Healthy Life Ad
Q & A

ကျဉ်းဆေးဆိုတာ (Medicated Stick)

ဒေါက်တာတင့်ဆွေ

အရင်က FillyMor ဖြေရတာမောတဲ့ဆေးနဲ့ Uterus medicine သားအိမ်အားဆေး စတဲ့ခေါင်းစဉ်တွေနဲ့ ရေးထားပါတယ်။
မေးခွန်းနမူနာ ဒီဆေးလောက်များတာမရှိဘူး။

၁။ ဆရာ ကျွန်မ အိမ်ထောင်သက် ၂နှစ်နီးပါး ရှိပါပြီ။ ကျွန်မသူငယ်ချင်းက ဆေးရောင်းပါတယ်။ မိန်းမ အင်္ဂါကျဉ်းမြောင်းစေတယ်လို့ပြောပါတယ်ရှင့်။ ဝယ်သောက်သင့်လားလည်း သိချင်ပါတယ်။ ကလေးမရ နိုင်တာတွေများ ဖြစ်သွားမလားလို့လည်း စိုးရိမ်မိပါတယ် ဆေးမသောက်ဘဲရော မိန်းမအင်္ဂါကျဉ်းမြောင်း အောင်လုပ်တဲ့နည်းရှိလားလည်း သိချင်ပါနေတယ်ရှင်။ ကျေးဇူးတင်ပါတယ်ဆရာ ပြန်ဖြေပေးပါရှင်။

၂။ ဆရာ ကျွန်မ အသက် ၄၂ နှစ်ပါ။ ကလေး၂ ယောက် ရှိပါတယ်။ ကျွန်မ အဲဒီဆေးသောက်သင့်ပါသလား ပြောပေးပါနော်။

၃။ ဆရာ သမီးအသက်က ၂၆ ပါ။ အိမ်ထောင်ကျ တာ ၆ နှစ်ရှိပါပြီ။ ကလေးယူချင်ပါတယ်။ သမီး သားအိမ်အားနည်းတယ်လို့ ပြောတယ်ဆရာ။ သမီး ဘာဆေးသောက်ရမလဲဆရာ။ ကိုယ်ဝန်ရအောင် ဘာဆေးစားရမလဲဆရာ။
၄။ ဆရာရှင့် ကျွန်မအသက် ၂၄ နှစ်ပါ။ – – -နေတာ တနှစ်နီးပါးလောက်ရှိပါပြီ။ ခုနောက်ပိုင်း ပိုဆိုးလာပါတယ်။ ဘယ်လို ကုသရင် ပျောက်နိုင်ပါသလဲ။ ဘယ်လိုနေရင် ပိုဆိုးလာနိုင်ပါသလဲ။

၅။ ဆရာရှင့် success more ကထုတ်တဲ့ ဆေးတွေအကြောင်း သိချင်ပါတယ်။ ရာသီမမှန်ပါဘူး။အ ပျိုဖော်ဝင်ကတည်းကပါ။ တခါတလေ နှစ်လမှတခါ၊ သုံးလမှတခါလာပါတယ်။ ကျွန်မအသက်က ၃၅ ပါ။ ဒီဆေးကို စမ်းသောက်ကြည့်ချင်ပါတယ်။ ကျေးဇူးပြု၍ အကြုံပြုပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင် ရင်ဖြေပေပါရှင်။

၆။ ဆရာရှင့်၊ အခုခေတ်စားနေတဲ့ ဖီလီမောဆေးကကောင်း၊ မကောင်းသိချင်ပါတယ်ရှင်။ ဆေးဝါထောက် ခံချက် FDA ရပြီးသားပါရှင့်။ အမျိုးသမီးတွေတွက်ကောင်းတယ်ဆိုလို့ ကိုယ်တိုင်လည်း သောက်သုံးနေလို့ ရှင်းပြပေးပါရှင့်။

၇။ ဆရာရှင့်၊ သမီးတခုလောက်မေးချင်လို့ပါ မေးခွင့်ပြုပါဆရာ။ Online မှာကြော်ငြာထားတဲ့ ဖလီမောလ်၊ ကာဗာမောလ်ဆေးအကြောင်းလေးပါ ဆရာ။ အဲ့ဆေးတွေသောက်ရင် ကလေးရဖို့လွယ်ကူတယ်လို့ ကြားဖူးလို့ပါ။ သောက်သင့်၊ မသောက်သင့် သမီးကို ညွှန်ပြပေးပါဆရာ။ ဝယ်သောက်ဖို့ဆိုတာ လည်းမယုံရဲလို့ပါဆရာ။ သမီးကို ဖြေပေးပါနော်။ ဆရာ့ကို အားကိုးယုံကြည်လို့ မေးလိုက်မိတာပါ ဆရာ။

