Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် အင်ဆူလင် (၂)

ပါမောက္ခဦးကိုကို ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

ယခင်တစ်ပတ်မှအဆက်

မေး. အင်ဆူလင်ကို ဘယ်အချိန် ထိုးရမလဲဆရာ။

ဖြေ. အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက ရောဂါ စဖြစ်တာနဲ့ အင်ဆူလင်ဆေးထိုးရပါတယ်။

ဖြေ. အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ဆေးသောက်ပေမယ့် အင်ဆူလင် ထုတ်နိုင်စွမ်းမရှိတော့ တဲ့ အခြေအနေရောက်ရင် အင်ဆူလင်ဆေးထိုးရပါတယ်။ အဲဒီအခြေအနေဆိုတာ ဆေးသုံးမျိုး အမြင့်ဆုံးကို မှန်မှန်တိုက်တယ်၊ အစားအသောက်နဲ့လည်း ထိန်းတယ်.. ဒါကို သုံးလဆက်တိုက် တိုက်တဲ့အခါ ထိန်းလို့မရရင် ß-cell မရှိတော့ဘူးလို့ ယူဆပါတယ်။ ဒီလိုအခြေအနေဆိုရင် အင်ဆူလင် ထိုးရပါတယ်။

မေး. အင်ဆူလင်ကို ဘယ်လိုအခြေအနေမှာ ခဏပဲ ထိုးနှံရပါသလဲ ဆရာ။

ဖြေ. အမျိုးအစား(၂) ဆီးချိုရောဂါ ရှိသူတွေမှာ စိတ်ဖိစီးမှုဝင်သွား ရင် ဆီးချိုကို ထိန်းလို့မရဘူး။ အဲဒီအခါ အင်ဆူလင်ကို ခဏထိုးရပါတယ်။ ဘယ်လိုစိတ်ဖိစီးမှု ဝင်တဲ့ အခြေအနေလဲဆိုတော့-

1. -လေဖြတ်သွားတဲ့အခါ၊

2. – နှလုံးသွေးကြော ပိတ်သွားတဲ့အခါ၊

3. -ပြင်းပြင်းထန်ထန် ရောဂါပိုးဝင်တဲ့အခါ (Severe Infection) ၊

4. -ကိုယ်ဝန်ဆောင်ကာလတွေမှာ ရုတ်တရက် ဆီးချို ထောင်တက်သွားရင် အင်ဆူလင်ခဏ ထိုးရတယ်။

Emergency Diabetes Ketoacidosis နဲ့ ခွဲစိတ်ကုသတဲ့အခါတွေမှာ အင်ဆူလင် ခဏ ထိုးရတယ်။ ကိုယ်ဝန်ဆောင်ကာလ ဆီးချိုတက်တာကလွဲလို့ ကျန်တဲ့အခြေအနေတွေမှာ နောက်ပိုင်းကျရင် သောက်ဆေးပြောင်းပေးရတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တာကတော့ အင်ဆူလင် ထိုးဆေးကို ထိုးဖို့လိုအပ်ပါတယ်။ အမေရဲ့ သွေးထဲမှာ သွေးချို တက်နေတာကို ချနိုင်ဖို့ အမေကို ဆေးထိုးတာဖြစ်ပါတယ်။ အင်ဆူလင် ထိုးဆေးက အချင်းကို မဖြတ်တဲ့အတွက် ကလေးမှာ သကြားဓာတ်ပြုတ်ကျတာမျိုး မဖြစ်နိုင်လို့ အင်ဆူလင်ဆေးထိုးရတာဖြစ်ပါတယ်။

မေး. အင်ဆူလင်နဲ့ ပတ်သက်ပြီး လူတွေ ကြားထဲက အယူအဆမှားတွေရှိရင် အမှန်သိအောင် ပြောပေးပါဦး ဆရာ။

ဖြေ. ဆီးချိုရောဂါရှိသူတွေ အင်ဆူလင် ထိုးရတဲ့အခါ ရောဂါအဆင့်မြင့်နေပြီလို့ ထင်တတ်ကြပါတယ်။ ဒါက မှားယွင်းတဲ့ အယူအဆပါ။ အင်ဆူလင်ထိုးဆေး ကို မကြောက်ပါနဲ့။ အမျိုးအစား(၂) ဆီးချိုရောဂါကြောင့် နောက်ပိုင်း တစ်နေ့မှာ အင်ဆူလင်လိုတယ်။ ဒါကြောင့် အင်ဆူလင်ဆေးကိုပြန်ထိုးရတာ သဘာဝ အကျဆုံးပါပဲ.. ဒါကြောင့် အင်ဆူလင် ထိုးရတာ ကြောက်စရာ မဟုတ်ပါဘူး။ ဆရာတို့တစ်တွေ အခု ပေးနေတဲ့ဆေးတွေက အင်ဆူလင်ကို ပိုထွက်အောင် ဆဲလ်ထဲဝင်အောင် ပေးနေတဲ့ ဆေးတွေ ဖြစ်ပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါမှာ စားဆေးမတိုးတဲ့ အခြေအနေနဲ့ အမျိုးအစား(၁) ဆီးချိုရောဂါရှိရင် အင်ဆူလင်ဆေးကို အမြဲထိုးဖို့ လိုပါတယ်။

