Healthy Life Ad
Life Style

နှစ်လသမီးမှာဖြစ်ခဲ့တဲ့ အာရုံကြောဆိုင်ရာကင်ဆာ ကုသအောင်မြင်ထားတဲ့ ရှင်မိုးဝေ ငါးနှစ်ပြည့်ပြီ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ ကိုအောင်မျိုးဝင်းနှင့် မဆွေဇင်မိုးတို့၏ ၃၁-၇-၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့သော ဒုတိယသမီးလေး ရှင်မိုးဝေသည် ၁၀လပိုင်း တစ်ရက်နေ့တွင် ဦးခေါင်းညာဘက် နားထင်၌ မကျည်းသီးစေ့အရွယ် အကျိတ်လေး စပေါ်ခဲ့သည်။

“သမီးလေးက နို့စို့ပြီးရင်အန်တယ်။ အန်တာမှ ရေပိုက်ဖွင့်လိုက်သလို တဝေါဝေါနဲ့ အန်တာ။ အဲဒီလို အန်ပေမယ့် ကလေးက ကိုယ်အလေးချိန် မကျဘူး၊ ဖွံ့တယ်။ ဒီလိုနဲ့သမီးငယ်ရဲ့နားထင်မှာ မကျည်းသီးစေ့အရွယ် အကျိတ်လေးတွေ့တော့ ဆေးမြီးတိုလေးတွေနဲ့ လိမ်းပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့ထင်သလို ပျောက်မသွားဘဲ အကျိတ်လေးက နည်းနည်းကြီးလာခဲ့တယ်။ ဒီတော့ အရိုးအကြောအဆစ်အထူးကု ဆရာဝန်တစ်ဦးဆီမှာ သွားပြလိုက်တယ်။

ဆရာက အရိုးမှာ အသားနုထွက်တယ်လို့ ပြောပေမယ့် ထပ်ကြီးလာပြန်တယ်။ ဒါနဲ့ မြစ်ကြီးနားဆေးရုံကိုသွားပြတော့ ခွဲစိတ်ဆရာဝန်နဲ့ပြဖို့ လွှဲလိုက်ပါတယ်။ ဆရာက “အကျိတ်ကို ခွဲရမှာ။ ဒါပေမဲ့ ကလေးက အခုမှ နှစ်လပဲရှိသေးတော့ မြစ်ကြီးနားမှာခွဲလို့မရဘူး၊ အောက်ပိုင်းကိုသွားပြီး ခွဲရမယ်လို့ပြောတယ်”ဟု သမီးငယ်လေး ရှင်မိုးဝေ၏ ကင်ဆာခရီးလမ်းအစကို မိခင်ဖြစ်သူ မဆွေဇင်မိုးက ပြန်လည်ပြောပြခဲ့သည်။

ကိုအောင်မျိုးဝင်းနှင့် မဆွေဇင်မိုးတို့သည် လသားအရွယ် သမီးလေးနှင့်အတူ မန္တလေးကိုသွားခဲ့ရာ ကလေးက ငယ်လွန်းသဖြင့် ခွဲစိတ်ရန် အဆင်မပြေသေးကြောင်းပြောရာ ကြားထဲတွင် အကျိတ်က ထောပတ်သီးအရွယ်လောက် ကြီးလာတော့သည်။ သို့ဖြစ်ရာ ကလေးအသက် လေးလအရွယ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနမှ ဒေါက်တာဦးခင်မောင်လွင်က ရှင်မိုးဝေ၏ ဦးခေါင်းအကျိတ်ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

“ခွဲပြီး စစ်လိုက်တော့ Neuroblastoma အဆင့် (၄)လို့သိရပါတယ်။ ဒါနဲ့ ကင်ဆာဌာနက ဆရာမကြီး ဒေါ်ရီရီကျော်ဆီပြန်လွှဲပေးပါတယ်။ ဆရာမကြီးက ကုရင်လည်း ခြောက်လလောက်တော့ခံမယ်၊ မိဘကြိုးစားမှု၊ ကလေးရဲ့ ကံအပေါ်တော့ မူတည်ပါတယ်လို့ ကျွန်မအမျိုးသားကို ပြောပါတယ်။ အမျိုးသားက ပြန်မပြောပေမယ့် ကျွန်မသိနေပါတယ်”ဟု မဆွေဇင်မိုးက ဆိုသည်။

