Healthy Life Ad
Life Style

အရေပြားပေါ်တွင် ဖြစ်လေ့ရှိသော မှိုရောဂါများ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားရောဂါအထူးကုဌာန၊ ပါမောက္ခဒေါက်တာ ခိုင်ခိုင်ဇော်၏ အရေပြားမှိုစွဲရောဂါအကြောင်း ဟောပြောချက်မှ အများပြည်သူ သိသင့်သည့် အချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

– အရေပြားမှာ မှိုစွဲရောဂါက ဘာကြောင့်ဖြစ်တာလဲ
အရေပြားအပေါ်ယံလွှာမှာ နေထိုင်ရှင်သန်တဲ့ မှိုအမျိုးအစားကြောင့်ဖြစ်တဲ့ ရောဂါကို အရေပြား မှိုစွဲရောဂါလို့ ခေါ်ပါတယ်။ မှိုစွဲရောဂါဆိုတာ ပွေးရောဂါ၊ ညှင်းရောဂါ၊ ဦးခေါင်းမှာဖြစ်တဲ့ ဒက်ရောဂါ၊ လက်သည်း၊ ခြေသည်းတွေမှာဖြစ်တဲ့ ရေဝဲစားတာ၊ ပါးစပ်ထဲမှာဖြစ်တဲ့ မှက္ခရု၊ ခေါင်းမှာဖြစ်တဲ့ ဗောက်ရောဂါစတာတွေ ဖြစ်ကြပါတယ်။ မိုးရာသီမှာ မှိုစွဲတာက ပိုအဖြစ်များပါတယ်။ စိုထိုင်းဆများတဲ့ နေရာတွေမှာ မှိုက ပိုကြိုက်တယ်။

– အရေပြားမှာ မှိုစွဲရောဂါဖြစ်ရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်သလား
အရင်ဆုံး ခံစားရတာကတော့ အရေပြားယားတဲ့ ဝေဒနာ ဖြစ်တာပါပဲ။ အဲဒီတော့ ကုတ်မိတယ်၊ အရေပြားက နီရဲလာတယ်၊ အဲဒီကနေ ဘက်တီးရီးယားပိုးတွေ ထပ်ဆင့်ဝင်သွားပြီး ပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။ အရေပြားမှိုစွဲရောဂါကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း ထိခိုက်မှုက သာမန်အားဖြင့် မရှိနိုင်ပါဘူး။ ဒါပေမဲ့ တချို့မှိုအမျိုးအစားက အသက်ရှူမှုဆိုင်ရာ အဆုတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားမယ်ဆိုရင် အဆုတ်ထိခိုက်ပျက်စီးနိုင်ပါတယ်။ ရှားတော့ ရှားပါတယ်။

– အရေပြားဘယ်နေရာတွေမှာ မှိုစွဲရောဂါ အဖြစ်များတတ်ပါသလဲ
ပွေးဆိုရင် ပေါင်ကြားမှာ အဓိကတွေ့ရတယ်။ ဒက်ဆိုရင် ခေါင်းမှာဖြစ်တယ်။ အရေပြားမှာဖြစ်တဲ့ မှိုရောဂါက ခေါင်းကနေ ခြေထောက်အထိ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ပွေးမဖြစ်နိုင်တဲ့နေရာ သိပ်မရှိလှပါဘူး။ ဆံပင်၊ လက်သည်းခြေသည်း၊ ပါးစပ် စတာတွေမှာလည်းဖြစ်တာပါပဲ။ အဓိက ဖြစ်လေ့ဖြစ်ထရှိတဲ့နေရာတွေက ချိုင်း(ဂျိုင်း)၊ ပေါင်ကြား၊ ဗိုက်၊ ကျောပြင်၊ ရင်ဘတ်စတဲ့ နေရာတွေဖြစ်ပါတယ်။

ခြေသည်း၊ လက်သည်းတွေမှာလည်း မှိုစွဲတတ်ပါတယ်၊ အထူးသဖြင့် ရေကို အမြဲကိုင်နေရတဲ့ အိမ်ရှင်မတွေ အဝတ်လျှော်တယ်၊ ပန်းကန်ဆေးတယ်၊ တခြားအလုပ်တစ်ခုပေါ်ရင် သွားလုပ်လိုက်တယ်၊ အဲဒီအခါမှာ လက်ကိုပြန်ခြောက်အောင် မသုတ်မိတာရှိတယ်၊ အထူးသဖြင့် လက်သည်းကြားထဲမှာ ဆပ်ပြာနဲ့ရေဝပ်နေပြီး စိုထိုင်းဆများတဲ့အခါ ကြာလာလို့ရှိရင် မှိုကြိုက်တဲ့အခြေအနေဖြစ်ပြီး မှိုစွဲတတ်ပါတယ်။ လက်သည်း၊ ခြေသည်းဆိုတာကလည်း အသားဓာတ်နဲ့ အဓိက တည်ဆောက်ထားတာဆိုတော့ မှိုတွေက အဲဒါကို စားစရာအဖြစ် စားသောက်ရင်း ရှင်သန်ကြပါတယ်။ အဲဒီအခါ လက်သည်းက မပြောင်တော့ဘဲ ပွရောင်းရောင်း ဖြစ်လာတယ်။ လက်သည်းမှိုစွဲရင် ဆေးက အထဲကိုရောက်ဖို့ ခက်တဲ့အတွက် အတော်လေး ကြာကြာကုမှ ပျောက်ပါတယ်။