အင်ဆူလင်ဆေးထိုးရင် ပမာဏအတိုးအလျှော့ လုပ်ရပါတယ်။ လိုချင်တဲ့ သွေးချိုပမာဏ (Target) ရောက်အောင် အင်ဆူလင်ပမာဏကို အတိုးအလျှော့ လုပ်ပါတယ်။ ဥပမာ-မစားမီဆိုရင် ၁၅၀ လောက်မှာ လိုချင်တယ်ဆိုပါစို့… အဲဒီတော့ ၁၅၀ မရောက်မချင်း ဆေးအတိုးအလျှော့ လုပ်ပေးရပါတယ်။

မေး. အင်ဆူလင်ကို တစ်သက်လုံးထိုးရမယ့် လူနာ တွေက ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. အင်ဆူလင် တစ်သက်လုံးထိုးရမည့် လူနာတွေ အတွက် နံပါတ်တစ်က အင်ဆူလင်က ထိုးပြီး နာရီ ဝက်အတွင်း အစာစားရပါတယ်။ ဒီတော့ နေ့တိုင်း နံနက်တစ်ခါ၊ ညတစ်ခါ ဆရာဝန်ဆီသွားပြီး ဆေး ထိုးရတော့မယ်။ ကိုယ်စားချင်တဲ့ အချိန်မှာ ဆရာဝန် က မအားလို့ ဆေးမထိုးရသေးဘူးဆိုရင် အဆင်မပြေဘူး။ ဒါက တစ်သက်လုံး လုပ်နေရမယ့် အလုပ်ဖြစ် တာကြောင့် လူနာအဆင်ပြေအောင် လူနာတွေကို ဆေးထိုးနည်း သင်ပေးလိုက်ပါတယ်။ ဘယ်နေရာမှာ ထိုးရမယ်၊ ဘယ်လိုထိုးရမယ်၊ ဆေးကိုဘယ်လို စုပ်ရမယ်၊ အဲဒီပမာဏထက် ကျော်သွားရင် လျှော့လိုက်ပါ၊ အဲဒီပမာဏရောက်အောင်တိုးပါ. .စသဖြင့် လူနာတွေကို အကြာကြီးသင်ရပါတယ်။ ဒါကြောင့် အင်ဆူလင် ထိုးတော့မယ်ဆိုရင် ဘယ်လို ထိုးရမယ်ဆိုတာ လက်တွေ့သင်ပြတယ်..မတတ်ခင်စပ်ကြားမှာ လူနာကို ဆရာဝန်နဲ့အတူတူ ဆေးထိုးကျင့်ခိုင်းတယ်.. တတ်ပြီဆိုတာ သေချာမှ လွှတ်ပေးလိုက်ပါတယ်။ အဲဒီတော့ ဒီလူနာတွေက အင်ဆူလင်ကို ဘယ်လို ထိုးရမယ်.. ပမာဏ ဘယ်လောက်ထိုးရမယ်..အတိုး အလျှော့ ဘယ်လိုလုပ်ရမယ်စသဖြင့် အားလုံးသင် ပေးလိုက်ပါတယ်။

အင်ဆူလင် အကြည်ဆိုရင် အရေးပေါ် အခြေအနေမှာ သုံးရတာ များတယ်.. ၆နာရီ ကနေ ၈နာရီ အထိပဲခံပြီး တစ်နေ့ သုံးကြိမ်ထိုးရပါတယ်။
အင်ဆူလင်အနောက်က ညတစ်ကြိမ်ပဲ ထိုး ရပါတယ်။
အင်ဆူလင် အကြည်အနောက်အရောဆိုရင် တစ်နေ့ နှစ်ကြိမ်ထိုးရပါတယ်။
အရေးပေါ်ဆိုရင် အကြည်-အကြည်-အကြည်- အနောက်ဆိုပြီး ထိုးရပါတယ်။ ပုံမှန်အခြေ အနေမှာဆိုရင်တော့ အကြည်- အနောက်အတွဲကို နံနက် ညတစ်ကြိမ်စီ ထိုးရပါတယ်။

မေး. ဆီးချိုရောဂါနဲ့ အင်ဆူလင်အကြောင်း သိထားသင့်တဲ့ အချက်တွေရှိရင် မျှဝေပေးပါဦး ဆရာ။

