ဒေါက်တာတင့်ဆွေ
ဆရာ တစ်ခုလောက်မေးချင်လို့ပါ။ သမီးအသက် ၂၈ပါ။ ကိုယ်ဝန် ၂၉ ပတ်မြောက် စနေနေ့ညမှာ ဗိုက်ထဲက ကလေးလေးမလှုပ်တာ သတိထားမိပြီး တနင်္ဂနွေနေ့မှာ လစဉ်ပြနေကြဆေးခန်းကပိတ်လို့ တနင်္လာနေ့ဆေးခန်းဖွင့်တာနဲ့ ဖုန်းဆက်ပြီးသွားခဲ့ပါတယ်။ စမ်းသပ်ကြည့်လိုက်တော့ ကလေးကအသက် မရှိတော့ပါဘူး ဆရာ။ ပုံမှန်လစဉ်ပြနေကြအတိုင်းသွားခဲ့တာ တစ်ပတ်အတိပဲရှိသေးပြီး အဲ့တုန်းကအားလုံးက ပုံမှန်ပါပဲဆရာ (Low placenta ဖြစ်နေလို့ ခွဲမွေးရမယ်လို့တော့ လနုကတည်းက အမြဲပြောပါတယ်)။ တနင်္လာနေ့မှာ အသက်မရှိတော့တာသိတော့ အင်္ဂါနေ့မှာ ဗိုက်ခွဲပြီးကလေးထုတ်ပါတယ်။ ကလေးထုတ်တော့လဲ အပြစ်ပြောစရာရယ်လို့ ဘာမှမရှိပဲ Unexplained case နဲ့ပဲ အဆုံးသတ်သွားပါတယ်။ အဲ့လိုမျိုးအဖြစ်မျိုးတွေ တွေ့ခဲ့ဖူးပါသလား ဆရာ။ အရမ်းခံစားခဲ့ရပါတယ်။ နောက်ကလေးယူဖို့လည်း အရမ်းကြောက်နေပါတယ်။ ဘာလို့ ကလေးက ရုတ်တရက်သေသွားရတာလဲဆရာ။ သမီးအနေအထိုင်တွေများမှားခဲ့လို့လား။ ပုံမှန်အနေအထားထက်ကို ဂရုစိုက်ခဲ့ပါတယ်။ အလုပ်ကိုလည်းအသွားအပြန် တက္ကစီနဲ့ပဲသွားခဲ့တာပါ။
မေးတာကို အခုမှတွေ့တယ်။ ဆောရီး နှစ်ထပ်ကွမ်းဗျာ။ ဘယ်မှာနေတာလဲတော့ မသိပါ။ နောက်ကိုယ်ဝန်ကို ပိုဂရုစိုက်ရမယ်။ ဒါပေမဲ့ ကြိုတင်စိုးရိမ်စိတ် မထားသင့်ပါ။ အပြုသဘောဆောင်ပါ။ ဆရာ ဆုတောင်းပေးပါမယ်။
မမွေးသေးခင် ဗိုက်ထဲမှာတင် သန္ဓေသား သေဆုံးသွားတာကို Fetal Death လည်းခေါ်တယ်။ Fetal Demise လို့လည်းခေါ်တယ်။ သတ်မှတ်ချက်တွေအမျိုးမျိုးရှိတယ်။ “တမင်တကာ ပျက်စီးသွားအောင်လုပ်တာမဟုတ်ဘဲ ကိုယ်ဝန်ဘယ်လောက်ရင့်တာဖြစ်ဖြစ် မမွေးရသေးခင် သားအိမ်ထဲမှာတင် သန္ဓေသားဆုံးပါးတာမှန်သမျှကို ခေါ်တယ်”လို့ (အတ္တလန်တာ) အခြေစိုက် National Center for Health Statistics က အဓိပ္ပါယ်ဖွင့်ထားတယ်။
လေ့လာဖို့လွယ်အောင် Gestational age ကိုယ်ဝန်ဘယ်လောက်ရင့်တာလဲနဲ့ ခွဲခြားတယ်။ ၂၀ ပတ်ထက်စောတာကို Spontaneous abortion အလိုအလျှောက်ကိုယ်ဝန်ပျက်တယ်လို့ သတ်မှတ်ပြီး၊ ၂၀ ပတ် ကျော်တာကို Fetal demise ကလေးအထဲမှာသေခြင်းနဲ့ Stillbirth အသေမွေးခြင်းစာရင်းမှာထည့်တယ်။ တချို့က ကလေးအလေးချိန် ၃၅၀ gm နဲ့ ကျော်တာကို IUD သတ်မှတ်တယ်။