Neuroblastoma ဆိုသည်မှာ ကလေးဘဝတွင် ဖြစ်လေ့ရှိသော အာရုံကြောအစဦး ဆဲလ်များမှဖြစ်သည့် ကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ “အဲဒီအချိန်မှာ ကျွန်မယုံတောင်မယုံဘူး။ ကင်ဆာဆိုတာ မျိုးရိုးထဲမှာလည်းမရှိဘူး။ ကင်ဆာဌာနကို သွားပါဆိုလို့ ရောက်သွားမှ ကင်ဆာဆိုတာသိတော့တယ်။ ဒါပေမဲ့ ကျွန်မမငိုခဲ့ပါဘူး။ ငိုရင်လည်းပျောက်မှာမှမဟုတ်တာဆိုပြီး လုပ်ရမယ့်အရာကိုလုပ်မယ်၊ ကြိုးစားမယ်ဆိုပြီး အားတင်းလိုက်ပါတယ်။ တခြားလူနာတွေတွေ့တော့ ငါ့သမီးလေး တစ်ယောက်တည်း မဟုတ်ဘူးဆိုပြီး အားတက်သွားပါတယ်။

အဲဒီအချိန်မှာငိုချင်တာပေါ့။ ဒါပေမဲ့ ကျွန်မ မငိုခဲ့ဘူး။ ငိုတော့ ငိုချင်တယ်။ အခုလည်း ငိုချင်တယ်။ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ ငိုတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကမငိုခဲ့ဘူး။ နို့တိုက်မိခင်က ကျွန်မဖြစ်နေတဲ့အတွက် ကျွန်မကိုယ်တိုင် စိတ်ဓာတ်ကျလို့မရဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပါတယ်။ ဆေးရုံမှာ တခြားကလေးမိဘတွေကို တွေ့ပါတယ်။ သူတို့က ငိုကြ၊ စိတ်ဓာတ်ကျကြတယ်။ သူတို့ကိုလည်း တတ်နိုင်သမျှ အားပေးဖြစ်တယ်။ ကျွန်မကတော့ ကိုယ်စိတ်ဓာတ်ကျနေရင် ကလေးလည်း စိတ်ဓာတ်ကျမယ်ထင်လို့ ပျော်ပျော်ပဲနေခဲ့ပါတယ်။ အစတုန်းက သိပ်မဝဘူး။ ကလေးကို ဆေးကုနေတဲ့ အတောအတွင်း ကျွန်မဝလာတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မစားရင် မဖြစ်ဘူးဆိုပြီး စားတယ်၊ စားမှ၊ စိတ်ဓာတ်မကျမှ မိခင်နို့များများထွက်မှာဆိုပြီး ကျွန်မစားတယ်။ ပြောရရင် ကချင်ပြည်နယ်ကဆိုတော့ ကျွန်မတို့က ဆန်ကို စေးနေမှ စားတတ်တာ။ အဲဒီတုန်းက ဆန်ဖွာဖွာတွေပဲရှိတော့ ရအောင်စားပါတယ်။ အားတင်းခဲ့ပါတယ်”ဟု မဆွေဇင်မိုးက သမီးလေး၏ ကင်ဆာရောဂါအတွက် မိခင်တစ်ဦးအနေဖြင့် မည်သို့ မည်ပုံကျော်လွှားခဲ့သည်ကို ပြန်လည်ပြောပြခဲ့သည်။

သမီးလေး ရှင်မိုးဝေမှာ ကင်ဆာဆေး ၁၀ ကြိမ် သွင်းခဲ့ရကြောင်း သိရသည်။ “ကင်ဆာဆေးကို ၁၀ ကြိမ်သွင်းရပါတယ်။ ကလေးက ကင်ဆာဆေးသွင်းတဲ့တစ်ခေါက်မှာ အသည်းအသန်ဖြစ်ပြီး ပစ်လိုက်ရမလို ဖြစ်သွားသေးတယ်။ အဲဒီအနေအထားကနေ ပြန်ကောင်းလာပါတယ်။ ကလေးက အရမ်းငယ်သေးတော့ မိဘတွေရဲ့ပံ့ပိုးမှုနဲ့ အားကောင်းလာပါတယ်။ ကလေးကို ထမင်းဖြူရအောင်ဝယ်ပြီး ဆန်ခါနဲ့ခြစ်ပြီး ရလာတဲ့အနှစ်ကို ကျွေးတယ်။ မုန်လာဥနီကို ရတဲ့အခါ ပြုတ်ပြီးကျွေးပါတယ်။ မိခင်နို့တိုက်တယ်။ မိခင်နို့ကိုလည်း ကလေးက မစို့နိုင်တော့ နို့ကိုညှစ်ပြီး ဆေးထိုးပြွန်နဲ့ ဘယ်လောက်ပမာဏဝင်တယ်ဆိုတာမှတ်ပြီး ရအောင်တိုက်ပါတယ်။