ဖြေ. အဓိက မှတ်သားရမယ့် အချက်တွေကတော့-

(၁) ဆီးချိုသွေးချိုရောဂါဆိုတာ အင်ဆူလင် မရှိလို့ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ အင်ဆူလင် မရှိတဲ့သူတွေကို အင်ဆူလင်ပြန်ပေးတာက သဘာဝကျတဲ့နည်း ဖြစ်တာကြောင့် အင်ဆူလင်ဆေးထိုးရတာကို မကြောက်ပါနဲ့။

(၂) ပြည်သူလူထုက အင်ဆူလင် ထိုးရမှာကို ဘာကြောင့် ကြောက်ကြတာလဲဆိုတော့ ရောဂါအဆင့် အမြင့်ဆုံးလို့ ထင်ကြတယ်။ ဒါက အယူအဆ အမှားပါ။ အင်ဆူလင်ဆေးထိုးရင် သတိလစ်မယ် ထင်ကြတယ်။ ဒါကလည်း မဟုတ်ပါဘူး။ ကိုယ့်အတိုင်းအဆ ကို ကြည့်ပြီး အင်ဆူလင်ဆေးကို ပမာဏ အတိုးအလျှော့လုပ်၊ ချိန်ဆထိုးရတာကြောင့် ဒါက ကြောက်စရာ မဟုတ်ပါဘူး။

(၃) အင်ဆူလင် ထိုးခါနီးမှာ သွေးဖောက်ရတယ်။ ဖောက်ပြီးရတဲ့ဂဏန်းကို ကြည့်ပြီးမှ ဆေးထိုးရတယ်။ ဒီတော့အသားနာတယ်။ ဒါကြောင့် လူနာတွေက အင်ဆူလင်ကိုမထိုးချင်ကြပါဘူး။ အင်ဆူလင်ထိုးရတာက အပ်နဲ့ဆိုင်တာကြောင့်မှားပြီး ထိုးမိရင်သေမှာ စိုးရိမ်ကြတယ်။ ဒါတွေက မဟုတ်ပါဘူး။ တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီနဲ့ ဆေးထိုးရင် ဘာမှ မဖြစ်နိုင်ပါဘူး။

အင်ဆူလင်က ရေခဲသေတ္တာတို့၊ ရေခဲပုံးတို့ထဲ ထားရပါတယ်။ မီးပျက်ရင်၊ ရေခဲသေတ္တာမရှိရင် ဘယ်လိုလုပ်ရမလဲလို့ လူတွေစိုးရိမ်ကြပါတယ်။ အင်ဆူလင်ဆေးက ကောင်းတယ်ဆိုရင် နေရောင် တိုက် ရိုက်မထိတဲ့နေရာမှာ အဖုံးပိတ်ပြီး တစ်လတိတိ ထား လို့ရပါတယ်။
အင်ဆူလင်ထိုးတဲ့ အပ်ကလည်း အန္တရာယ် မရှိပါဘူး။ အသားထဲဝင်ဝင်၊ သွေးကြောထဲဝင်ဝင် အန္တရာယ်မပေးနိုင်ပါဘူး။
တချို့ဆရာဝန်တွေက အင်ဆူလင် ဆေးထိုးရ မှာကို စိုးရိမ်ပြီး အထူးကုဆရာဝန်တွေဆီ လွှတ်လေ့ ရှိပါတယ်။ ဗဟုသုတနည်းတဲ့ လူနာတွေကလည်း စိုးရိမ်နေကြပါတယ်။ အခု အင်ဆူလင်နဲ့ ပတ်သက်လို့ ကျန်းမာရေး ဟောပြောပွဲတွေ လိုက်ပြောနေပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင်ကလည်း အင်ဆူလင်ဆေး ထိုးရမှာနဲ့ပတ်သက်ပြီး ]အင်ဆူလင် ဆေးထိုးရတော့ မယ်နော်.. ထိုးရတော့မယ်နော်}ဆိုပြီး လူနာတွေကို မခြောက်ပါနဲ့၊ ဆရာဝန်တွေကိုယ်တိုင်လည်း မကြောက်ကြပါနဲ့။ အင်ဆူလင်ကို လိုအပ်ရင်ထိုးပါ။ အင်ဆူလင်ကို လက်မောင်းအပြင်ဘက်၊ ပေါင်အပြင်ဘက်၊ ချက် ပတ်ပတ်လည် သုံးနေရာမှာ ထိုးရပါတယ်။ လှည့်ထိုး ရပါတယ်။ လှည့်ထိုးရင် အန္တရာယ်ကို ရှောင်လို့ရပါတယ်။ လိုအပ်ရင်ထိုးပါလို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top