အမေရိကားမှာ ၂၀ဝ၅ စစ်တမ်းအရ မွေးဖွားမှု ၁၀ဝ၀ ရှိတိုင်း ၆ ဒသမ ၂ ယောက်က အသေမွေးဖြစ်တယ်။ တခြားနိုင်ငံတွေမှာ နေရာမတူရင် ကိန်းဂဏန်းမတူဘူး။ ၂၀ဝ၉ စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ ၂ ဒသမ ၆၄ သန်းရှိခဲ့တယ်။ နှုန်းပြောရရင် ၁၉၉၅ တုံးက ၂၂ ဒသမ ၁ ရာခိုင်နှုန်း ရှိရာကနေ ၂၀ဝ၉ မှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်း ကျလာတယ်။
အကြောင်းတရားတွေကို အကြမ်းဖျင်းပြောရရင် –
– ကိုယ်ဝန် ပဌမ (၃)လ = Genetic မျိုးဗီဇကြောင့်၊
– ကိုယ်ဝန် ဒုတိယ (၃)လ = Infection ရောဂါပိုးဝင်ခြင်းနဲ့
– ကိုယ်ဝန် တတိယ (၃)လ = Cord accident အချင်း-ချက်ကြိုးပြဿနာ။
– ပဌမ ၃လ (၁၃ ပတ်)ဟာ စိုးရိမ်ဖို့အလိုဆုံးဖြစ်တယ်။ ကိုယ်ဝန်နုစဉ်ပျက်ရတာရဲ့ အကြောင်းခံတွေထဲမှာ Chromosomal anomalies (ခရိုမိုဇုမ်း) မမှန်ခြင်းကြောင့် ၃၀-၆၀ရာခိုင်နှုန်းရှိတယ်။
ဒီချို့ယွင်းချက်ရှိနေပေမယ့် အရှင်မွေးလာတာကလည်း ၇ရာခိုင်နှုန်းရှိတယ်။
ဘာလို့ အထဲမှာ ကလေးသေရသလဲ အသေးစိတ်လေ့လာရင် –
၁။ Maternal မိခင်လောင်းချို့ယွင်းချက်၊
၂။ Fetal ကလေးချို့ယွင်းချက်၊
၃။ Placental pathology အချင်းပြဿနာတွေ၊
၄။ အန္တရာယ်ရှိနိုင်သူများ၊
၅။ အချင်းနဲ့ဆိုင်တာ ၆၄ ဒသမ ၉ ရာခိုင်နှုန်း၊ အကြောင်းရင်း မသိနိုင်တာ ၂၅-၆၀ ရာခိုင်နှုန်း။
မိခင်ဘက်က လိုအပ်ချက်တွေ –
– ကိုယ်ဝန် ၄၂ ပတ်ရှိတဲ့အထိ မမွေးသေးတာ၊
– Diabetes ဆီးချိုမထိန်းနိုင်တာ၊
– SLE ရောဂါ၊
– Antiphospholipid syndrome ရောဂါ၊
– Infection (Listeriosis, salmonella or toxoplasmosis) ရောဂါပိုးဝင်ခြင်း၊
– သွေးတိုး၊
– ကိုယ်ဝန်သွေးဆိပ်တက်ခြင်း၊
– သွေးရောဂါ၊
– age အသက်ကြီးတာ၊
– Rh disease သွေးအုပ်စု မတည့်ခြင်း၊ (မိခင်က Rh –ve၊ ကလေးက Rh +ve)
– သားအိမ်ကွဲခြင်း၊
– ထိခိုက်ဒဏ်ရာရခြင်းနဲ့ မိခင်လောင်းသေဆုံးခြင်း၊
– မွေးရာပါရောဂါ။
Fetal သန္ဓေသားရဲ့ လိုအပ်ချက်တွေ –
– အမြွှာ၊
– သားအိမ်ထဲဖွံ့ထွားမှု မကောင်းခြင်း၊
– မွေးရာပါ ချို့ယွင်းချက်၊