၈။ ဆရာရှင့်၊ အခု Online မှာ အိမ်ထောင်သည် တွေကြားနာမည်ကြီးနေတဲ့ Medicated stick ဆိုတဲ့ မိန်းမကိုယ်ကျဉ်းဆေးသုံးရင် ဘေးထွက်ဆိုးကျိုးတွေရှိလား သိချင်လို့ပါရှင့်။

၉။ ဆရာသမီးသူငယ်ချင်းက Fillymor ဆေးအကြောင်းလေးသိပါရစေ။ သမီးက ဆရာရေးထားတဲ့ ပို့စ်ကို ဖတ်ဖူးပါတယ်။ သူသိအောင်ပြောချင်လို့။

၁၀။ ဆရာရေ တခုလောက်မေးချင်လို့ပါ။ ရင်သွေး ရလိုသူများအတွက်ဆိုပြီးညွှန်းတဲ့ Fillymor (အမျိုးသား)၊ Covermor (အမျိုးသမီး) အဲဒီဆေးတွေက သောက်သုံးလို့ရပါလားရှင့်။ သောက်ရင် တခြားဘေးထွက်ဆိုးကျိုးတွေရော ရနိုင်ပါလားရှင်။

၁၁။ ဆရာရေ မင်္ဂလာပါ Online က ကြော်ငြာတဲ့ ဆေးတွေက စိတ်ချရပါသလားရှင်။ သမီးရဲ့ သူငယ်ချင်းက သားအိမ်ပြန်ကျဉ်းတဲ့ဆေး Fillymor ကို သောက်ချင်လို့ပါတဲ့။ ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်ပါသလား ဆရာ။

၁၂။ ဒီဆေးက မိန်းကလေးတွေတကယ်သောက် သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိ မရှိ သိချင်လို့ပါ။

၁၃။ ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုလဲရှင်။ သမီးက ၂၁နှစ်၊ အမျိုးသား က၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ်ခြစ်ဖူးပါ တယ်။

၁၄။ အခုခေတ်စားနေတဲ့ FillyMor ဆိုတဲ့ဆေးလေး အကြောင်း ဆရာ့ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ အဲ့ဒီ FillyMor မိန်းကလေး သားအိမ်ကို အားပြုပေးတယ်၊ ကလေးရအောင်လည်း စွမ်းဆောင်နိုင်တယ်၊ မိန်းကလေးဟော်မုန်းကိုလည်း ထိန်းညှိပေးတယ်ဆိုပြီး နာမည်ကြီးနေလို့လေ။ ထိုင်းက ပါရဂူ ဆရာဝန်ကြီးကိုယ်တိုင်ထုတ်လုပ်ပြီး မြန်မာနိုင်ငံ တရားဝင် ရောင်းချခွင့် လုပ်ငန်းလိုင်စင်လည်း ရှိထား တယ်လို့တော့ ပြောတယ်ဆရာ။ ဒါပေမဲ့ အဲ့ဒီဆေးရဲ့ အာနိသင်ကို ဆရာ့ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဖတ်ရတာတော့ မမောကြပါနဲ့။ မေးအားအလွန်ကောင်းလို့ ဖြေတာကိုမောလာပြီ။ ကြော်ငြာအားကောင်းလို့ပါ။ FillyMor ဟာ ကြော်ငြာဆေးသာ ဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ ၂ ဘာသာနဲ့ ဝက်ဘ်ဆိုက် လုပ်ထားတယ်။ ခိုင်မာပြီး အများလေးစားတဲ့ ဆေးသုတေသန မတွေ့ပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိ ကျကျမပြောနိုင်ပါ။ ဆေးကြော်ငြာ ဖေ့စ်ဘွတ်မှာ Fillymor FinFin – Vitamins/Supplements လို့ရေးထားတယ်။ FDA ခေါ်တဲ့ ဆေးဝါးနဲ့ အစားအသောက်အာဏာပိုင်အဖွဲ့ သတ် မှတ်စည်းကမ်းကနေလွတ်အောင် အဲလိုဗီတာမင်နဲ့ အာဟာရအမျိုးအစားလုပ်ကြတာဖြစ်တယ်။ အမေရိကားနဲ့ ဥရောပမှာလည်းအဲလိုပဲ။ ဆေးနဲ့ဆိုင်တာကို FDA ကို ဆေးဝါးစာရင်းအနေနဲ့ လျှောက်လွှာမတင်ပဲ ဖြည့်စွက်ကုန်လို့တင်ရင် လွတ်တယ်။

