Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၉)ရောဂါကြောင့်ကြစိတ်လွန်ကဲသူ

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ပညာရှင်ပေါင်းစုံပါဝင်တဲ့ စိတ်ကျန်းမာရေး ပြုစုကုသမှုအသင်းအစည်းအဝေးမှာ သူနာပြုမေရီ တင်ပြဆွေးနွေးခဲ့တဲ့ ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါရှင် တွမ်ရဲ့ အကြောင်းကို ဆက်လက်ဆွေးနွေး နေပါတယ်။ စာရေးသူက ရောဂါကုသမှုပိုင်းနဲ့ ပတ်သက်ပြီး စတင်ပြောကြားတယ်။

“ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါရှင်ကို ကူညီတဲ့အခါမှာ မှားယွင်းမှုနှစ်မျိုးကို ကျူးလွန်တတ်ကြပါတယ်။ ပထမအမှားက ခန္ဓာကိုယ်ရောဂါနဲ့တခြားအရေးကြီးတဲ့ စိတ်ရောဂါတွေကို သတိမထားဘဲ ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါလို့ အရင်စလိုရောဂါဖော်ထုတ်သတ်မှတ်လိုက်တာဖြစ်တယ်။ ဒုတိယအမှားကတော့ လုံလုံလောက်လောက် ရောဂါရှာဖွေစမ်းသပ်မှုပြုလုပ်ပြီးပေမယ့် လူနာရဲ့ စိတ်ကြိုက်ကိုလိုက်ပြီး ခန္ဓာကိုယ်ရောဂါရှိနေသလို ဆက်လက်စမ်းသပ်ကုသပေးနေတာဖြစ်ပါတယ်။ အဲဒီလိုအပြုအမူကြောင့် ရောဂါသက်တမ်းရှည်စေပါတယ်။ ဒါက လူနာရဲ့ မိသားစုဝင်တွေလည်း သိရှိနားလည်သင့်တဲ့ အချက်ပါပဲ”

သူနာပြုမေရီက သဘောတူထောက်ခံပါတယ်။

“တွမ်ကအဲဒီလိုဖြစ်ခဲ့တာပါ။ ရောဂါသက် ၅ နှစ်ကျော်မှရောဂါအမှန်ကို သိရှိလက်ခံလာကြတာ တွေ့ရပါတယ်”

စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။

“ဒါပေမဲ့ သမိုင်းကြောင်းကို ပြန်ကောက်မနေတော့ဘဲ လက်ရှိတွေ့ကြုံနေရတဲ့ လူနာရဲ့ ပြဿနာကို ဦးစားပေးစဉ်းစားရမှာပါ”

လက်ထောက်ဆရာဝန်က သူ့အမြင်နဲ့ ပါဝင်ဆွေးနွေးတယ်။

“ရောဂါကြောင့်ကြစိတ်ရောဂါခံစားရသူက လူထုအတွင်းမှာ အနည်းဆုံး ၄ ရာခိုင်နှုန်းကျော်ရှိတယ် လို့သိရပါတယ်။ အသက် ၃၅ နှစ်မှ ၅၇ နှစ်အတွင်း လူတွေမှာ ပိုမိုတွေ့ရှိရတယ်။ လုပ်အားပေးနိုင်ဆုံး အသက်အရွယ်တွေဖြစ်ပါတယ်။ ဒီရောဂါကြောင့် ဝေဒနာရှင်ရဲ့ စီးပွားရေးနဲ့လူမှုရေးကို ထိခိုက်ပျက်ပြားစေပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးအသုံးစရိတ်ကို မြင့်တက်စေတယ်။ ဥပမာ- အမေရိကန်နိုင်ငံမှာ ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်ကုန်ကျတယ်လို့ တွက်ချက်ပြထားတာရှိပါတယ်။ မလိုအပ်ဘဲ လူနာအကြိုက်လိုက်ပြီး နည်းအမျိုးမျိုးနဲ့ ရောဂါရှာဖွေတဲ့ စရိတ်ဖြစ်ပါတယ်”

