Healthy Life Ad
Life Style

ဘာကြောင့် ကိုယ်အလေးချိန်တက်နေရသလဲ…

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး ။ ဘာကြောင့် ဝိတ်တက်ရပါသလဲ ဆရာ။
ဖြေ ။ ဝိတ်တက်ရတဲ့အကြောင်းရင်းမှာ အဓိကကတော့ အစားအသောက်အနေနဲ့ အဆီအအိမ့်တွေ များများစားတယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာနည်းတယ် . . ဒီလိုလူတွေက ကိုယ်အလေးချိန်များပြီး ဝတတ်ပါတယ်။ တချို့ဆိုရင် အဝလွန်တာတောင် ဖြစ်တတ်ပါတယ်။

မေး ။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေမယ့် ဝိတ်မကျတာက ဘာကြောင့်ပါလဲ ဆရာ။
ဖြေ ။ ခန္ဓာကိုယ်ထဲမှာ လက်ပ်တင်ဟော်မုန်းရှိနေရင် ဦးနှောက်ထဲမှာ ဗိုက်ပြည့်နေတယ်ဆိုတဲ့ သတင်း အချက်အလက်ရောက်ရှိစေပါတယ်။ အဲဒီအခါအစာကို လိုအပ်တာထက် ပိုမစားဖြစ်တော့ပါဘူး။ အကြောင်းကြောင်းကြောင့် ခန္ဓာကိုယ်ထဲမှာ လက်ပ်တင်ဓာတ် ခုခံနိုင်စွမ်းအား(Resistance)ရှိနေရင် ကိုယ်အလေးချိန်မြင့်တက်ပြီး ဝလာတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းတွေက အချိုတွေစားတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဆီအအိမ့်တွေစားတာ၊ ထမင်းများများစားတာတွေပါ။ ဒီအပြုအမူတွေက ခန္ဓာကိုယ်ထဲမှာ လက်ပတင် (Leptin)ဓာတ်ကို လျော့နည်းစေတဲ့အတွက် ဒါတွေကဆက်စပ်ပြီး ဝရတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။

မေး ။ ဒါဆိုရင် အဝလွန်တာ လျော့ကျဖို့အတွက် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။
ဖြေ ။ လက်ပ်တင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးအခြေခံတဲ့ ဆေးဝါးတွေကို တချို့သုတေသနတွေက ထောက်ခံပေမယ့် တချို့သုတေသနတွေကတော့ လက်မခံဘဲ ငြင်းဆန်ထားကြပါတယ်။ အဝလွန်တာကို ကုသရာမှာ သုံးလေ့ရှိတာကို တွေ့ရပါတယ်။

ကိုယ်အလေးချိန် ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းတဲ့အနေနဲ့ အစားအသောက်စားတဲ့အခါ အဆီအအိမ့်၊ အချိုစတာတွေကိုတတ်နိုင်သမျှ လျှော့စားဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားအားကစားကို တစ်နေ့နာရီဝက်လောက် ပြုလုပ်သင့်ပါတယ်။

ပြီးရင် အဆီအအိမ့်အစာ၊ ချိုလွန်းတဲ့အစာ၊ ငန်လွန်းတဲ့အစာတွေကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ စိတ်ဖိစီးမှုကလည်း ဝတာနဲ့ဆက်စပ်နေတဲ့အတွက် စိတ်ဖိစီးမှုကိုလျှော့ချသင့်ပါတယ်။ တခြားကျန်းမာရေးထိခိုက်စေတဲ ့အပြုအမူတွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်အလွန်အမင်း သောက်တာတွေကို ဆင်ခြင်သင့်ပါတယ်။

မေး ။ အဝလွန်တာကြောင့် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ အဝလွန်တာကြောင့် သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။

မေး ။ အိပ်ရေးပျက်တာနဲ့ အဝလွန်တာက ဆက်စပ်မှု ရှိပါသလား ဆရာ။
ဖြေ ။
အိပ်ရေးပျက်တာနဲ့ အဝလွန်တာက ဆက်စပ်မှု ရှိပါတယ်။

မေး ။ မျိုးရိုးအရ အဝလွန်သူတွေက မဝအောင် ဘယ်လိုကြိုတင်ထိန်းသိမ်းသင့်ပါသလဲ ဆရာ။
ဖြေ ။ မဝအောင် အဆီအအိမ့်လျှော့စားပါ၊ အချို လျှော့စားပါ၊ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ပါ။ ထမင်းကို အများကြီး မစားပါနဲ့။ အသီးအရွက်များ များစားပေးပါလို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top