ပါးစပ်ထဲမှာဖြစ်တဲ့ မှက္ခရုက ကလေးတွေမှာ တွေ့ရတာများပေမယ့် လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ လူကြီးတွေမှာဆိုရင် ဆေးတွေအများကြီး သောက်နေရတဲ့သူတွေ၊ HIV ပိုးရှိတဲ့သူတွေ၊ ကိုယ်ခံအားကျနေတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဆံပင်ခဏခဏရိတ်နေတဲ့သူတွေက ခေါင်းမှာ မကြာခဏ ဓားထိသလို ဓားတစ်ချောင်းတည်းနဲ့ အများဝိုင်းသုံးတဲ့အတွက် ဒက်က ကူးစက်နိုင်ပါတယ်။ ဒက်ဖြစ်ရင် ဆံပင်ကို ထပ်မရိတ်သင့်ပါဘူး။ ရိတ် လိုက်ရင် ဒက်ဖြစ်တဲ့နေရာကနေ တခြားနေရာကို ပြန့်သွားမှာ ဖြစ်ပါတယ်။

– အရေပြားမှိုစွဲတာက အစားအသောက်နဲ့ သက်ဆိုင်ပါသလား
အမဲသားစားရင် အရေပြားယားတယ်ဆိုတာမျိုးက အကြောင်းအားဖြင့် တိုက်ဆိုင်သွားတယ်လို့ပဲ ထင်ပါတယ်။ မှိုရောဂါကြောင့် ဖြစ်တဲ့ အရေပြားရောဂါဖြစ်လို့ မှိုသတ်လိုက်ရင် ပျောက်ပါတယ်။ အစားအသောက်နဲ့ မသက်ဆိုင်ပါဘူး။ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ ပူစပ်တဲ့ အစားအသောက်စားရင် ပေါင်ကြားတွေမှာ ချွေးထွက်များနိုင်လို့ သတိထားသင့်ပါတယ်။ အဆင်သင့်အစားအသောက်တွေဆိုရင် ရှောင်သင့်ပေမယ့် ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးကြီးထွားမှု ကောင်းစေဖို့ အာဟာရမျှတအောင် ကျွေးဖို့လိုပါတယ်။

– အရေပြားမှာ မှိုစွဲရောဂါဖြစ်ရင် သက်သာအောင် ဘယ်လို လုပ်ဆောင်သင့်သလဲ

အရေပြားမှာဖြစ်တဲ့ မှိုရောဂါကို လိမ်းဆေး၊ သောက်ဆေးတွေနဲ့ အဓိကထား ကုသရပါမယ်။

– ပတ်ဝန်းကျင်က ခြောက်သွေ့ပြီး စိုထိုင်းဆနည်းမယ်ဆိုရင် မှိုက သိပ်မပေါက်နိုင်ပါဘူး။ အဲဒီလိုမဟုတ်ဘဲ ပူအိုက်စွတ်စိုတဲ့ ပတ်ဝန်းကျင်မှာဆိုရင် မှိုပေါက်ပွား ရှင်သန်မှုများပါတယ်။ အဲဒီလို ပတ်ဝန်းကျင်အခြေအနေမှာ အဝတ်အစားတွေ လဲပေးရပါမယ်။ ချွေးထွက်ရင် ချွေးသုတ်ပေးရပါမယ်။

– ပေါင်ဒါသုံးလို့ရတယ်၊ အထူးသဖြင့် မှိုပိုးသတ်တဲ့ ပေါင်ဒါ (Anti-fungal Powder) ကို သုံးနိုင်ပါတယ်။ မှိုရောဂါ မရှိသေးတဲ့သူက ပေါင်ဒါလိမ်းထားလိုက်ရင် ချွေးစုပ်ပြီး ချွေးနဲ့ စိုထိုင်းထိုင်း မဖြစ်တော့ပါဘူး။ အထူးသဖြင့် ချွေးထွက်များတဲ့ ချိုင်း(ဂျိုင်း)၊ ပေါင်ကြား၊ လက်ကြားတွေမှာ ပေါင်ဒါထည့်သင့်ပါတယ်။

– ရှူးဖိနပ်တွေ စီးရင် အနံ့ထွက်နေသလားဆိုတာ သတိထားပေးရမယ်။ ဖိနပ်ကို နေပူလှန်းပေးရမယ်၊ ပေါင်ဒါထည့်ပေးရမယ်။

– လက်သည်းညှပ်တွေကိုလည်း သီးသန့်ထားပြီး သုံးသင့်ပါတယ်။

မှိုရောဂါဖြစ်ရင်မှိုရောဂါနိုင်တဲ့ ဆေးတွေကိုပဲ သုံးသင့်ပါတယ်။ ရိုးရိုးနှင်းခူအတွက် သုံးတဲ့ဆေးတွေကို မသုံးသင့်ပါဘူး။ စတီးရွိုက်ဆေးကို မလိမ်းရပါဘူး . . .

– မှိုရောဂါဖြစ်ရင် မှိုရောဂါနိုင်တဲ့ ဆေးတွေကိုပဲ သုံးသင့်ပါတယ်။ ရိုးရိုးနှင်းခူအတွက် သုံးတဲ့ဆေးတွေကို မသုံးသင့်ပါဘူး။ စတီးရွိုက်ဆေးကို မလိမ်းရပါဘူး၊ ဘက်တီးရီးယားပိုးသေဆေးတွေကို မလိမ်းသင့်ပါဘူး။ စတီးရွိုက်ပါတဲ့ ဆေးတွေက အရေပြားရိတာ၊ ရောင်ရမ်းတာတို့ ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top