Healthy Life Ad
Q & A

ကျန်းမာရေးစစ်ဆေးမှု မကြာခဏခံယူရင် ဆိုးကျိုးရှိလား . . .

မေး. ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်မကြာခဏခံယူတာကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါသလဲ ဆရာ။
ဦးမြင့်မောင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်နေလို့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်တယ်လို့ ထင်နေရင်မှားပါတယ်။ ဆရာဝန်တွေကလည်း လိုအပ်မှပဲ ခဏခဏစစ်ပါတယ်။ မလိုအပ်ဘဲနဲ့ မစစ်ပါဘူး။ အထွေထွေကျန်းမာရေးကို တစ်ခါစစ်လိုက်လို့ အဲဒီအထဲမှာ အဆီဓာတ်များနေတာကို တွေ့တယ်ဆိုရင် ဆေးကုတယ်၊ ဆေးပေးတယ်၊ လိုအပ်ရင် နောက်သုံးလနေမှ နောက်တစ်ခါ ပြန်စစ်ခိုင်းတာမျိုးတော့ ရှိနိုင်ပါတယ်။ ဓာတ်မှန်ထဲမှာ တီဘီရောဂါကို သံသယဖြစ်တယ်။ ဒီတော့ တီဘီဆေးပေးပြီး ကုသတယ်၊ လိုအပ်ရင် နောက်ထပ်တစ်ခါ ဓာတ်မှန်ပြန်ရိုက်ပြီး စစ်ဆေးတယ်။ အဲဒီလိုမျိုးတော့ ရှိပါတယ်။

စောင့်ကြည့်ရတဲ့ ရောဂါတွေရှိရင်တော့ မကြာခဏ ပြန်စစ်ဆေးရတာမျိုး ရှိပါတယ်။ ဥပမာ-အသည်းရောင် အသားဝါဘီပိုးရှိတဲ့သူမျိုးဆိုရင် ALT ဆိုတဲ့အင်ဇိုင်းကို ခြောက်လတစ်ခါလောက် စစ်ဆေးရပါတယ်။ မစစ်ရင် ဘီပိုးက ဘယ်အချိန်ကြွမယ်ဆိုတာကို မသိနိုင်ပါဘူး။ အဲဒီအတွက် မကြာခဏ စစ်ဆေးခိုင်းထားတာမျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ခံယူတဲ့အတွက် အကြမ်းဖျင်းအားဖြင့် ဘာဘေးထွက်ဆိုးကျိုးကိုမှ မရနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးရှိနိုင်တာကတော့ ဓာတ်မှန်ရိုက်တာပါ။ မကြာခဏ ဓာတ်မှန်ရိုက်တာကတော့ ဓာတ်ရောင်ခြည် အနည်းအကျဉ်းထိနိုင်ပါတယ်။ CT Scan က ပိုဆိုးပါတယ်။ ဒီလိုစစ်ဆေးမှုတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပေးဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top