Healthy Life Ad
Women

အပင်းလို့ခေါ်တဲ့ဟာ (Ovarian dermoid cyst)

ဒေါက်တာတင့်ဆွေ

တစ်ခါတုံးက သတင်းတခုကလည်း ဖေ့စ်ဘွတ်မှာ လူကြည့်များတယ်။ ဓနုဖြူတွင် လူဥ ဥသည်တဲ့။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လူဥခွဲစိတ်မွေးဖွား . . . ။ မနက်ဆယ်နာရီလောက်၊ ဓနုဖြူ၊ ကျွဲလမ်းကုန်းရွာက . . . ။ အဲဒါမဟုတ်ကြောင်း ရေးလိုက်ပါသေးတယ်။ မျိုးဥအိမ်အလုံးသာ ဖြစ်ပါတယ်။ ဒီတစ်ခါ မြိတ်မှာတဲ့။ အပင်းလို့ ထင်ပါသတဲ့။

အမျိုးသမီးတိုင်းမှာ မျိုးဥအိမ်တစ်စုံစီပါတယ်။ အဲဒါကနေ အလုံး (အကျိတ်) ဖြစ်တာကို Ovarian cysts လို့ခေါ်တယ်။ သေးသေးလေးကနေ ကိုယ်ဝန်မွေးကာနီးအရွယ်အထိ ကြီးနိုင်တယ်။ အရွယ်ကောင်းတွေမှာ ဖြစ်တာများတယ်။ သွေးဆုံးပြီးသူတွေ ၁၅ရာ ခိုင်နှုန်းသာဖြစ်နိုင်တယ်။

မျိုးဥအိမ်အိတ်တွေက အမျိုးမျိုးအစားစားရှိတယ်။ အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်ပြစ်ပြစ်ဖြစ်မယ်။ အဆီတွေပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေပါနေမယ် …

မျိုးဥအိမ်အိတ်တွေက အမျိုးမျိုးအစားစားရှိတယ်။ အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်ပြစ်ပြစ်ဖြစ်မယ်။ အဆီတွေပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေပါနေမယ်။ Dermoid cyst ဒါးမွိုက်-ဆစ် ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာမဟုတ်ပါ။ အရေပြားမှာလည်း ဒါမျိုးဖြစ်တတ်တယ်။ မျက်နှာ၊ လည်ပင်းနဲ့ နောက်ကျော။

မျိုးဥအိမ်အရည်အိတ်အမျိုးမျိုး

– Graafian or follicular cysts အမျိုးအစားက သေးတယ်။ အလိုလိုပျောက်သွားနိုင်တယ်။ ဗိုက်စူးပြီး နာတတ်တယ်။ ၂၅ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာဖြစ်တယ်။ တစ်ဖက်တည်းမှာဖြစ်တာများတယ်။

– Corpus LuteumCysts ဆိုတာ လစဉ်မျိုးဥထွက်အပြီးမှာဖြစ်တယ်။ LH ကြောင့်ဖြစ်ရတယ်။ အမှန်ကပုံမှန်ဖြစ်ရမယ့် ဖော်လီကယ်ဖြစ်တာပါ။ ဒီဟာကနေ ပရိုဂျက်စတီရုန်းဟော်မုန်းထုတ်ပေးတယ်။ ကိုယ်ဝန်ဖြစ်မလာရင် ပျက်စီးသွားမယ်။ အဲဒါမျိုးဖြစ်မလာရင် အလုံးလည်းမဖြစ်၊ ဟော်မုန်းလည်းမထုတ်ပါ။ ဆက်ကြီးလာခဲ့ရင် ဗိုက်နာမယ်။ ပေါက်ထွက်ရင်စူးရှပြီးနာမယ်။ ဒီဟော်မုန်းက မျိုးဥထွက်ဖို့လုပ်ပေးတယ်။ (ကောပတ်းစ်လူတီယမ်) ဖြစ်ဖို့လုပ်ပေးတယ်။ အကျိတ်ဖြစ်ရင်တော့ ဆက်ကြီးပြီး အဲဒါမျိုးမလုပ်နိုင်ပါ။

– Hemorrhagic cysts သွေးပြည့်နေတဲ့ မျိုးဥအိမ်အကျိတ်ပေါက်ထွက်ရင် ဗိုက်အောက်ပိုင်းကနာမယ်။ အကျိတ်ထဲမှာ သွေးအရည်ရောအခံပါရှိနိုင်တယ်။