– မျိုးဗီဇတချို့ ပုံမှန်မဟုတ်ခြင်း၊
– ရောဂါပိုးဝင်ခြင်း၊
– သန္ဓေသားကိုယ်ရောင်ခြင်း။
Placental အချင်းရောဂါတွေ –
– Cord accident ချက်ကြိုးရောဂါ၊
– အတွင်းထဲမှာ အချင်းကွာခြင်း၊
– ရေအိတ် စောပီးပေါက်ခြင်း၊
– ရေအိတ်မှာ သွေးကြောပုံမှန်မဖြစ်ခြင်း၊
– သန္ဓေသားရဲ့သွေး မိခင်ရဲ့အချင်းထဲယိုထွက်ခြင်း၊
– အချင်းက လုံလောက်အောင်အလုပ် လုပ်မပေးနိုင်ခြင်း။
Risk factors အန္တရာယ်ရှိနိုင်သူများ
– မိခင်လောင်း အသက်သိပ်ကြီးနေခြင်း၊
– အရင်ကလည်း ကလေးအထဲမှာသေခဲ့ဖူးခြင်း၊
– မိခင်လောင်းက လေးမမွေးရသေးခင် သေဆုံးသွားခြင်း၊
– အရင်က အလေးချိန်မပြည့်တဲ့ကလေး၊ အချိန်စောမွေးဖူးခြင်း၊
– ကိုယ်ဝန်ပတ်ထက် ကလေးကပိုသေးနေခြင်း၊
– မိခင်လောင်း အလွန်ဝနေခြင်း၊ မိဘနှစ်ယောက်လုံး အသက်ကြီးကြခြင်း၊
လေ့လာမှုတခုရဲ့ ရလဒ်တွေ –
– ၃၇ပတ်အကုန်မှာ ကလေးသေတာ ၇၁% ရှိတယ်၊
– ၃၇% က ကလေးအသေဟာ ပျော့ဖတ်နေပြီ။ ဒီထဲက တဝက်မှာ မွေးရာပါချို့ယွင်းချက်ရှိတယ်။
– ၈၃% သော မွေးရာပါချို့ယွင်းချက်ရှိတဲ့ အသေမွေး ကလေးတွေဟာ ၃၇ပတ်မတိုင်ခင်မှာဖြစ်တယ်။ ကိုယ်ဝန်နုတာမှာ ပိုများတယ်။
– အချင်းသွေးကြောနဲ့ ချက်ကြိုးမှာ ရောဂါရှိခြင်း ၇၅ ဒသမ ၅ ရာခိုင်နှုန်း၊
– သားအိမ်နဲ့ အချင်းရောဂါကြောင့်ဖြစ်တာ ၆၁ ဒသမ ၁ရာခိုင်နှုန်း၊
– ရောဂါပိုးဝင်ခြင်း ၂ ဒသမ ၂ ရာခိုင်နှုန်း၊
– ထိခိုက်ဒဏ်ရာရခြင်း ၁ ဒသမ ၃ ရာခိုင်နှုန်း၊
– ၁၅ ဒသမ၂ရာခိုင်နှုန်း ဘာကြောင့်မှန်းမသိရဘူး။ သိပ်ဆိုးဝါးနေလို့ စမ်းသပ်လို့မရတာလည်းပါတယ်။
ကိုယ်ဝန် ပဌမ (၃) လအတွင်း –
– ခရိုမိုဇုမ်းမမှန်ခြင်း၊
– (ခရိုမိုဇုမ်း) မမှန်နှုန်းစစ်ဆေးခြင်း၊
ဒုတိယနဲ့ တတိယ (၃) လအတွင်းဖြစ်ရင် –
– ရောဂါပိုးဝင်ခြင်း၊
– ဆီးချိုမထိန်းနိုင်ခြင်း၊
– ကိုယ်ဝန်မဆောင်ခင်ကတည်းက ကိုယ်အလေးချိန်၊
– ချက်ကြိုးရောဂါ၊
– အချင်းရောဂါ၊
– အကြောင်းရင်း ရှာမတွေ့ခြင်း၊
ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ အများစုက ကောင်းကောင်းမွေးဖွားနိုင်တဲ့အထိ ရောက်နိုင်ကြပါတယ်။