ဆရာဝန်တွေကလည်း ထူးထူးခြားခြား မမှာပါဘူး။ ကလေးက နို့စို့အရွယ်မှာ ဖြစ်တာဆိုတော့ မိခင်နို့ကိုပဲ ရအောင်တိုက်ခိုင်းပါတယ်။ Ready-made မကျွေးချင်လို့ ကိုယ့်ဘာသာ ထမင်းဖြူကို အနှစ်ရအောင် လုပ်ကျွေးတာပါ”ဟု မဆွေဇင်မိုးက ကင်ဆာဆေးသွင်းချိန်တွင် သမီးငယ်အား ပြုစုစောင့်ရှောက်ပေးခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည်။

သမီးလေး ရှင်မိုးဝေ အသက်တစ်နှစ်ပြည့်ချိန်တွင် ကင်ဆာဆေး ၁၀ ကြိမ်သွင်းပြီးခဲ့ကြောင်း၊ နောက်ပိုင်း ခြောက်လတစ်ကြိမ် ခြောက်ကြိမ်ပြန်ချိန်းခဲ့ရာ မှန်မှန်ပြခဲ့ရကြောင်းနှင့် ယခုအခါ ကျန်းမာနေကြောင်း သိရသည်။ “မန္တလေးမှာ ဆရာမကြီးဒေါ်ရီရီကျော်နဲ့ ပြန်ပြရပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ နောက်ဆုံးအခေါက် စစ်တဲ့အခါမှာ ကလေးရဲ့နှလုံးက ကြီးနေတယ်လို့ သိရပါတယ်။ စိုးရိမ်စရာမရှိပေမယ့် အမောမခံခိုင်းနဲ့၊ မလန့်စေနဲ့၊ ဖြစ်နိုင်ရင် ဖုန်အရမ်းများတဲ့နေရာ၊ လူထူထပ်တဲ့နေရာတွေကို မခေါ်သွားနဲ့လို့ မှာလိုက်ပါတယ်” ကင်ဆာဆေးသွင်းချိန်တွင် မန္တလေးမြို့တွင်သာ လနှင့်ချီပြီး နေထိုင်ခဲ့ရသော မဆွေဇင်မိုးတို့ ဇနီးမောင်နှံသည် သမီးကြီးကို အဘွား၊ အဒေါ်တို့ထံ အပ်နှံထားခဲ့ရကြောင်း သိရသည်။

“သမီးကြီးက ငါးနှစ်၊ မူကြိုတက်တဲ့အချိန်ဆိုတော့ မြစ်ကြီးနားမှာပဲ အဘွားနဲ့ အဒေါ်ဆီမှာ ထားခဲ့ပါတယ်”

ယခုအခါ ဦးအောင်မျိုးဝင်းနှင့် ဒေါ်ဆွေဇင်မိုးတို့သည် ကျန်းမာနေသော သမီးလေးနှစ်ဦးနှင့်အတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆေးဆိုင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရင်း ပျော်ရွှင်အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။

“သမီးလေးကို ကင်ဆာဆေးသွင်းပြီး နောက်ပိုင်းကျမှ Pedisure ကျွေးဖြစ်ပါတယ်။ အစ်ကိုတစ်ယောက်ကပြောလို့ သင်္ဘောရွက်ကိုကြိတ်ပြီး ဆေးထိုးပြွန်နဲ့ သုံးစီစီဝင်အောင် တိုက်ပါတယ်။ အဲဒီအရည်ကိုလည်း ၄၅ရက် တိုက်ခဲ့ပါတယ်။ ပြီးတော့ ထမင်းကျွေးတယ်၊ မုန်လာဥနီ(ခါကြက်ဥ၊ ပန်းမုန်လာ)ပြုတ်ပြီး စားခိုင်းပါတယ်။ အခုကြီးလာတော့ ကလေးကို မုန့်စားတော့မယ်ဆိုရင် မြေထောက်ပဲလေးတွေပြုတ်ပြီး ကျွေးပါတယ်။

