Healthy Life Ad
Life Style

အသက်မကြီးသေးပါ ဖေတို့ မေတို့ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မနေ့က ဆရာဝန်ကြီးတစ်ဦးဆီ အင်တာဗျူးသွားတော့ ကျွန်မနဲ့စကားပြောနေတုန်း လူနာရောက်လာတယ်ဆိုတာနဲ့ “သမီး ဒီမှာပဲထိုင်ပြီး ခဏစောင့်၊ အန်တီခဏကြည့်ပေးလိုက်ဦးမယ်” လို့ဆိုပါတယ်။

လူနာမဟုတ်ဘဲ လူနာရှင်အမျိုးသမီးတစ်ဦးက စစ်ဆေးထားတဲ့ အဖြေလွှာတွေနဲ့အတူ ဆေးခန်းထဲ ဝင်လာပါတယ်။ အဖြေတွေကို ကြည့်ရှူစစ်ဆေးပြီး ဆရာဝန်ကြီးက စိတ်မကောင်းစွာနဲ့-

“အသည်းကင်ဆာဖြစ်နေပြီ။ ဖြစ်တဲ့အမျိုးအစားကလည်း ပြန့်နှံ့နေပြီ”လို့ လူနာရှင်ကို ပြောပြပါတယ်။

ကုထုံးအမျိုးမျိုးကို အပြန်အလှန်ဆွေးနွေးပြီး နောက်ဆုံးမှာ လူနာရှင်က “အသည်းအစားထိုး ကုသလို့ရမလား ဆရာမ” လို့ မေးတော့-

“အခုဖြစ်တဲ့ အမျိုးအစားက အသည်းအစားထိုးလို့မလွယ်ဘူး”လို့ ဆရာမက ပြန်ဖြေတာနဲ့ လူနာရှင်က တရှုံ့ရှုံ့ငိုပါတော့တယ်။

“အမေက ခေါင်းမာတယ် ဆရာမရယ်၊ စီပိုးရှိတယ်လို့ စသိကတည်းက ဆေးကုဖို့ကျွန်မတို့ပြောခဲ့တာ၊ လက်မခံဘူး။ အသက်ကြီးနေပါပြီ၊ ငါ့အတွက် ငွေကုန်မခံနဲ့တော့လို့ပြောပြီး တွင်တွင်ငြင်းတယ်။ အဲဒီဆေးတွေ မသောက်ချင်ဘူးဆိုတာနဲ့ အမေစိတ်ချမ်းသာပါစေတော့ဆိုပြီး ကျွန်မတို့ ဒီအတိုင်းထားလိုက်တာ . . အခုတော့ . .”

ဆရာဝန်ကြီးက သင့်တော်တဲ့ အသည်းအထူးကု ဆရာဝန်နဲ့ပြဖို့လွှဲလိုက်တော့ လူနာရှင်က မျက်ရည်စက်လက်နဲ့ ထွက်သွားပါတော့တယ်။

တကယ်တော့ လူနာရှင်တွေက ငွေကြေးတတ်နိုင်သူတွေဖြစ်ပြီး မိခင်စီပိုးရှိမှန်းစသိတုန်းက (စီပိုးဆေးတွေက အခုလောက် ဈေးမသက်သာသေးပေမယ့်) ကုနိုင်တဲ့ အခြေအနေရှိသူတွေပါ။ မိခင်က အသက် ၇၀ ကျော်အရွယ်ဖြစ်ပြီး သားသမီးတွေ ဝန်ထုပ်ဝန်ပိုးပိမှာစိုးလို့ ဆေးကုသမှုကို လက်မခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိခင်၊ ဖခင်အများစုက သားသမီးတွေကို ပြုစုပျိုးထောင်ပြီး သူတို့အိုမင်းလာချိန်မှာ ကျန်းမာရေးပဲဖြစ်ဖြစ် ချို့တဲ့လာပေမယ့် သားသမီးဝန်ပိမှာစိုးတဲ့စိတ်နဲ့ အားလုံးကိုမျိုသိပ်ပစ်တတ်ကြပါတယ်။ နေကောင်းချင်ယောင် ဆောင်တတ်ကြပါတယ်။ အဆိုးဆုံးက အခုလို ရောဂါပိုးစောစောစီးစီးတွေ့ပါရက် (ကုနိုင်တဲ့ဆေး၊ ငွေကြေးလည်းရှိပါရက်)နဲ့ အသက်ကြီးပါပြီလေ၊ ငွေကုန်ပါတယ်လေဆိုပြီး ဆေးကုမခံတော့တာမျိုးပါပဲ။

သားသမီးကောင်းဆိုတာ မိဘကို အသက်ရှည်နိုင်သမျှ ရှည်စေချင်သလို ပြုစုစောင့်ရှောက်ခွင့်ရနိုင်သမျှ ပြုစုချင်တာပါ။ သက်ရှိထင်ရှားရှိသရွေ့ ကျွေးမွေးကန်တော့ခွင့်ရချင်တာပါ။ မိဘအသက်ရှင် ကျန်းမာနေသရွေ့ ဒါန၊ သီလ၊ ဘာဝနာ အားထုတ်စေချင်တာပါ။ ‘လူဆိုတာ မွေးလာပြီးရင် တစ်နေ့သေရမှာပဲ’ဆိုပေမယ့် တစ်ရက် အသက်ပိုရှင်တော့လည်း ကောင်းမှုကုသိုလ်တွေကို တိုးလုပ်နိုင်တာပဲ မဟုတ်လား။

ဒါကြောင့် သားသမီးအတွက် ဝန်ပိုတယ်၊ ငါအသက်ကြီးပြီ၊ လူပို စသဖြင့် ဘယ်တော့မှ မစဉ်းစားပါနဲ့လို့ ဖေတို့၊ မေတို့ . . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top