– Chocolate Cysts ချောကလက်ဆစ်စ်ဆိုတာကို Endometrial Cysts လို့လည်းခေါ်တယ်။ Endometriosis သားအိမ်ရောဂါရှိနေတဲ့ အမျိုးသမီးတွေမှာဖြစ်တယ်။ သားအိမ်(တစ်ရှူး)တွေက သားအိမ်မဟုတ်တဲ့နေရာတွေမှာ ရောက်နေတဲ့ရောဂါဖြစ်တယ်။ ရာသီဖြစ်စဉ်မှာ ပထမလဝက်မှာ တက်လာတဲ့ အီစထိုဂျင်ကနေသက်ရောက်တယ်။ သွေးတွေကကြာတော့ အရောင်ပြောင်းရာကနေ ချောကလက်ရောင်ဖြစ်လာတယ်။ ဗီတာမင်ဒီနည်းသူတွေမှာဖြစ်တယ်။ ပရိုဂျက်စတီရုန်း နည်းနေမယ်။

– Cystadenoma အကျိတ်က တစ်မျိုးဖြစ်တယ်။ မျိုးဥအိမ်အပြင်လွှာကနေဖြစ်တယ်။ ၃၀ စင်တီမီတာအထိ ကြီးနိုင်တယ်။

– Multiple cysts အကျိတ်တွေ အများကြီးလည်း ရှိနိုင်တယ်။ Polycystic ovaries လို့ခေါ်တယ်။ Polycystic Ovary Syndrome (PCOS) ရောဂါနဲ့မတူပါ။

– Polycystic Ovary Syndrome (PCOS) ဆိုတာ မျိုးဥအိမ်မှာ အလုံးအကျိတ်လေးတွေ အများကြီးရှိနေတာဖြစ်တယ်။ ရာသီမမှန်တာနဲ့ ကျား-ဟော်မုန်းများနေတာ ၂ခုဖြစ်တယ်။ ကျား-ဟော်မုန်းများနေသူမှာ ဝက်ခြံပေါက်မယ်၊ အမွှေးပေါက်များမယ်၊ လူဝမယ်၊ အဆီပြန်မယ်၊ ကလေးမရဖြစ်မယ်။ မြန်မာအမျိုးသမီးတွေ အဖြစ်မနည်းပါ။ မကြာမကြာ မေးကြတယ်။

– Ovarian cancer မျိုးဥအိမ်ကင်ဆာဆိုတာ အသက်ကြီးမှသာဖြစ်တယ်။ ပျမ်းမျှ ၆၃ နှစ်အရွယ်။ လူကဝရင် ပိုဖြစ်တယ်။ ကလေးမမွေးဖူးသူတွေမှာ ပိုဖြစ်တယ်။

– Dermoid cysts (ဒါးမွိုက်ဆစ်စ်) ဆိုတာ မွေးကတည်းက ပါလာတာဖြစ်တယ်။ သန္ဓေသားဖြစ်စဉ်မှာ အရေပြားက တခြားနေရာထဲမှာ ပိတ်မိနေခဲ့လို့ဖြစ်ရတယ်။ တဖြေးဖြေးကြီးကြီးလာတယ်။ ၁၅ စင်တီမီတာလောက်အထိ ကြီးနိုင်တယ်။ ရောင်ရင်တော့ နာမယ်။ အထဲမှာ အသေအချာစစ်ကြည့်ရင် ဆံပင်၊ အမွှေး၊ အရည်၊ သွား၊ အရိုး၊ အရေပြား၊ အာရုံကြော၊ ချွေးထွက်အိတ်စတာတွေ ပါနေနိုင်တယ်။ ဖြေးဖြေးချင်းကြီးလာတယ်။ အပင်းလို့ခေါ်ကြတယ်။ ၄နေရာမှာဖြစ်တယ်။

(က) Dermoid cysts in the brain ဦးနှောက်မှာဖြစ်တယ်။ အဖြစ်တော့ မများပါ။

(ခ) Dermoid cysts in the nasal sinuses နှာခေါင်း-ဆိုင်းနပ်စ်မှာဖြစ်မယ်။ ခွဲထုတ်ရတာခက်တယ်။ ရှားတယ်။

(ဂ) Dermoid cysts of the spinal cord ခါးရိုးဆစ်ထဲက အာရုံကြောမှာဖြစ်တာ။ ပိုးဝင်တတ်တယ်။

(ဃ) Ovarian dermoid cysts မျိုးဥအိမ်မှာဖြစ်တယ်။ မျိုးပွားနိုင်တဲ့အရွယ်တွေမှာဖြစ်တယ်။ အညှာနေရာလိမ်လို့ နာနိုင်တယ်။ ပိုးဝင်လို့ရောင်နိုင်တယ်။ ပေါက်ထွက်နိုင်တယ်။ ခွဲထုတ်ရမယ်။ ချက်ချင်းခွဲရတတ်တယ်။ ဒီရောဂါကို ခွဲထုတ်လို့ အထဲကဟာတွေကြည့်ပြီး အပင်းလို့ဗမာတွေကပြောကြတယ်။ ရှားရှားပါးပါးကင်ဆာဖြစ်နိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top