Healthy Life Ad
Life Style

မျက်သားတက်ခြင်းအကြောင်း

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး။ ။ မျက်သားတက်ခြင်းအကြောင်း သိပါရစေ ဆရာ။
ဖြေ။ ။ မျက်ကြည်လွှာနဲ့ မျက်မြှေး(Conjuctiva)ကြား ခြားတဲ့နေရာကို Lim-bus လို့ခေါ်ပါတယ်။ အဲဒီနယ် နိမိတ်ကို မကျော်ရဘူး။ တကယ်လို့ကျော်လာရင် မျက်သားက မျက်ကြည်လွှာကို ဖုံးအုပ်လာတယ်။ ဒီတော့ မြန်မာဝေါဟာရအနေနဲ့ မျက်သားတက်တယ်လို့ခေါ်တာ မှန်ပါတယ်။ မျက်မြှေးမှာ Sub-epithelial Degeneration of Conjunctiva ဖြစ်ရင် မျက်သားက တက်လာတတ်ပါတယ်။ ဘာကြောင့် Sub-epithelial Degeneration of Conjunctiva ဖြစ်ရသလဲဆိုတာ ဘယ်သူမှ ဂဃနဏမသိကြသေးပါ ဘူး။ ဖြစ်နိုင်တယ်လို့ ယူဆထားတာက ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်ဖြစ်ရတယ်လို့ ယူဆထားပါတယ်။

မေး။ ။ မျက်သားတက်တာက ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားတာ ဘာကြောင့်ပါလဲ ဆရာ။
ဖြေ။ ။ ဘာလို့ ဒီလိုယူဆထားသလဲဆိုတော့ အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ အလုပ်သမားတွေမှာ အဖြစ်များလို့ပါ။ လယ်သမားတွေ၊ ရေလုပ်သားတွေဖြစ်တာများတယ်။ ရေလုပ်သားတွေဆိုရင် အောက်မှာက ရေပြင်ကြီး၊ အပေါ်မှာက နေရောင်ခြည်ကျရောက် နေတဲ့ကောင်းကင်ကြီးရှိနေတယ်။ ဒီလို လူတွေ ဖြစ်တာများတယ်။ နေရောင်နဲ့လည်း ထိတွေ့နေမယ်။ ဒါ့အပြင်လေကလည်း တအားတိုက်မယ်။ တိုက်တဲ့ လေမှာလည်း သဲမှုန့်လေးတွေပါတယ်။ ဒီလိုဖြစ်တတ်တဲ့ အညာဒေသက လူတွေ မျက်သားတက်တတ်သလို အေးလွန်းတဲ့ဒေသကလူတွေမှာလည်း လေထဲဖုန်မှုန့်တွေပါတာကြောင့် မျက်သားတက်တတ်တယ်လို့ ယူဆပါတယ်။

မေး။ ။ မျက်သားတက်ပြီဆိုရင် ဘယ်လိုကုသမှုပေးလေ့ ရှိပါသလဲ ဆရာ။
ဖြေ။ ။ မျက်သားတက်ပြီဆိုရင် စောင့်ကြည့်ပါတယ်။ ကုသနည်းကတော့ မျက်သားတက်တာကို ခွာပါတယ်။ ဒါကို Excite လုပ်တယ်လို့ခေါ်ပါတယ်။ ဒီမှာလည်း အခက်အခဲတွေရှိပါတယ်။ ဆေးပညာလောက တစ်ခုလုံးမှာ စိန်ခေါ်မှုတွေရှိနေပါတယ်။ ဆိုလိုတာက ရောဂါက ရှေ့ကပြေးရင် ဆရာတို့က နောက်က လိုက်ရပါတယ်။ ရောဂါရှေ့ကနေ ဆေးပညာရှင်တွေက ဦးအောင်ရှေ့ကသွားနိုင်တယ်ဆိုတာ ဘယ်ခေတ်မှာ မှမရှိခဲ့ပါဘူး။ နောက်တစ်ချက်က ရောဂါတစ်ခုမှာ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျသိတယ်ဆိုရင် ကောင်းကောင်းထိန်းချုပ်ပြီး ကုသလို့ရပါတယ်။ အခုတော့ မျက်သားတက်တာမှာ ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိတာကြောင့် မျက်သားတက်ရင် ခွာလိုက်တယ်။ ဒီလို ရိုးရိုး Excite လုပ်ရုံပဲဆိုရင် မျက်သားပြန်တက်ဖို့က ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် မျက်သားကို ခွာပြီး မျက်မြှေးကို Block လုပ်ရပါတယ်။ ဒီလိုလုပ်ရင်တောင်မှ ပြန်ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းက ၂-၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။

