Healthy Life Ad
Life Style

မျက်ခွံတွဲကျခြင်း (Myasthenia)

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး ။ မျက်ခွံတွဲကျတဲ့ရောဂါအကြောင်း သိပါရစေ ဆရာ။
ဖြေ ။ မျက်ခွံတွဲကျတဲ့ရောဂါ (Myasthenia)က အဓိကတော့ ဆရာတို့ မျက်စိအထူးကုဆရာဝန်တွေနဲ့လည်း ဆိုင်တယ်။ ဦးနှောက်နဲ့ အာရုံကြောအထူးကု ဆရာဝန်တွေ (Neurologists)နဲ့လည်း ဆိုင်တယ်။ Myastheniaဖြစ်ရင် တွေ့ရတဲ့ လက္ခဏာက မျက်ခွံ ကကျကျလာပါတယ်။ ဒါကို Ptosis လို့ ခေါ်ပါတယ်။ဒီလို မျက်ခွံကျတာက အချိန်အလိုက် ပြောင်းလဲမှု (Diurnal Variation) ရှိပါတယ်။ ဆိုလိုတာက မျက်ခွံကျတာက မျက်စိညောင်းရင် ပိုဖြစ်တယ်။ မနက်ပိုင်းမှာ ဘာမှ မဖြစ်သေးဘူး။ အလုပ်များရင် များသလို မူတည်ပြီး မျက်ခွံကျတတ်ပါတယ်။ တချို့လူတွေ ကျတော့ ကွန်ပျူတာကို တောက်လျှောက် ထိုင်နှိပ်ရင်း၊ တီဗီအကြည့်များရင်း မျက်ခွံက ညောင်းကျလာပြီး တွဲကျလာတတ်ပါတယ်။

မေး ။ ဘယ်လိုလူနာတွေဆိုရင် မျက်ခွံတွဲကျတဲ့ ရောဂါ ဖြစ်နေနိုင်သလားလို့ သတိထားသင့်ပါသလဲ ဆရာ။
ဖြေ ။ ဆရာတို့က မေးလိုက်လို့ မနက်ပိုင်းမှာ မျက်စိက အကောင်းပဲ၊ ညနေဘက်ကျမှမျက်ခွံကျတာ ပိုဆိုး လာတယ်လို့ပြောရင် မျက်ခွံကျရောဂါ (Myasthenia)များရှိနေသလားဆိတာကို သတိထားရပါတယ်။ မျက်ခွံကျရောဂါဆိုတာ ကြွက်သားကို ထောက်ပံ့ပေးထားတာက နာ့ဗ်ကြော(nerve)ရှိတယ်။ ကြွက်သား နဲ့ နာ့ဗ်ကြောကြားမှာ Neuromuscular Junction ဆိုတာရှိတယ်။ အဲဒီ Junction မှာ ပြဿနာရှိရင် ဒါမှမဟုတ် မျက်စိအလုပ်လုပ်တာကြာလာရင် ကြွက်သားတွေက ညောင်းလာပြီး မျက်ခွံကညောင်းလာပါတယ်။ အဲဒီလို ညောင်းလာတဲ့အချိန်မှာ မျက်ခွံက တွဲကျလာတတ်ပါတယ်။ ဒါကို မျက်ခွံကျရောဂါလို့ ခေါ်တာပါ။ မျက်ခွံမှာရှိတဲ့ ကြွက်သားတွေမှာဖြစ်ရင် မျက်ခွံကျတတ်ပါတယ်။ မျက်လုံးရဲ့ အပြင်ဘက် ကြွက်သား (Extra-muscular Muscles) တွေမှာ ဖြစ်ရင် မျက်လုံးက အဲဒီဘက်မှာ အလုပ်မလုပ်ဘူး။ ဒါဆိုရင် မျက်လုံးက အဲဒီဘက်ကို မရွေ့တော့ပါဘူး။ အဲဒီအခါ လူတစ်ယောက်ကို ကြည့်ရင် ပုံရိပ် နှစ်ရိပ် တွေ့တာတို့ ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း မျက်စိက စွေသလိုလို ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ လူနာကို မျက်စိမှိတ်ပြီး အနားယူခိုင်းလိုက်ပါတယ်။ အဲဒီလိုလုပ်ပေးလိုက်ရင် သက်သာသွားတာလည်း ရှိပါတယ်။

