Healthy Life Ad
Health Tips

မိုးအကုန်ဆောင်းအကူးအဖြစ်များသည့် အအေးမိ၊ တုပ်ကွေးရောဂါ

ဒေါက်တာမီမီကို (မိသားစု ဆရာဝန်) နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မိုးအကုန်ဆောင်းအကူးမှာ ဘယ်လို ဝေဒနာတွေ အဓိက ဖြစ်တတ်ပါသလဲဆရာမ။
ဖြေ ။ မိုးအကုန်ဆောင်းအကူးမှာ အဓိကဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာက အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာတွေပါ။ အဲဒီအထဲမှာ အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါတို့ ဖြစ်တတ်ပါတယ်။ အအေးမိ တုပ်ကွေးဆိုပြီး လူတွေက တွဲခေါ်တတ်ပါတယ်။ အကြောင်းကတော့ ရောဂါဖြစ်ပွားကာစမှာ ရောဂါ လက္ခဏာတွေက တူညီတဲ့အတွက် ဖြစ်ပါတယ်။

မေး ။ အအေးမိတာ(Common cold)က ဘာကြောင့် ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ ။ အအေးမိတာက ဆောင်းရာသီမှာ ဖြစ်ပွားမှုများပါတယ်။ အဓိကအနေနဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်တာ ကြောင့်ဖြစ်တတ်ပြီး အဓိကအားဖြင့် rhinovirus ကြောင့် ဖြစ်တတ်ပါတယ်။
အအေးမိဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီး ၁-၄ရက် အကြာမှာ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လေ့ရှိပါတယ်။ အရင်ဆုံး နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ပူလာပြီး နှာစေးတာ၊ နှာရည်ယိုတာတွေသာမကမောပန်းလာပါတယ်၊ နေလို့ထိုင်လို့ မကောင်းဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ကူးစက်မြန်တဲ့ အခြေအနေ ဖြစ်ပြီး တခြားသူတွေကို ကူးစက်လွယ်ပါတယ်။ ဒါကြောင့် နေအိမ်မှာပဲ အနားယူနေသင့်ပါတယ်။
ပထမရက်အနည်းငယ်မှာ နှာရည်ယိုပြီး တဖြည်းဖြည်း နှာရည်အရည်ကြည်ကနေ ပြစ်လာပါလိမ့်မယ်။ နောက်တော့ ချောင်းဆိုးတတ်ပါတယ်။ အအေးမိတဲ့အခါ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ ခေါင်းကိုက်တာနဲ့ ဖျားတာတို့ ဖြစ်တတ်ပြီး အဲဒီလက္ခဏာတွေကို တစ်ပတ်ခန့် ခံစားရနိုင်ပါတယ်။

မေး ။ အအေးမိတာ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆရာမ။
ဖြေ ။ အအေးမိခြင်းအတွက် ကာကွယ်ဆေး မရှိပါဘူး။ အအေးမိရတဲ့ အကြောင်းရင်းက ကိုယ်ခံအားစနစ် ကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံး ကာကွယ်နည်းက လက်ဆေးဖို့ ဖြစ်ပါတယ်။ မျက်စိ၊ နှာခေါင်းနဲ့ ပါး စပ်တွေကို လက်မဆေးဘဲ ထိကိုင်တာ မလုပ်ပါနဲ့။ နာမကျန်းဖြစ်နေသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
ရောဂါဖြစ်ကာစမှာ နွေးနွေးထွေးထွေးအနားယူပေးရပါမယ်။ ရေများများသောက်ပေးရပါမယ်။ အဖျားရှိရင် ပါရာစီတမောဆေးပြား သောက်နိုင်ပါတယ်။

မေး ။ အအေးမိတာကဘယ်အရွယ်တွေမှာ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ ။ အအေးမိတာက မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ကူးစက်ဝေဒနာဖြစ်ပြီး လူကြီးတွေမှာ တစ်နှစ်ဆိုရင် နှစ် ကြိမ်ကနေ လေးကြိမ်အထိ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ပိုပြီး ဖြစ်လွယ်ပါတယ်။ အခုမှပေါ်လာတဲ့ ရောဂါ မဟုတ်ပါဘူး။
အအေးမိတာက သာမန်အားဖြင့် မပြင်းထန်ပါဘူး။ အလိုအလျောက် တစ်ပတ်အတွင်း သက်သာ ပျောက်ကင်းပါတယ်။ တစ်ခါတစ်ရံမှာ နောက်ဆက်တွဲ ရှုပ်ထွေးတဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူ၊ အသက်ငယ်လွန်းသူနဲ့ ခုခံအားနည်းတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးငယ်မှာ ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပါတယ်။ ဥပမာ- နားအတွင်း ပိုးဝင်ရောက်တာ ဖြစ်ပါတယ်။ လူကြီးတွေမှာ နှာလိုဏ်မြှေးရောင်တာ ဖြစ်တတ်ပါတယ်။