မေး။ ။ မျက်သားတက်တာက သေးငယ်နေသေးတဲ့အချိန်မှာစောစောခွာထုတ်ရင်ကော ကောင်းနိုင်ပါသလား ဆရာ။
ဖြေ။ ။ မျက်သားတက်တာမှာ သေးသေးလေး ဖြစ်နေတဲ့ အချိန် ခွာထုတ်လိုက်ရင် ပိုကြီးလာတတ်ပါတယ်။ ဒါကြောင့် ဆရာတို့ကသေးနေတဲ့အချိန်မှာ ဘယ်တော့မှ မျက်သားခွာလေ့မရှိပါဘူး။ မျက်သားကမျက်မြှေးကို လာအုပ်နေပြီဆိုမှ ခွာတယ်၊ ပြီးမှ မျက်မြှေးကို Block လုပ်ရပါတယ်။

မေး။ ။ ဒီလို ကုသပြီးရင်ကော အခြေအနေကောင်းသွားနိုင်ပါသလား ဆရာ။
ဖြေ။ ။ ဒီလို ကုသမှုပြီးသွားတဲ့အခါမှာလည်း လူနာရှင်တွေကို ရာနှုန်းပြည့် အာမခံလို့မရပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်မျက်စိခွဲစိတ်ဆရာဝန်မှ၊ ဘယ်ဌာနမှ မျက်သားတက်တာကို ခွာထုတ်ကုသမှုပြီးရင် ရာနှုန်းပြည့်ကောင်းပါမယ်လို့ အာမမခံနိုင်ပါဘူး။

မေး။ ။ မျက်သားတက်တာက မျက်စိနှစ်ဖက်စလုံးမှာ ဖြစ်နေရင် တစ်ပြိုင်နက်ခွာထုတ်ပြီး ကုသလို့ရပါသ လားဆရာ။
ဖြေ။ ။ မျက်စိနှစ်ဖက်စလုံးမှာ မျက်သားတက်နေရင် နှစ်ဖက်စလုံးတစ်ပြိုင်နက် ကုသမလား၊ တစ်ဖက်ပြီး မှတစ်ဖက် ကုသမလားဆိုတဲ့ ရွေးချယ်မှုက ဆရာဝန် တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဆရာဆိုရင်တော့ မျက်စိ နှစ်ဖက်စလုံးကို တစ်ပြိုင်နက် မကုသပါဘူး။ ဘာလို့ မျက်စိနှစ်ဖက်စလုံးကို တစ်ပြိုင်နက် မကုသသလဲ ဆိုတော့ ပထမဆုံးက ကူးစက်ပိုးဝင်မှုကို ကြောက်လို့ပါ။ ဥပမာ လက်ချောင်းထိပ်မှာ ပိုးဝင်သွားရင် လက်ချောင်းထိပ်ကို ညှစ်ထုတ်လိုက်တာနဲ့ သက်သာသွားတယ်။ သိပ်မကြာခင် အနာကျက်သွားပါလိမ့်မယ်။ မျက်စိကျတော့ ပိုးဝင်သွားရင် အဲလို လုပ်လို့မရပါဘူး။ မျက်စိထဲပိုးဝင်ရင် ဆေးပေးရပြီး မျက်စိရေထုထဲ ဆေးက ဘယ်လောက်အတိုင်းအတာထိ ရောက်သွားသလဲဆိုတာကို တိုင်းတာရပါတယ်။ အဲဒီလို ပိုးဝင်ပြီး မျက်စိရဲ့အမြင်အာရုံဆုံးရှုံးမှုလည်း ဖြစ်နိုင်ခြေရှိနေတယ်။ သာမန်မျက်သားခြစ်တာလေးနဲ့ မျက်စိ ရဲ့အမြင်အာရုံဆုံး ရှုံးမှုဖြစ်ရင် လူနာနဲ့ လူနာရှင်တွေမှာ တော်တော်ခံစားရတတ်ပါတယ်။ ဒါကြောင့် အဲလို Risk (ဆိုးကျိုး)တွေကြောက်လို့ မျက်စိနှစ်ဖက်စလုံးကို တစ်ပြိုင်နက်ကုသမှု မခံယူတာပါ။