စာရေးသူက ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါကို ကုသရာမှာ လိုအပ်တဲ့ အချက်တွေကို ရှင်းပြပါတယ်။

“မှန်ပါတယ်။ ဒါကြောင့် ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါကို ကုသတဲ့အခါ ရည်ရွယ်ချက်သုံးမျိုး ထားရှိပါတယ်”

“ဘာတွေလဲ ဆရာ”

“(၁) မလိုအပ်ဘဲ ဆက်လက်ပြီး ခန္ဓာကိုယ်ရောဂါရှာဖွေစမ်းသပ်နေတာကို ရပ်ဆိုင်းသင့်တဲ့ အချိန်မှာရပ်ရမယ်။ နံပါတ် (၂) လူနာကို နာတာရှည် ရောဂါသည်လို မဆက်ဆံဘဲ သူလုပ်ဆောင်သင့်တဲ့ နေ့စဉ်လုပ်ငန်းကိစ္စတွေကို ပုံမှန်အတိုင်း ပြုမူဆောင်ရွက်ဖို့ အားပေးတိုက်တွန်းရမယ်။ နံပါတ်(၃)ကတော့ လူနာခံစားနေရတဲ့ ဝေဒနာသက်သာလာအောင် ကူညီပံ့ပိုးပေးဖို့ဖြစ်ပါတယ်”

စာရေးသူစကားဆုံးတော့ စိတ်ပညာရှင်အရာရှိက ပါဝင်ဆွေးနွေးပါတယ်။

“တတိယအချက်အတွက် ဆောင်ရွက်ပေးနိုင်တဲ့ စိတ်ကုထုံးကုနည်းတွေရှိတယ်”

သူနာပြုမေရီက လက်ထောင်ပြပြီး ဖြေကြားပါတယ်။

“ကျွန်မကိုယ်တိုင် အသုံးပြုလေ့ရှိတဲ့ စိတ်ကုထုံးကတော့ ‘နှစ်သိမ့်ဖျောင်းဖျပံ့ပိုးပေးကုထုံး’(Supprotive Therapy)ဖြစ်ပါတယ်။ လူနာရဲ့ မိသားစုဝင်တွေလည်း အသုံးပြုနိုင်တဲ့ နည်းပရိယာယ်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ရာအတွက် ဆရာဝန်၊ သူနာပြုနဲ့ မိသားစုဝင်တွေကလူနာအပေါ် မှန်ကန်တဲ့ သဘောထားရှိဖို့တော့ လိုအပ်တယ်”

“ဘာကို ဆိုလိုတာလဲ”

သူနာပြုမေရီက ဆက်လက်ရှင်းပြပါတယ်။

“ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါရှင်နဲ့ ကြာရှည်စွာ ထိတွေ့ဆက်ဆံနေရသူက လူနာအပေါ် မှာစိတ်မရှည်ချင်တော့ပါဘူး။ လူနာကို အမှုမထားတော့ဘဲ ပစ်ပယ်ထားတာမျိုး၊ လူနာကို အပြစ်တင်တာမျိုး၊ လူနာက သူ့ရောဂါအကြောင်းပြောရင် စိတ်တိုပြတာမျိုး၊ လူနာအတွက် မျှော်လင့်ချက် မထားတာမျိုး စတဲ့ အပြုအမူတွေနဲ့ တုန့်ပြန်တတ်ကြတယ်။ အဲဒီလိုအပြုအမူမျိုးတွေ မဖော်ပြမိအောင် ကျွန်မ သတိထားပါတယ်။ လူနာခံစားနေရတဲ့ ဝေဒနာကို ကိုယ်ချင်းစာပြီး အသိအမှတ်ပြုပါတယ်။ လူနာက လိမ်ညာပြောနေတာ မဟုတ်ဘူး။ ရောဂါမရှိပေမယ့် ရောဂါဖြစ်လာမှာကို အမှန်တကယ် စိုးရိမ်စိတ်၊ ကြောက်စိတ်ခံစားနေရတာ။ ကျွန်မ အဲဒီလိုသဘောထားပြီး လူနာကိုရှင်းပြတယ်။ ဖျောင်းဖျတယ်။ အားပေးပါတယ်။ အဲဒီလို ဆက်ဆံတာကြောင့် လူနာရဲ့ ယုံကြည်အားကိုးမှုကို ရရှိပါတယ် ဆရာ”