ကျန်းမာကြတဲ့ လင်-မယားတွေဟာ အကာအကွယ်၊ အတားအဆီးမပါဘဲ လင်-မယားဆက်ဆံမှုပြုကြရင် ၂၅-၃၀% ကိုယ်ဝန် ရစေနိုင်တယ်။ အဲဒီထဲက ၇၀-၇၅%သော သန္ဓေသားဟာ သားအိမ်နံရံမှာ လာတွယ်နိုင်ကြတယ်။ သားအိမ်နံရံကို လာတွယ်နိုင်ကြတာတွေထဲက ၅၈%ကသာ ကိုယ်ဝန် ၂ ပတ်အဆင့်ကနေ ကျော်လွန်နိုင်တယ်။
ကျန်းမာကြတဲ့ လင်-မယားတွေဟာ အကာအကွယ်၊ အတားအဆီးမပါဘဲ လင်-မယားဆက်ဆံမှုပြုကြရင် ၂၅-၃၀% ကိုယ်ဝန်ရစေနိုင်တယ်။ အဲဒီထဲက ၇၀-၇၅%သော သန္ဓေသားဟာ သားအိမ်နံရံမှာ လာတွယ်နိုင်ကြတယ်။ သားအိမ်နံရံကို လာတွယ်နိုင်ကြတာတွေထဲက ၅၈%ကသာ ကိုယ်ဝန် ၂ ပတ်အဆင့်ကနေ ကျော်လွန်နိုင်တယ်။ ဒီနောက်မှာလည်း အခက်အခဲအတားအဆီးတွေ ရှိပြန်သေးတယ်။ ကိုယ်ဝန်ရှိဖို့ မျှော်လင့်နေသူတွေထဲမှာ ၇၅% က ကိုယ်ဝန်နုစဉ်မှာ ပျက်ကြတယ်။ အမေရိကားမှာ ကလေးအသေမွေးနဲ့ မွေးပြီးမကြာခင်သေတာ ၁% ရှိတယ်။ ဒီ့ထက်စောတဲ့ လေ့လာမှုမှာ ၂% ရှိခဲ့တယ်။ ကနေ့ ကာလမှာ ၁၀-၁၅% သောကိုယ်ဝန်တွေ မထင်မှတ်ဘဲ မဖျက်ဘဲ ပျက်ကြတယ်။
အထဲမှာ ကလေးမကောင်းတော့တာကို အပြင်ကစမ်းလို့မသေချာဘူး။ အာလ်ထွာဆောင်းနဲ့ ကလေး နှလုံးခုန်-မခုန်သာသိစေနိုင်တယ်။ ကလေးသေတာ ဖြစ်သွားပြီဆိုရင် –
– ကိုယ်ဝန်အတော်နုသေးတာအတွက် Laminaria insertion + Dilatation and evacuation သားအိမ်ဝချဲ့ပြီး ခြစ်ထုတ်နည်းကို သုံးတယ်။
– ၂၈ ပတ်အောက် ဖြစ်သွားတာကို Prostaglandin E2 (Dinoprostone)vaginal suppositories (10-20 mg q4-6h), Prostaglandin E1(Misoprostol) vaginally or orally(400 mcg q4-6h) နည်းဖြစ်ဖြစ် အရင်က ဗိုက်ခွဲဖူးထားသူတွေကို Oxytocin ပေးပြီး ကုသပေးတယ်။
– ၂၈ ပတ်ကျော်နေရင် ဆေးအဆ လျှော့ပေးတယ်။ ၂၈ ပတ်ကျော်နေပြီး အရင်က ဗိုက်မခွဲဖူးသူတွေကို Misoprostol (25 mcg q4-6h) ပေးပြီး သားအိမ်ဝပွင့်အောင် လုပ်ပေးတယ်။
– ဗိုက်ခွဲဖူးထားရင် Foley catheter သုံးပြီး သားအိမ်ဝ ကျယ်စေမယ်။ Oxytocin ပေးမယ်။
– American College of Obstetricians and Gynecologists ကတော့ ဗိုက်ခွဲဖူးသူတွေအတွက် Prostaglandin E2 eJY Misoprostol ဆေး အသုံးမခိုင်းဘူး။
– ၂၀ဝ၃ စစ်တမ်းအရ ၃-၆ လ ကိုယ်ဝန်အတွက် Misoprostol at 400 mcg vaginally every 6 hours က အကောင်းဆုံးနည်းလို့ တွေ့ရတယ်။