မျက်စိနှစ်ဖက်စလုံးမှာ မျက်သားတက်နေရင် နှစ်ဖက် စလုံးတစ်ပြိုင်နက်ကုသမလား၊ တစ်ဖက်ပြီးမှ တစ် ဖက် ကုသမလားဆိုတဲ့ရွေးချယ်မှုက ဆရာဝန်တစ်ဦးနဲ့ တစ်ဦးမတူပါဘူး။ ဆရာဆိုရင်တော့ မျက်စိနှစ်ဖက်စလုံးကို တစ်ပြိုင်နက် မကုသပါဘူး။ ဘာလို့ မျက်စိနှစ်ဖက်စလုံးကို တစ်ပြိုင်နက်မကုသသလဲ ဆိုတော့ ပထမဆုံးက ကူးစက်ပိုးဝင်မှုကိုကြောက်လို့ပါ။

မေး။ ။ မျက်သားတက်တာကို ချက်ချင်းမခွဲချင်သေးလို့ အချိန်ဆွဲထားရင်လည်းရပါသလား ဆရာ။
ဖြေ။ ။ မျက်သားတက်တာကို ဘယ်အချိန်ခွဲမလဲဆိုရင် အများအားဖြင့် ကြိုက်တဲ့အချိန်မှာ ခွဲလို့ရပါတယ်။ ဒီနှစ်မခွဲချင်သေးဘူး၊ နောက်နှစ်မှ ခွဲမယ်ဆိုရင်လည်း ရပါတယ်။ ဒါကြောင့် အေးအေးဆေးဆေးလုပ်လို့ရ တဲ့အခြေအနေဖြစ်လို့မျက်သားတက်တဲ့အခါ မျက်စိတစ်ဖက်ပြီးမှ တစ်ဖက်ကို ကုသမှုပေးလေ့ရှိတာပါ။ မျက်စိနှစ်ဖက်စလုံးကုသရင်း မတော်တဆ ပိုးဝင်သွားမှာစိုးလို့ တစ်ဖက်ပြီးမှတစ်ဖက်ကို ကုသမှုပေး တာဖြစ်ပါတယ်။

မေး။ ။ မျက်သားတက်တာကို ခွဲစိတ်ကုသမှုခံယူရမယ့် မျက်စိဆေးရုံကြီးက အသေးစား မျက်စိခွဲစိတ်ခန်းက ရော ရာနှုန်းပြည့်ပိုးကင်းစင်နေပါသလား ဆရာ။
ဖြေ။ ။ ဆရာတို့ဆေးရုံကြီးမှာရှိတဲ့ ခွဲစိတ်ခန်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်သလို တစ်နှစ်ကို နှစ်ခါ Incu­bation လုပ်ပါတယ်။ လုပ်ပေမယ့် ၁၀ဝ ရာခိုင်နှုန်း Infection Free (ရာနှုန်း ပြည့်ပိုးကင်စင်)ဖြစ်ပါတယ်လို့ မကြေညာနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ၁၀ဝရာခိုင်နှုန်း ပိုးကင်းစင်ပါတယ်လို့ ကြေညာနိုင်တဲ့ ဆေးရုံဆိုတာမရှိပါဘူး။ အမေရိကန်မှာတောင် မရှိပါဘူး။ ဒါကြောင့် ဆရာတို့က မျက်သားတက်တဲ့အခါ နှစ်ဖက်စလုံး ပြိုင်တူခွဲစိတ်ကုသမှု ပေးလေ့မရှိတာပါ။