ကလေးက အခုကျန်းမာတယ်။ ဒါပေမဲ့ ရာသီဥတုအေးတယ်၊ မိုးအေးတယ်ဆိုရင် ကလေးရဲ့ခြေထောက်က ကိုက်ခဲတယ်။ အဲဒီလို ခြေထောက်ကိုက်တယ်ဆိုရင် ရေနံဆီ၊ မုန်ညင်းဆီ စတာတွေရောထားတဲ့ ဆေးလေးလိမ်းပေးရတယ်၊ နှိပ်ပေး၊ နယ်ပေးရပါတယ်”ဟု ကင်ဆာကုသအောင်မြင်ပြီးနောက်ပိုင်း သမီးလေး ရှင်မိုးဝေအား ပြုစုစောင့်ရှောက်ပေးနေပုံကို ပြောကြားခဲ့သည်။

သမီးလေး ရှင်မိုးဝေ ကင်ဆာကုသအောင်မြင်ခြင်းနှင့် ပတ်သက်၍-

“မန္တလေး ခုတင် (၃၀ဝ)ဆံ့ ဆေးရုံကြီး၊ ကင်ဆာဌာနက ဆရာမကြီးဒေါ်ရီရီကျော်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီဌာနတစ်ခုလုံးက ဆရာဝန်တွေ၊ စစ္စတာတွေ၊ သူနာပြုတွေအစ သန့်ရှင်းရေးအဆုံး မိသားစုလိုပဲ နွေးထွေးတယ်။ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ကင်ဆာဆိုတာ ရောဂါဆိုးကြီးပါ။ သူတို့က နွေးနွေးထွေးထွေးနဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက် စိတ်ချမ်းသာခဲ့ရပါတယ်။

ကျွန်မတို့ကလည်း အပြင်ကဆေးတွေ ဘာမှမလုပ်ဘူး။ ဆေးရုံကပေးတဲ့ ဆေးနဲ့ပဲ ကုသခဲ့တာပါ။ တစ်အိမ်လုံးကော ဆွေမျိုးတွေကော ဝိုင်းအားပေးကြတယ်။ ဘုရားဆီမှာလည်း ဆုတောင်းပါတယ်။ ဒီလိုအဖက်ဖက်က ဝိုင်းဝန်းကူညီအားပေးခဲ့ကြ၊ ဆုတောင်းပေးခဲ့ကြတဲ့အတွက် သမီးလေး ပြန်လည်ကျန်းမာလာတယ်လို့ ထင်ပါတယ်။

တခြားမိဘတွေကိုလည်း ပြောချင်တာက ဆေးမြီးတိုတွေကို လုံးဝမသုံးပါနဲ့။ ဆေးရုံမှာ ကုသမှုကိုအတိအကျ ကုသမှုခံယူပြီးမှသာ ကျန်တာတွေလုပ်ချင်ရင် ဆက်လုပ်စေချင်ပါတယ်။ ပြီးတော့ စိတ်ဓာတ်မကျဘဲ အားတင်းရင်ဆိုင်ပါ၊ ဒါဆိုရင် ကုသအောင်မြင်မှာပါ . . .

ကျွန်မကတော့ သမီးလေးမျက်နှာကိုပဲကြည့်ပြီး အားတင်းပါတယ်။ ပြီးတော့ ဆုတောင်းပါတယ်။ မိသားစုလိုက် ဆုတောင်းပါတယ်။ သမီးလေးကလည်း အရမ်းခံနိုင်ရည်ရှိပါတယ်။ သူက ခွဲခန်းထဲက ထွက်တဲ့အချိန်မှာလည်း ဒုက္ခမပေးခဲ့ပါဘူး။ မျက်လုံးတွေရောင်နေရင်တောင် ကျွန်မကို ဒုက္ခမပေးခဲ့ဘူး။ တခြားမိဘတွေကိုလည်း ပြောချင်တာက ဆေးမြီးတိုတွေကို လုံးဝမသုံးပါနဲ့။ ဆေးရုံမှာ ကုသမှုကို အတိအကျ ကုသမှုခံယူပြီးမှသာ ကျန်တာတွေလုပ်ချင်ရင် ဆက်လုပ်စေချင်ပါတယ်။ ပြီးတော့ စိတ်ဓာတ်မကျဘဲ အားတင်းရင်ဆိုင်ပါ၊ ဒါဆိုရင် ကုသအောင်မြင်မှာပါလို့ အကြံပြုချင်ပါတယ်”ဟု မဆွေဇင်မိုးက အကြံပေးစကား ပြောကြားခဲ့ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top