မေး ။ မျက်ခွံတွဲကျရောဂါဆိုတာ ပိုပြီး သေချာအောင် ဘယ်လို စမ်းသပ်နည်းတွေကို ပြုလုပ်ပေးလေ့ရှိပါသလဲ ဆရာ။
ဖြေ ။ တစ်ခါတလေကျတော့ လူနာကို ရေခဲတုံးစမ်းသပ် မှု(Ice Test)လုပ်ခိုင်းကြည့်ပါတယ်။ မျက်စိကို မှိတ်ပြီး မျက်လုံးပေါ်ကို ရေခဲတုံး တင်ထားခိုင်းလိုက်ပါတယ်။ ပြီးမှ မျက်စိကို ပြန်ဖွင့်ခိုင်းလိုက်ပါတယ်။ မျက်ခွံတွဲကျတာက သက်သာသွားတယ်ဆိုရင် ဒါက မျက်ခွံတွဲကျရောဂါဆိုတာကို မှန်းဆနိုင်ပါတယ်။ ဒီထက်ပိုပြီး တိကျတဲ့ ဆေးနဲ့ စမ်းသပ်တဲ့ နည်းတွေလည်း ရှိပါသေးတယ်။

မေး ။ မျက်ခွံတွဲကျလူနာတွေက မျက်စိအထူးကုဆရာဝန်တွေဆီကို လာပြတာများပါသလား ဆရာ။
ဖြေ ။ မျက်ခွံကျရောဂါရှိတဲ့ လူနာတွေက ဆရာတို့ဆီလည်းလာပြပါတယ်။ အာရုံကြောအထူးကုတွေဆီလည်းသွားပြကြပါတယ်။ ဆရာတို့ဆီ ရောက်ရင်တော့ဆရာတို့က လူနာကို အရင်ဆုံးစမ်းသပ်လိုက်ပါတယ်။ မျက်ခွံတွဲကျရောဂါလို့ ထင်ရင် လွှဲပေးလိုက်ပါတယ်။ တကယ်တော့ ဖြစ်တဲ့ ရောဂါက အာရုံကြော နဲ့ဆိုင်ပေမယ့် ဖြစ်ပုံက မျက်စိနည်းနည်း စွေသွားတာကို ကာယကံရှင်လူနာကမသိပါဘူး။ ဘေးကလူတွေက သိတာများလို့ ရောက်လာတာပါ။ လူနာရောက်လာလို့ ဆရာတို့က History(ရောဂါရာဇဝင်) မေးလိုက်ပါတယ်။ မနက်ပိုင်းမှာ မျက်စိက ကောင်းနေရာကနေ ညနေပိုင်းရောက်ရင် မျက်စိက ညောင်းကျသွားတယ် ဆိုရင်လိုအပ်တာတွေ စမ်းသပ်လိုက်ပါတယ်။ မျက်ခွံတွဲကျရောဂါဆိုတာ သေချာရင် ဦးနှောက်နဲ့ အာရုံကြောဌာနကို လွှဲပေးလိုက်ပါတယ်။ အခြေခံအကြောင်းရင်းက အာရုံကြောနဲ့ ဆိုင်တာ ဖြစ်နေလို့ပါ။

မေး ။ မျက်ခွံတွဲကျတာနဲ့ ပတ်သက်ပြီး ဆရာတို့အနေနဲ့ အဓိက ဘယ်လိုဆောင်ရွက်မှုလုပ်ပေးပါသလဲဆရာ။
ဖြေ ။ မျက်ခွံတွဲကျတာနဲ့ ပတ်သက်လို့ ဆရာတို့က အဓိက ရောဂါ ရှာဖွေတာပါပဲ။ ဥပမာပြောရရင် မျက်စိ မှုန်တယ်ဆိုပြီး ရောက်လာတဲ့ လူနာကို စမ်းလိုက်လို့ ဆီးချိုသွေးချိုရောဂါကြောင့် မှုန်တာလို့ သိရင် ဆီးချို ရောဂါအထူးကု ဆရာဝန်ဆီကို လွှဲပေးလိုက်သလိုမျိုးပါပဲ။ ဒါပေမဲ့ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ Retinopathy ကိုတော့ ဆရာတို့ ကုသမှုပေးပါတယ်။ ဒီလိုပဲ မျက်ခွံတွဲကျတာကိုလည်း သက်ဆိုင်ရာအာရုံကြော အထူးကုကို လွှဲပေးလိုက်ပါတယ်။ မျက်စိစွေတာတို့ ဘာတို့ကလည်း ယာယီပါပဲ။ မျက်ခွံတွဲကျတာကို ကုသလိုက်ရင် အလိုလို ပြန်ကောင်းသွားပါတယ်။