မေး။ ။ မျက်သားတက်တာကို မျက်စိနှစ်ဖက်စလုံး တစ် ပြိုင်နက်ခွဲစိတ်ကုသမှုခံယူဖို့လိုတဲ့ အခြေအနေကော ရှိပါသလားဆရာ။
ဖြေ။ ။မျက်သားတက်တာကို မျက်စိနှစ်ဖက်စလုံး တစ်ပြိုင်နက်ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်တဲ့ အခြေအနေ တွေလည်း ရှိပါတယ်။ ဘယ်လိုအခြေအနေတွေလဲ ဆိုတော့ ချက်ချင်းကုသမှုမခံယူရင် မျက်စိကွယ်သွားနိုင်တဲ့ အခြေအနေ (ဥပမာ- ရေတိမ်ရောဂါ)ဆိုရင် တစ်ပြိုင်နက် ခွဲစိတ်ကုသသင့်ရင် ကုသရပါတယ်။ နောက်တစ်ခုက ကလေးတွေမှာ မျက်စိနှစ်ဖက်စလုံး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ရင် မေ့ဆေးပေးရလေ့ရှိ ပါတယ်။ အဲဒီအခါ တစ်ဖက်ပြီးမှ နောက်တစ်ဖက် ကုမယ်ဆိုရင် မေ့ဆေးဒဏ်ကို နှစ်ခါခံရနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ မေ့ဆေးရဲ့ ဆိုးကျိုးကို နှစ်ခါမခံရ အောင် တစ်ပြိုင်နက်ခွဲတာဖြစ်ပါတယ်။ မွေးရာပါ အတွင်းတိမ်ရောဂါရနေတဲ့ သုံးနှစ်သားအရွယ်ကလေး လေးကို အတွင်းတိမ် ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင် မေ့ဆေးဒဏ်ကို နှစ်ခါမခံစေချင်လို့ မျက်စိနှစ်ဖက်စလုံးတစ်ပြိုင်နက်ကုသမှုပေးလေ့ရှိပါတယ်။ မျက်စိ စွေတဲ့အခါမှာလည်း တစ်ဖက်တည်းမှာဖြစ်တဲ့ ကြွက်သားတွေကို ကုလို့မရရင် နှစ်ဖက်ကုရတယ်။ အဲဒီ အခါကျရင် လူနာကို တစ်ဖက်တည်းကိုကုရင် မျက်စိစွေတာမတည့်နိုင်ဘူး။ ဒါကြောင့် နှစ်ဖက်ကုမှဖြစ်မယ်ဆိုတာမျိုးရှင်းပြရပါတယ်။

မေး။ ။ မျက်သားတက်တာကြောင့် မျက်စိကွယ်နိုင်ပါသလား ဆရာ။
ဖြေ။ ။ မျက်သားတက်တာကြောင့် မျက်စိကွယ်နိုင်သလားဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် ပုံမှန်အနေနဲ့ ပြောရရင်တော့မကွယ်နိုင်ဘူးလို့ပဲ ပြောရမယ်။ ဒါပေမဲ့ ကွယ်တဲ့ Case တွေလည်း ရှိပါတယ်။ ဥပမာပြောရရင် မျက်သားတက်တာက သူငယ်အိမ်ကို အုပ်သွား ရင်တော့ ကွယ်နိုင်ပါတယ်။ သူငယ်အိမ်ကို အုပ်တဲ့ အထိ မဖြစ်ရင်တော့ မကွယ်နိုင်ပါဘူး။

မျက်သားတက်တာကို စောင့်ကြည့်လို့ရတယ် ဆိုတာက မျက်သား တစ်မီလီမီတာတိုးဖို့ဆိုရင် နှစ်နဲ့ ချီပြီး ကြာတတ်ပါတယ်။ တစ်နှစ်-နှစ်နှစ်လောက် အထိ ကြာတတ်ပါတယ်။