– နာတာသက်သာအောင် Morphine (မော်ဖိန်း)ဖြစ်ဖြစ် Dilaudid PCA သုံးနိုင်တယ်။ Epidural anesthesia ခါးထုံဆေးသွင်းနည်းလည်းသုံးတယ်။
တခါဖြစ်ဖူးသူ နောင်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
– တခါဖြစ်တိုင်း နောက်လည်းဖြစ်မယ်ဆိုတာ မဟုတ်ပါ။ မိဘလောင်းတွေ စိုးရိမ်စိတ်များနေမှာတော့ သေချာတယ်။ မိခင်ဘက်က ချို့ယွင်းချက်ဖြစ်နေရင် ကိုယ်ဝန်မယူခင်ကတည်းက ကုသပါ။ ဥပမာ ဆီးချိုကို ထိန်းပါ။ ကိုယ်အလေးချိန် ထိန်းပါ။ ဆေးလိပ်သောက်ရင် ဖြတ်ပါ။
– ချက်ကြိုးရောဂါ နောက်ကိုယ်ဝန်မှာ ထပ်မဖြစ်တတ်ပါ။
– ဘာလို့ဖြစ်သွားခဲ့မှန်း မသိတာအတွက် ပြောဖို့ခက်တယ်။
– မျိုးဗီဇစစ်ဆေးနည်းနဲ့ အာလ်ထွာဆောင်း အသေးစိတ်စစ်ဆေးခြင်း နည်းဆန်းတွေနဲ့စစ်ဆေးပါ။
– စစ်ဆေးနည်းတွေတော့ ဆန်းပြားတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ စောစောသိအောင်လုပ်တာကများတယ်။ လွယ်တာက Ultrasound ဖြစ်တယ်။
– အပတ်စဉ်(အာလ်ထွာဆောင်း) စစ်နေခြင်း၊
– ကလေးနှလုံးခုန်နှုန်း စစ်ဆေးခြင်း၊
– ကလေးလှုပ်ရှားမှုကို စစ်ဆေးနည်း၊
– ကိုယ်ဝန်ဆောင်နေတုံးမှာ ဓာတ်မှန်ရိုက်ရင် ခေါင်း၊ လက်၊ ခြေထောက်၊ ရင်ဘတ်မှာရိုက်ရင် အထဲကကိုယ်ဝန်ကို မသက်ရောက်စေပါ။ တကယ်လို့ ကိုယ်ဝန်ကိုတိုက်ရိုက် ရိုက်ရတာဆိုရင် ကလေးကို ချို့ယွင်းချက်ဖြစ်စေဖို့ အခွင့်အလမ်းများတာကိုတော့ ဖြစ်စေနိုင်တယ်။ ကလေးပျက်-သေရခြင်းအကြောင်းရင်းတွေထဲမှာ ဓာတ်မှန်ကို ထည့်ရေးမထားတာ တွေ့ပါလိမ့်မယ်။
– အစားထိုးထည့်ထားရတဲ့ ကနေ့ခေတ်သုံး သတ္တုပစ္စည်းကို ကိုယ်ထဲမှာ ကြာကြာထားလို့ရပါမယ်။ အမျိုးအစားနဲ့နေရာကိုလိုက်ပါတယ်။ အရိုးအထူးကုဆရာဝန်က အသေအချာပြောနိုင်ပါမယ်။ ယေဘုယျပြောရရင် ပြဿနာမဖြစ်သမျှ ထားလို့ရပါတယ်။ ထည့်ထားတိုင်း ပြန်ထုတ်ရမယ်လို့ သမားရိုးကျ မသတ်မှတ်ပါ။
– နောက်ထပ် ကိုယ်ဝန်ဆောင်တာ သိပ်စောင့်စရာမလိုပါ။ ၆ပတ်နေရင် OG နဲ့ စစ်ဆေးသင့်တယ်။ စိတ်ပိုင်း အဆင်သင့်ဖြစ်မှုကောင်းလာအောင် ၆ လစောင့်ရတာမျိုးလည်းရှိတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)