FillyMor ဟာ ကြော်ငြာဆေးသာဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ ၂ ဘာသာနဲ့ ဝက်ဘ်ဆိုက်လုပ်ထား တယ်။ ခိုင်မာပြီး အများလေးစားတဲ့ ဆေးသုတေသန မတွေ့ပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျ မပြောနိုင်ပါ။

မေးတာတွေကို ဖတ်ကြည့်ပါတယ်။ သားအိမ်၊ ရင်သား၊ မျိုးဥအိမ်၊ မိန်းမကိုယ်၊ မီးယပ်၊ ရာသီ၊ ဝက်ခြံ၊ တင်းတိတ်၊ အိပ်မပျော်၊ ဆဲလ်အသေ၊ အသားအရေ၊ သားသမီးမထွန်းကား၊ အဖြူဆင်း၊ အနံ့မကောင်း၊ အနာပေါက်၊ ယားယံ၊ သွေးပုပ်၊ ရေအိတ်၊ ကင်ဆာအကုန်လုံးကိုပျောက်စေလို့ ရောထားတာကို ဖတ်ရပါတယ်။ ဆေးကတော့ တမျိုးတည်းပါ။

ကလေးရဖို့မေးသူ၊ ရင်သားလှဖို့မေးသူ၊ သားအိမ်ကောင်းဖို့မေးသူ၊ ဒီသုံးမျိုးက တခြားစီ။ ဖြစ်စေတဲ့အကြောင်းတွေက တခြားစီ။

ဆေးတမယ်တည်းနဲ့ ပျောက်မယ်လို့ ဝယ်ချင်သူအမျိုးမျိုးကို လွတ်မထွက်အောင် ဆွဲဆောင်တာ သာဖြစ်ပါတယ်။ အခြေခံချင်းတူပါသလား။ အပျိုနဲ့ အအို၊ ရာသီမှန်သူနဲ့မမှန်သူ၊ ရိုးရိုးမွေးနဲ့ ခွဲမွေး၊ ပိန်သူနဲ့ဝသူ၊ ရောဂါရှိသူနဲ့မရှိသူ၊ အိမ်ထောင်ကျကာ စနဲ့သွေးဆုံးပြီး၊ ကလေးအမွေးများထားသူ၊ ကလေး ရချင်နေသူ၊ …. သူနဲ့ …. သူ။ … သူနဲ့ …. သူ။

ဆေးကြော်ငြာတွေထဲက မိန်းကလေးတွေဟာ ဆေးမထုတ်ခင်ကတည်းက လှနေတာဖြစ်ပါတယ်။ ဆေးအကြောင်းလည်း သိကြသူတွေမဟုတ်ပါ။ ဆေးကောင်း၊ မကောင်းပြောရင် ဆေးထဲမှာ ဘယ် လိုဓာတ်တွေပါသလဲ။ အဲဒါတွေရဲ့ ဆေးစွမ်းနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆေးသုတေသနနဲ့ လေ့လာ ဆန်းစစ်မှုအရသာ ပြောရတယ်။ သက်သေခံချက်ဆိုတာတွေ ကြော်ငြာဆေးတိုင်းမှာ ဘယ်သူက ကောင်းပါတယ်လို့ ပါတာကိုတော့ အတည်မယူသင့်ပါ။ ဘယ်မှာ ဝယ်ရမလဲ မမေးပါနဲ့။ သူများစီးပွား ရေးကိုတော့ ထိခိုက်စေချင်တာမဟုတ်ပါ။ အဲဒါလည်း ပူစရာမဟုတ်ပါ။ ဆရာဝန်ပြောတာထက် ကြော်ငြာကိုသာ နာခံသူတွေက အလွန်များပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top