စိတ်ပညာရှင်အရာရှိက ထောက်ခံပြောကြားပါတယ်။

“မေရီပြောတာ မှန်ပါတယ်။ စိတ်ကုထုံးနဲ့ အောင်မြင်စွာကုသနိုင်ဖို့အတွက် လူနာရဲ့ ယုံကြည်အားကိုးမှုကိုရရှိရမှာ ဖြစ်ပါတယ်။ ဒါမှကျွန်တော်အသုံးပြုတဲ့ စိတ်ကုထုံးကို ဆောင်ရွက်နိုင်မှာပါ။
စိတ်ကုထုံးကုနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲမှာ ထိရောက်မှုအရှိဆုံး ကုထုံးကုနည်းသုံးမျိုးကို ကျွန်တော်အသုံးပြုပါတယ်”

“ရှင်းပြပါဆရာ”

“ပထမကုသနည်းကို ‘စိတ်ကူးထဲမှာ ကြောက်စိတ်နဲ့ရင်ဆိုင်စေခြင်း’ (Imaginal Exposure)လို့ခေါ်တယ်။ လုပ်နည်းလုပ်ဟန်ကတော့ ဒီလိုပါ။ လူနာကို သူ့ရောဂါနဲ့ပတ်သက်ပြီး ဇာတ်လမ်းရေးခိုင်းပါတယ်။ ဥပမာ-တွမ်က သူ့မှာ အစာအိမ်ကင်ဆာရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားလာတဲ့ ဇာတ်လမ်းမျိုးကို စဉ်းစားပြီး အကြိမ်ကြိမ်ရေးချခိုင်းမယ်”

ဒီတော့ သူနာပြုမေရီက ဆင်ခြေတက်ပါတယ်။

“အဲဒီလို ပြုလုပ်ခိုင်းရင် ရောဂါကြောက်စိတ်က ပိုပြီး ဆိုးရွားမလာဘူးလား ဆရာ”

စိတ်ပညာရှင်အရာရှိက ဆက်လက်ရှင်းပြတယ်။

“ရောဂါဆိုးရွားမလာပါဘူး။ ရောဂါကြောင့်ကြစိတ်ကိုခံနိုင်ရည်ရှိလာပါတယ်။ ရောဂါကြောက်စိတ်ကိုခံစားတုန့်ပြန်မှုက ထုံလာပါတယ်။ အဆိုးဆုံးကိုလက်ခံနိုင်ရင် ဘာကိုမှ မကြောက်တော့တဲ့ သဘောပါ။”

ကျွန်တော် အသုံးပြုတဲ့ ဒုတိယနည်းကတော့ “အတွေးပုံသဏ္ဍာန်ကိုပြောင်းလဲပေးခြင်း” (Cognitive Restructuring) နည်းဖြစ်ပါတယ်။ တွမ်က သူဗိုက်နာလာရင် သူ့မှာ အစာအိမ်ကင်ဆာရောဂါ ရှိနေပြီလားလို့စဉ်းစားပြီး ကြောက်ရွံ့နေတယ်ဆိုပါတော့။ သူဘာကြောင့် ဒီလိုတွေးပြီးကြောင့်ကြစိတ် ပွားများနေတာလဲလို့ မေးရမယ်။ တွမ်ပြောပြတဲ့ သူရဲ့ထင်မြင်ယူဆချက်တွေ၊ သူအားထားတဲ့အထောက် အထားတွေကိုစာရင်းပြုစုခိုင်းရမယ်။ အဲဒီသူပြောတဲ့ အချက်အလက်တွေ၊ ဆင်ခြေဆင်လက်တွေဟာ ယုတ္တိမတန်တာကိုရှင်းပြဆွေးနွေးပါတယ်။ ဆရာဝန်တွေက ရောဂါရှာဖွေတဲ့အခါမှာ တွေ့ရှိထားတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ချေပဆွေးနွေးပါတယ်။