မေး ။ တုပ်ကွေးရောဂါက အအေးမိဝေဒနာနဲ့ ဘယ်လို ကွာခြားမှုရှိသလဲ ဆရာမ။
ဖြေ ။ တုပ်ကွေးရောဂါလက္ခဏာက စဖြစ်ကာစမှာ အအေးမိဝေဒနာလက္ခဏာတွေနဲ့ တူပါတယ်။ ဒါပေမဲ့ တုပ်ကွေးရောဂါလက္ခဏာတွေထက်စာရင် ပိုမိုပြင်းထန်လေ့ရှိပြီး ပိုမိုလျင်မြန်ပါတယ်။ ရောဂါလက္ခဏာ တွေမှာ လည်ချောင်းနာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာနဲ့ ချောင်းဆိုးတာတို့ ရှိပါတယ်။ ခါးနာတာနဲ့ ချမ်းတုန်တာတွေလည်း ဖြစ်လေ့ရှိပါတယ်။
တုပ်ကွေးရောဂါလက္ခဏာတွေက ၂-၅ ရက် အတွင်း သက်သာလေ့ရှိပါတယ်။ နောက်ဆက်တွဲ ရှုပ်ထွေးတဲ့ ပြဿနာအနေနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေ၊ အသက်ငယ်သူတွေ၊ နှလုံးနဲ့ အဆုတ်ပြဿနာရှိသူတွေမှာ သတိပြုဖို့လိုအပ်ပါတယ်။ တကယ်လို့ အသက်ရှူရတာ ခက်ခဲလာရင် ဆရာဝန်နဲ့ပြသရပါမယ်။ အဖျားရက် အနည်းငယ် ရှည်လာရင်လည်း ဆရာဝန်ထံ ပြပေးပါ။

မေး ။ တုပ်ကွေးရောဂါကို ဘယ်လို ကာကွယ်ရမလဲ ဆရာမ။
ဖြေ ။

တုပ်ကွေးအတွက် ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကာကွယ်နည်းက မကြာခဏလက်ဆေးပေးတာပဲဖြစ်ပါတယ်။ လက်ဆေးတဲ့အခါ ဆပ် ပြာရည်နွေးနွေးနဲ့ အနည်းဆုံး စက္ကန့် ၂၀ လောက် ပွတ်တိုက်ဆေးကြောပေးရင် လက်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

မေး ။ အအေးမိတာနဲ့ တုပ်ကွေးကို ဘယ်လို ခွဲခြားနိုင်သလဲဆရာမ။
ဖြေ ။ အအေးမိတာနဲ့ တုပ်ကွေးရောဂါလက္ခဏာက တူပေမယ့် ကွာခြားချက်တော့ ရှိပါတယ်။ အအေးမိရင် ခန္ဓာကိုယ်အပူချိန် ၁၀၁ ဒီဂရီထက် မပိုတတ်ပါဘူး။ တုပ်ကွေးဖြစ်ရင် ဖျားတာနဲ့ စတတ်ပြီး မလှုပ်ချင်၊ မကိုင်ချင် ပိုပြီး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲညောင်းညာတာက တုပ်ကွေးရောဂါမှာ ပိုဖြစ်ပါတယ်။

မေး ။ အအေးမိ၊ တုပ်ကွေးဖြစ်ရင် ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပါသလဲ ဆရာမ။
ဖြေ ။ အအေးမိတာပဲဖြစ်ဖြစ်၊ တုပ်ကွေးဖြစ်တာပဲ ဖြစ်ဖြစ် သာမန်အားဖြင့် အလိုအလျောက် ပျောက်ကင်း ပါတယ်။ အရေးကြီးတဲ့ အခြေအနေတွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။

အဖျားမကျခြင်း
သုံးရက်ကြာတဲ့တိုင်အောင် အဖျားမကျရင် ဘက်တီးရီးယားရောဂါပိုး ဝင်ရောက်လာနိုင်တာကို သတိပြုပါ။

လည်ချောင်းနာခြင်း
အအေးမိတာနဲ့ တုပ်ကွေးရောဂါနှစ်မျိုးစလုံးမှာ လည်ချောင်းနာကျင်ပြီး မသက်မသာ ခံစားရတတ်ပါတယ်။ တကယ်လို့ လည်ချောင်းက အလွန်အမင်း နာကျင်ပြီး အစာမျိုချရခက်ခဲနေရင် Strepလည်ချောင်းနာရောဂါဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အဆက်မပြတ် ချောင်းဆိုးခြင်း
နှစ်ပတ်ကျော်ကြာတဲ့တိုင်အောင်ချောင်းဆိုးနေရင် လေပြွန်ရောင်ရမ်းတာ ဖြစ်နိုင်လို့ ပဋိဇီဝပိုးသတ် ဆေးသောက်ဖို့ လိုနိုင်တဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။

နှာခေါင်းပိတ်ပြီး ခေါင်းကိုက်ခြင်း
နှာခေါင်းပိတ်ပြီး ခေါင်းကိုက်တာ၊ မျက်ရိုးကိုက်တာတွေ ဖြစ်ရင် ဘက်တီးရီးယားပိုးဝင်ရောက်နိုင်လို့ သတိပြုရပါမယ်။

အရေးပေါ် အခြေအနေများ
လူကြီးတွေမှာ တုပ်ကွေးဖြစ်ရင် အရေးပေါ်အခြေအနေတွေ ဖြစ်တတ်ပါတယ်။ အဲဒါတွေကတော့ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန် ရင်ဘတ်အောင့်တာ၊ အသက်ရှူရ ခက်ခဲတာ၊ ခေါင်း မထူနိုင်လောက်အောင် မူးတာ၊ စိတ်ရှုပ်ထွေးတာ၊ အဆက်မပြတ် အော့အန်တာတို့ ဖြစ်ပါတယ်။

ကလေးတွေမှာ တုပ်ကွေးဖြစ်တဲ့အခါ အသက်ရှူရခက်ခဲတာ၊ အသက်ရှူမြန်တာ၊ အရေပြား ပြာနှမ်းလာတာ၊ အရည်လုံလောက်စွာ မသောက်နိုင်တာ၊ နုံးခွေတာ၊ သာမန်တုံ့ပြန်မှုမျိုး မပြုလုပ်နိုင်တာ၊ ယောက်ယက်ခတ်ပြီး စိတ်မသက်မသာ ခံစားရတာ၊ အနီကွက်တွေထွက်ပြီး ဖျားနာတာစတဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်တတ်ပါတယ်။
ဒီလိုအခြေအနေတွေမှာ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြဖို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top