ဒါပေမဲ့ သူငယ်အိမ်အထိ အုပ်တဲ့ လူနာမျိုး တွေ့ဖူးလားဆိုရင် တွေ့ဖူးပါတယ်။ အများအားဖြင့် ရွာတွေမှာနေတဲ့လူတွေဖြစ်တာ များတယ်။ သူတို့က ဆရာဝန်ကို လက်လှမ်းမမီတဲ့နေရာမျိုးမှာနေပြီး ဆေးမကုသဖြစ်ရာက ဖြစ်တာရှိသလို တချို့ကျတော့ ဆရာဝန်ကို လက်လှမ်းမီပေမယ့် သူ့ဘာသာသူ ကျေနပ်နေတာမျိုး ရှိပါတယ်။ အဲဒီအခါကျတော့ ဆရာဝန်ကိုမပြဖြစ်တော့ဘဲ သူငယ်အိမ်အထိ ဖုံးသွားတာဖြစ်ပါတယ်။ ရွာတွေကို နယ်လှည့်ဆေးကုတုန်းက သူငယ်အိမ်အထိဖုံးပြီး မျက်သားတက်တဲ့ လူနာတွေကို တွေ့ဖူးပါတယ်။ ဒီလို သူငယ်အိမ်အထိ ဖုံးနေတဲ့ မျက်သားကို ခွာလိုက်ရင်ရပါတယ်။ ဒါပေမဲ့ ပြဿနာက မျက်သားခွာပြီးရင် အမာရွတ်ထင်ပြီး ကျန်ရစ်ခဲ့တယ်။ ဘယ်နေရာမဆို တစ်သျှူးတစ်ခုကို ခွာလိုက်ရင် အမာရွတ်ကျန်တာချည်းပဲ။ မျက်ကြည်လွှာပေါ်မှာ အမာရွတ်ထင်ရင် မျက်ကြည်လွှာကျုံ့ပြီး ဆလင်ဒါပါဝါ ရှိသွားတာလောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သူငယ်အိမ်မှာ အမာရွတ် ထင်ကျန်ခဲ့ရင် အမြင်အာရုံက ဝါးတားတားဖြစ်နေပါလိမ့်မယ်။ ဒီလို သူငယ်အိမ်အထိ ဖုံးအုပ်ပြီး မျက်သားတက်တဲ့ လူနာမျိုးကို ရန်ကုန်မှာဆိုရင် မတွေ့ရပါဘူး။

ဆရာ မော်လမြိုင်မှာ တာဝန်ကျတုန်းကဆိုရင် တွေ့ဖူးပါတယ်။ ဒီလိုဖြစ်တဲ့လူနာက ရှားတော့ ရှားပါတယ်။ မျက်သားတက်တာက မြို့နဲ့ အတော်အလှမ်းဝေးတဲ့ နေရာတွေမှာ နေတဲ့သူတွေ အဖြစ်များပါတယ်။ လူငယ်တွေမှာလည်းသိပ် ဖြစ်လေ့မရှိပါ ဘူး။ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ကျတော့ လူငယ်ဘဝကတည်းက ခရမ်းလွန် ရောင်ခြည်ထိတွေ့မှုကများလာပြီး အသက် ၆၀- ၇၀အရွယ် ရောက်လာတဲ့အခါမှာ မျက်သားတက်တာက မျက်စိသူငယ်အိမ်ကိုဖုံးတဲ့အထိ ဖြစ်လာပြီး မျက်စိကွယ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲလိုဖြစ်တာကိုလည်း သူတို့က အသက်ကြီး လို့ မျက်စိကွယ်တာပဲဆိုပြီး နေနေတတ်ကြတယ်။ ဒီလို အဆင့်အထိ ရောက်သွားပြီဆိုရင် မျက်သားကို ခွာလို့ရတယ်။

မျက်မြှေးအတွက်ကိုတော့ သန္ဓေသား အချင်း (Amniotic Membrane)ကိုယူပြီး ပြန်ကာရတယ်။ ဒါကလည်း ရုတ်တရက် မမြင်ရဘူး။ နှစ်ပတ်- သုံးပတ်လောက်ကြာမှ ပြန်မြင်ရတယ်။ ဒီလိုအဆင့်အထိ ဖြစ်သွားရင် ကုသရခက်ပါတယ်။ တစ်ခါတစ်ရံမှာ မျက်သားကို ခွာပြီးရင် အမာရွတ်ထင်ပြီး အမာရွတ်က ထူတာကြောင့် မမြင်ရပါဘူး။ အဲဒီအခါ မျက်ကြည်လွှာအစားထိုးတဲ့ အဆင့် (Corneal Graft)ကိုတောင် လုပ်ရတာမျိုး ရှိပါ တယ်။ ဒါပေမဲ့ ဒီလို အဆင့်မျိုးက သိပ်ရှားပါတယ်။ တစ်ထောင်မှာတစ်ယောက် ဒါမှမဟုတ် တစ်သောင်းမှာ တစ်ယောက်တောင် မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top