“ဒီနည်းဟာ ‘စွဲစွဲမြဲမြဲယုံကြည်မှုမှားယွင်းခြင်း’ ကို ကုသတဲ့အခါ အသုံးပြုတဲ့ နည်းပရိယာယ်မျိုးလား”လို့ စာရေးသူက ကြားဖြတ်မေးတယ်။

“မှန်ပါတယ်ဆရာ။ လူနာရဲ့ ယုံကြည်မှုကို တိုက်ရိုက်ဆန့်ကျင်ဝေဖန်တာ မဟုတ်ဘူး။ အဲဒီယုံကြည်ချက်ကို ပံ့ပိုးပေးနေတဲ့ အကြောင်းပြချက်တွေ၊ ဆင်ခြေဆင်လက်တွေကို တစ်ခုချင်းချေပပြောဆိုပြုပြင်ပေးတာ ဖြစ်ပါတယ်။ အိမ်တစ်လုံးကို တွန်းလှဲဖြိုချမယ့်အစား အိမ်တိုင်တစ်ခုစီကို ဖြတ်တောက်ပေးတဲ့ သဘောပါ”

“ကျွန်တော် အသုံးပြုတဲ့ တတိယစိတ်ကုထုံးကတော့ ဝေဒနာကို အသိနဲ့ပကတိအတိုင်း ကြည့်ရှုနေဖို့ လူနာကို လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ ရောဂါကြောင့်ကြစိတ်လွန်ကဲရောဂါမှာ ဝေဒနာရှင်က ဘာကြောင့် စိတ်ဖိစီးမှု ခံစားလာရသလဲ”

“ဘာကြောင့်လဲ ဆရာ”

သူနာပြုမေရီရဲ့ အသံဖြစ်ပါတယ်။

“ရောဂါလက္ခဏာတွေကို ဖျောက်ပစ်ဖို့ ကြိုးစားနေလို့ ဖြစ်တာ။ ရောဂါလက္ခဏာတွေကို စိတ်ခံစားမှုနဲ့ ထပ်ဆင့်တုန့်ပြန်နေလို့ ဖြစ်တာ။ ရောဂါလက္ခဏာကို ပုံကြီးချဲ့ပြီး ဆင်ခြင်စဉ်းစားနေလို့ ဖြစ်တာ။ ဒါကြောင့် ရောဂါလက္ခဏာ ခံစားလာရရင် သတိနဲ့ သိရုံသာ ကြည့်ရှု၊ ရှေ့ဆက်ပြီး မတွေးနဲ့၊ မတုန့်ပြန်နဲ့၊ ထိန်းချုပ်ဖို့ မကြိုးစားနဲ့။ “သတိနဲ့ ကြည့်ရုံသာ ကြည့်ရင် ရောဂါလက္ခဏာတွေ မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်။

အဲဒီနည်းကို Mindfulness Based Therapy လို့ ခေါ်ပါတယ်”

သူနာပြုမေရီက ကျေနပ်တဲ့ အမူအရာနဲ့ နိဂုံးချုပ်ပါတယ်။

“ဆရာတို့ကို ကျေးဇူးတင်ပါတယ်။ တွမ်နဲ့ သူရဲ့ မိသားစုဝင်တွေကို ဆရာ ပြောခဲ့တဲ့ စိတ်ကုထုံးနည်းကို ရှင်းပြရမယ်။ လေ့ကျင့်ဖို့လည်း သင်ကြားပြသပေးပါမယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top