရောဂါအမျိုးမျိုးတို့ ဖြစ်ပါတယ်။

အဲဒီလို တခြားရောဂါတွေကို ရှာဖွေမတွေ့မှ ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါလို့ သတ်မှတ်သင့်ပါတယ်”

“ဘာကြောင့်လဲ ဆရာ”လို့ ပညာပေးဆွေးနွေးပွဲမှာ တက်ရောက်လေ့လာနေတဲ့ ဆေးကျောင်းသားက မေးမြန်းပါတယ်။

“လူနာအသစ်တစ်ယောက်ကိုစစ်ဆေးရင် ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေထဲက အဆိုးရွားဆုံးရောဂါ ရှိ၊ မရှိ တစ်ဆင့်ပြီးတစ်ဆင့် စဉ်းစားရမယ်။ ဥပမာ ဗိုက်နာလို့လာပြတဲ့လူနာကို စစ်ဆေးရင် လူနာမှာ အူအတက်ပေါက်နေတာ၊ အူပေါက်နေတာ၊ အူပိတ်နေတာ ရှိ၊ မရှိ ဦးစားပေးစမ်းသပ်ရမယ်။ အဲဒီလို အရေးကြီးတဲ့ ရောဂါတွေမရှိမှ လေနာလား၊ အစာမှားလို့ ဖြစ်တာလားဆိုတာကို စဉ်းစားသင့်တယ်။ အဲဒါဆေးပညာမှာ ခံယူကျင့်သုံးနေတဲ့ လုပ်နည်းလုပ်ထုံးဖြစ်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top