မေး ။ မျက်ခွံတွဲကျတာ ဆိုးဆိုးဝါးဝါးဖြစ်ရင် ဘယ်လို ကုသမှု ပေးနိုင်ပါသလဲ ဆရာ။
ဖြေ ။ ပြောစရာတစ်ခုရှိတာက အများအားဖြင့် မျက်ခွံတွဲကျရင် တစ်ဖက်တည်းဖြစ်ပေမယ့်

တစ်ခါတစ်ရံ နှစ်ဖက်စလုံး မျက်ခွံတွဲကျတဲ့အခြေအနေ (Bilateral Ptosis)ဆိုရင် မနက်ပိုင်းမှာအခြေအနေကောင်းပေမယ့် ညနေပိုင်းမှာ မျက်ခွံနှစ်ဖက်စလုံးကျသွားပါတယ်။ တချို့လူတွေမှာ အတော်ဆိုးဆိုးရွားရွားဖြစ် တတ်တယ်။ အထူးသဖြင့် မိန်းကလေးတွေလှလည်း လှချင်တယ်။ မျက်ခွံနှစ်ဖက်စလုံးကလည်း တွဲကျနေတယ်ဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်၊

လှချင်တယ်ဆိုရင် Levator Sling ဆိုတဲ့ ပစ္စည်းကို မျက်စိနှစ်ဖက်စလုံးထည့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒါမျိုးက ဆရာတို့လုပ်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ မျက်ခွံတွဲကျရောဂါက ဆေးပေးလိုက်ရင် ၉၉ ရာခိုင်နှုန်းက တုန့်ပြန်မှု အားကောင်းနေတာကြောင့်ပါ။ တချို့ ကုမ္ပဏီဝန်ထမ်းတွေကတော့ မျက်ခွံတွဲကျနေတာက လုပ်ငန်းခွင်မှာ မတင့်တယ်ဘူး၊ အစည်းအဝေးလုပ်နေတုန်း မျက်ခွံတွဲကျရင် ငိုက်တယ် လို့ထင်နေတယ်၊ အဲဒီတော့ ရာထူးတိုးဖို့ ဘာညာ စဉ်းစားလာရတယ် ထင်ပါတယ်။ အလုပ်အကိုင်အပေါ်လည်း သိပ်အနှောင့်အယှက်ဖြစ်တယ်၊ အလှလည်း ပျက်တယ်.. စသဖြင့် ပြောလာခဲ့ရင်တော့ ရှားရှားပါးပါးအခြေအနေမျိုးမှာ Levator Sling ကို ထည့်ပေးပါတယ်။ ဒါက ခွဲစိတ်ရမယ့် အခြေအနေလည်း မဟုတ်တာကြောင့် လူနာက အဆင်မပြေလို့ ထည့်ပေးပါလို့ တောင်းဆိုလွန်းမှသာ လုပ်ပေးပါတယ်။ ဒါက လုပ်ငန်းခွင် အဆင်ပြေအောင် ယာယီ အခိုက်အတန့်လုပ်ပေးလိုက်တဲ့ သဘောမျိုးပါ။ ဒီဟာထည့်ထားရင်းနဲ့ အာရုံကြောအထူးကု ဆရာဝန်နဲ့ ဆက်ပြပြီး ဆေးသောက်ရင်း မျက်ခွံတွဲကျတဲ့ရောဂါ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ကုသရပါမယ်။

မေး ။ မျက်ခွံတွဲကျတဲ့ ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ မျက်ခွံတွဲကျတာက ရောဂါအခြေအနေပေါ် မူတည်ပြီး တချို့လူနာတွေ ဆိုရင် တစ်ညနေလုံး မျက်ခွံတွဲကျချင်ကျနေတတ်ပါတယ်။ အိပ်လိုက်မှ မျက်ခွံတွေက အနားရပြီး ပြန်လည်သက်သာသွားတတ်ပါ တယ်။ ဆရာတို့ကတော့ ဒီလိုလူနာတွေကို အလုပ်မှာ တစ်နာရီလောက်ကြာတိုင်း အချိန် ငါးမိနစ်-ခြောက် မိနစ်လောက် မျက်စိမှိတ်ပြီး မျက်စိကြွက်သားတွေကို အနားပေးဖို့ အကြံပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ လူနာ အများစုက မျက်စိကို ပုံမှန်နားပေးဖို့ကို မလိုက်နာတတ်ကြပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top